လမ်းပြပါအုံး အလင်းရောင်ရယ်
မေလ မီးပျက်တာ နေရာမရွေးဘူးဆိုတာ သိလိုက်ရတယ်…
နိုင်ငံတော်သမ္မတ အကြံပေး ဦးမြင့် ပါဝင်တဲ့ ၊The Bottom Billion စာအုပ်ကို ရေးတဲ့ Professor Paul Collier နဲ့  အခွန်ပြုပြင်ပြောင်းလဲရေးဆိုင်ရာ Professor Robert Conrad တို့ ဟောပြောတဲ့ “Reform strategy and People-centered development” (25.5.2012) နေ့ ဟောပြောဆွေးနွေးပွဲမှာ မီးနှစ်ကြိမ်တိတိ ပျက်သွားပါကြောင်း… ။
ကိုယ်တို့ မြန်မာပြည်လာပြီး တရားဟောတဲ့ ဒီနိုင်ငံခြားသားကြီးနှစ်ယောက်တော့ ဟောပြောနေတုန်း မီးပျက်လို့ စိတ်ထဲ ဘယ်လိုနေမယ်မှန်းမသိ… ကျွန်မစိတ်ထဲကတော့ ကျလိ ကျလိနဲ့ …
သူတို့ ပြောသည့် People-centered development အစား Infrastructure Based development ကို ပဲ အရင်ဆွေးနွေးလိုသည့်စိတ်တွေက တဖွားဖွား ဖြစ်မိခဲ့သည်။
ကျွန်မစိတ်ထင် Topic ကြီးက တအားလေးသွားလို့ မီးအား မနိုင်လို့ များလား…
အမှန်အတိုင်း ၀န်ခံရရင် ကျွန်မကိုယ်တိုင်လည်း ဒီ Topic ကြီးကို သိပ်နားမလည်ပါ..
Paul Collier ရေးတဲ့ (The Bottom Billion) ဆိုတာကို ဦးဟန်ထွန်းက အောက်ခြေသန်းတစ်ထောင်ဆိုပြီး မြန်မာဘာသာပြန်ထားပါတယ်။
ကျွန်မမှာ ဘယ်လောက်ထိ ဆိုးလဲဆိုရင် စာအုပ်တော့ဝယ်ထားပြီး မအားဘူးအကြောင်းပြပြီး အဲဒီ့စာအုပ်အခုထိ မဖတ်ရသေး..။
ဟောပြောပွဲခေါင်းစဉ်က ပြည်သူ့ အုပ်ချုပ်ရေးနဲ့ ဆိုင်တဲ့ အခွန်အကြောင်းအရာများပါလို့ Public Adminstration အကြောင်းအရာများ ဖြစ်သည်မို့  (MPA) များ အတွက် ပိုပြီး အဆင်ပြေနိုင်တဲ့ အကြောင်းအရာမျိုးပါ..
သို့ ပေမယ့် သိထားသင့်သည်မို့ သွားနားထောင်မိသည်ကိုး..(အဲသည်လို သွားကဲမိတာ)
နိုင်ငံတကာအဆင့် စင်ကာပူကို အတုယူနေတဲ့ ကျွန်မတို့ နိုင်ငံမှာ…အင်း…အရင်ကလို မီးပျက်တာက မဆန်းပါ
စင်ကာပူဟာ သံယံဇာတ မရှိလို့ People centered development ဆိုရင် ဒါတွေကိုဖြည့်ဆည်းဖို့ 
ကိုယ်တို့ ဆီမှာ အရင်ဆုံး အခြေခံအဆောက်အအုံ Foundation တွေဖြစ်တဲ့ လမ်းတံတား ရေမီးတွေကို လုံလောက်အောင် …
အမှန်တော့ လုံလောက်အောင် ဆိုတဲ့ စကား မသုံးချင်တော့ပါဘူး..
ဒါတွေကို တက်နိုင်သလောက် ဖြည့်ဆည်းပေးဖို့ …လိုပါတယ်။
နိုင်ငံခြားက ထုတ်လွှင့်တဲ့ သတင်းတစ်ခုမှာ ဟိုတစ်နေ့ က တွေ့ လိုက်ရပါတယ်..
သွားလှူတဲ့  ရွာမှာ  ရေလာလှူတဲ့ ဘုန်းကြီးကျောင်းက ကိုရင်တွေ ဦးဇင်းတွေက ရေသန့် ဘူးကြီးတွေကို ထမ်းပြီး ရေပေးဝေနေပုံ…
သင်္ကန်းတွေပေါ်မှာ ရေဘူးကြီးတွေ ထမ်းလို့ …သင်္ကန်းတွေလည်း ရေတွေစိုကုန်လို့ …
ကျွန်မလေ..ဒီသတင်းကို ကြည့်မိပြီး စိတ်မကောင်းဖြစ်သွားပါတယ်…
ဒါပေမယ့် ဘာပဲဖြစ်ဖြစ် ဦးဇင်းတွေ ကုသိုလ်ရတာပေါ့ ဆိုပြီး…ဖြေသိမ့်လိုက်ပါတယ်…
အမှန်တော့ ဒီအလုပ်တွေကလေ..ဘယ်သူ့ အလုပ်တွေလဲ…ဆိုပြီး ခေါင်းစဉ်က တပ်မိပါသေးတယ်..
ရေတွေခမ်းလို့ ရွာတွေကို ပရဟိတအသင်းတွေကလည်း သွားလှူကြတာလည်း အကြိမ်ကြိမ်ကြားနေရပါတယ်..
သာဓု  အကြိမ်ကြိမ် ခေါ်မိပါတယ်…
ခက်တာက သာဓုပါခင်ဗျာဆိုပြီး ပြောနေရုံနှင့်မပြီးသော အကြောင်းအရာဖြစ်သည်မို့  …
ရေတွေရှားလာတာ ခမ်းလာတာတွေက အခုလောလောဆယ်ဖြေရှင်းလို့ ရတဲ့ အကြောင်းအရာတွေဖြစ်ပေမယ့်
ဒီအကြောင်းအရာမျိုးဟာ နောင် အနှစ်နှစ်ဆယ် သုံးဆယ်ရောက်ရင် ကမ္ဘာမှာတောင် ရေရှားပါးတဲ့ပြဿနာတွေ ဖြစ်လာဖို့ တွက်ချက်နေကြတဲ့အချိန်ပါ…
ကျွန်မတို့ တိုင်းပြည်ဟာ သံယံဇာတတွေ ပေါကြွယ်ဝတဲ့နိုင်ငံမှာဆိုပြီး….ဒီလိုအဖြစ်မျိုးတွေကို ရေရှည်အနေနဲ့ တွက်ချက်ဖို့ လိုနေပါပြီ..
ဒါမှ မဟုတ်ရင်လည်း မြန်မာပညာရှင်များရော၊ နိုင်ငံခြားပညာရှင်များတွေက ဒါတွေကို တွက်ချက်ပြီးလောက် ဖြစ်မှာပါ…မေလအတွင်းတုန်းကလည်း Renewable Energy နဲ့ ပက်သက်လို့ ဆွေးနွေးပွဲတွေလည်း လုပ်ကြောင်း ဖတ်ခဲ့ရပါတယ်..
စီမံကိန်းဆိုတာကလည်း ဆွဲရ အရမ်းလွယ်ပြီး လုပ်ရအရမ်းခက်ပါတယ်…
အခုလို ဒီမိုကရေစီ အကူးအပြောင်းကာလမှာ တိုင်းပြည်အချိုးအကွေ့ မှာ ထိမ်းရလည်း ခက်ပါတယ်…
ပြောသလို မဖြစ် …ဖြစ်သလိုလည်း မပြောကြဖို့ အရေးကြီးတဲ့ကာလလည်းဖြစ်ပါတယ်။
နောက်တစ်ခုက ကျွန်မတို့ ဆီမှာ လူမှန် နေရာမှန် ကိစ္စက ထင်သလောက် မဖြစ်လာသေး
တိုင်းပြည်တစ်ခုလုံးအတွက် တာဝန်တွေဟာ ဘယ်လောက်လေးတယ်ဆိုတာ စာတွေဖတ်လေ ပိုနားလည်လေပါပဲ..
တကယ့် ဟဲဗီးစာတွေက..စာဖတ်လို့  အကြောင်းအရာတွေကို နားလည်လေ သက်ပြင်းရှည်ကြီးတစ်ချက်က ချမိလေ…၀ူး..ဆိုပြီးတော့ပေါ့..။
ဒါကြောင့် မဖတ်တာဘဲ ကောင်းသည် ဟုပြီး မဖတ်၊ မဖတ်တော့ မတက်…အဲ..သည်လိုနဲ့  …ရွာလည်…တိုင်ပတ်..။
ဒါကြောင့် အဲသည်လို တာဝန်ကြီးတွေကို လူမှန် နေရာမှန် စနစ်တကျနဲ့  အသီးသီး မျှဝေ ယူကြရင် ဘယ်လောက်ကောင်းမလဲ ဟု တွေးမိပါတယ်။
နိုင်ငံတကာရောက်နေတဲ့ လူတော်တွေလည်း အများကြီးတွေ့ ရပါတယ်..။
တကယ်တော်တဲ့ တက်တဲ့ သူတွေ လွှတ်တော်ထဲ ရောက်ဖို့ အားပေးချင်ပါတယ်…
အခုတလော ဒေါက်တာ မာတင်လူသာကင်း ရေးထားတဲ့ စာကြောင်းလေး တစ်ကြောင်း သဘောကျမိပါတယ်..
သူပြောထားသည်မှာ…
အမှောင်ကနေ အမှောင်ထုကို ဖယ်ခွင်း မပေးနိုင်ပါဘူး…. အလင်းရောင်ကသာ ပြုလုပ်ပေးနိုင်ပါတယ်..
အမုန်းတွေက အမုန်းတရားတွေကို ဖယ်ရှား မပေးနိုင်ပါဘူး...ချစ်ခြင်း မေတ္တာသာလျှင် ဆောင်ကြဉ်းပေးနိုင်ပါတယ်…
ကျွန်မတို့ ဖယောင်းတိုင်လေးတွေကိုင်ပြီး  ဆုတောင်းနေခြင်းမှာလည်း ခေတ်နောက်ပြန်ဆွဲဖို့ မဟုတ်ပါ..
အမှောင်ထဲမှာ အလင်း ရလို၍သာ ဖြစ်ပါတယ်…
အလင်းရောင်ရမှလည်း ကိုယ်တို့ တွေ လျှောက်နေတဲ့ လမ်းကို မြင်ရမည်ပေါ့…
လမ်းပျောက်နေကြသူတွေကလည်း များသည်မို့ လေ…
ကျွန်မတို့ တွေကလမ်းမှန်ကိုရောက်ဖို့ အလင်းရောင်ကို မျှော်လင့်နေကြတဲ့ လူတွေပါ…
ဒါကြောင့် ကျွန်မ … ယုံကြည်ချင်ပါတယ်…..။
မြလေးသျှင်
{၂၅.၅.၂၀၁၂}
မင်းသိစေချင်…
မင်းသိစေချင်…
အလင်းမရှိပါဘူး…မင်းကိုမမြင်တဲ့ည
သတင်းမရှိပါဘူး…မင်းမသိတဲ့အချိန်
မင်းနဲ့ စစ်ခင်းဖို့ က ငါ့မှာ သေနတ်တောင်မရှိပါ..
ဒီလို မီးပျက်တဲ့ ညထဲမှာ
ငါ့ရင်ထဲ နက်နက်နဲနဲ ခံစားပြီးရေးထားတဲ့
အသဲကွဲကဗျာတစ်ပုဒ်ဟာ ဖတ်လို့ ကောင်းလား။   ။
မြလေးသျှင်
{၂၂.၅.၂၀၁၂}
ကျွန်မ တွေ့ ခဲ့ရသော NLD ရုံးသစ်ဖွင့်လှစ်ရာ လသာမြို့ နယ် မြင်ကွင်း
( ၉.၅.၂၀၁၂  ) နေ့  ညနေဘက်မှာ..
အဝေးကနေကြည့်လိုက်တော့ အနီရောင်အလံလေးတွေ တလွှင့်လွင့်တွေ့ ရသည်။
NLD မှန်းသေချာတော့ အဖွဲ့ ကနေ ဟောပြောနေမှန်းသိရတော့သည်။
အတော်တိုက်ဆိုင်သွားတဲ့ မြင်ကွင်းပါပဲ… ဘာဖြစ်လို့ မှန်းကို မသိ…ကျွန်မ ပျော်သွားပါတယ်။
ကျွန်မရောက်တဲ့အချိန်မှာ ဘယ်သူဟောပြောနေတုန်းမှန်း မသိ။
ပိုပြီး အံသြဖို့ ကောင်းတာက ကျွန်မ ရပ်ကြည့်နေတုန်းမှာပင်
ဆက်လက်ပြီး အမျိုးသားဒီမိုကရေစီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်မှ မိန့် ခွန်းပြောကြားပါတော့မယ်..ဆိုတဲ့အသံကြီး ကြားလိုက်ရတော့ .
ကျွန်မလည်း ၀မ်းသာအားရ ဟေး ဆိုပြီး လိုက်အော်မိတော့သည်။
ကြည့်စမ်း နည်းတဲ့ပရိသတ်ကြီးမဟုတ်ဘူး…
ဒီအထဲမှာမှ ကျွန်မက တိုက်ဆိုင်ပြီး မမျှော်လင့်ဘဲ ရောက်သွားနေသည် မဟုတ်ပါလား…
ကျွန်မ မိတ္တူကူးဖို့ မေ့သွားပြီ… အချိန်က ခြောက်နာရီကျော်လောက်တော့ရှိမည်..
နာရီတောင် သေချာမမှတ်မိတော့…
အန်တီစုလို့ အများက ခေါ်ကြသည့် ဒေါ်အောင်ဆန်းစုကြည်ကို ကျွန်မ အပြင်မှာ လုံးဝ မမြင်ဖူးပါ..
အခုတော့ မထင်မှတ်ဘဲ ကျွန်မအရမ်းလေးစားရတဲ့ ပုဂ္ဂိုလ်တစ်ယောက်ကို အပြင်မှာ ပထမဆုံးအကြိမ် အနီးကပ်မဟုတ်ပေမယ့် မြင်တွေ့ ခွင့် ရခဲ့ပါပြီ…
ဘေးနားမှာ အန်တီစုစကားသံများကို (Mobile Recording )အသံဖမ်းစက်ဖြင့် ဖမ်းယူသူများကိုလည်း တွေ့ ရပါသည်။
ဘေးနားမှ အမျိုးသမီးများက ” ဟယ် နုလိုက်တာနော်..” ပြောသူကပြောနေကြပါသည်။
အန်တီစုက စစချင်း
ဆိုပြီး အရွှန်းဖောက်လိုက်ပါသေးသည်။
ကျွန်မ မှာ အန်တီစုဓာတ်ပုံကို အဝေးကနေ Zoom ဆွဲပြီး မနည်းရိုက်နေရလို့ ပြောတာတွေ အကုန်မမှတ်မိခဲ့ပါ..
အန်တီစုပြောတဲ့အထဲ မှတ်မိသဘောက် ကျွန်မသဘောကျတဲ့ အချက်တွေမှာ.
မိနစ်ပိုင်းလောက်သာ ပြောကြားသွားတဲ့ အန်တီစု မိန့် ခွန်းအပြီးမှာ ပရိသတ်တွေ လက်ခုပ်သံကြား  ကျွန်မတစ်ယောက် လက်မှာတောင် ကြက်သီးမွှေးညှင်းတွေ ဖြစ်လို့ နေပါတယ်။
ကျွန်မ နိုင်ငံရေး မလုပ်ပါ..သို့ သော် နိုင်ငံရေးတွေ ကြားတိုင်း ကျွန်မ အဲသည်လို ကြက်သီးမွှေးညှင်းတွေ ထလျှက် ကျွန်မသွေးတွေက ကျွန်မနိုင်ငံအပေါ်ချစ်စိတ်တွေ စီးဆင်းနေတာ သတိပြုမိပါသည်။
စာရွက်များနှင့် ကင်မရာတစ်ဖက်က ကိုင်လျှက် လက်မအားလို့  လက်နှစ်ဖက်ဖြင့် လက်ခုပ် ၀၀ မတီးခဲ့ရပေမယ့် ကျွန်မ ကျေနပ်လို့ နေပါတယ်..။
ကျွန်မ ဘယ်တော့မှ ဒီလို နေ့ လေးကို မေ့တော့မယ် မထင်ပါ..။
ယောနိသော မနာသီကာရ
လေးစားလျှက်
မြလေးသျှင်
မြန်တိုင်းမကောင်းပါတဲ့
မြန်တိုင်းမကောင်းပါတဲ့
ရှေးဟောင်း ဂရိပြဇာတ်ရေးဆရာ ” ဆိုဖိုကယ်လ်” သည် စကားဝိုင်းတစ်ခုတွင်
မိမိသည် ကဗျာသုံးပုဒ်ကို သုံးရက်တိတိ ပင်ပင်ပန်းပန်းရေးခဲ့ရသည်ဟု ပြောမိသည်။
ဤစကားကို ကြားသော် ရွက်ကြမ်းရေကျိုအဆင့်သာ ရှိသော ကဗျာဆရာတစ်ယောက်က အထင်သေးသံဖြင့် ပြောသည်။
” သုံးရက်ဟုတ်လား၊ ကျုပ်ဆို အဲဒီလောက် အချိန်ရရင် အပုဒ်တစ်ရာတောင် ရေးးနိုင်ပါရဲ့ ” ဟုဆိုသောအခါ
ဆိုဖိုကယ်လ်က ပြန်ပြောလိုက်သည်မှာ
“ဖြစ်နိုင်ပါတယ်၊ ဒါပေမယ့် အဲဒီ့ကဗျာတွေဟာ သုံးရက်ပဲ ခံလိမ့်မယ်ဗျ”
မောင်ကောင်းထိုက်ရဲ့  သူတို့ လည်း ရယ်စရာပြောတက်သည် မှ ကူးယူဖော်ပြပါသည်။
ကျောက်စိမ်းလက်ကောက်ပါရင် သတိထား..
ကျောက်စိမ်းလက်ကောက်ပါရင် သတိထား..ဆိုတဲ့နာမည်က ကျွန်မငယ်ငယ်တုန်းက ကြည့်ခဲ့ရတဲ့ တရုတ်ကားနာမည်တစ်ခုဖြစ်ပါသည်။ ဇာတ်လမ်းထဲက ကျောက်စိမ်းလက်ကောက်လေးက လိုတရဖြစ်သောကြောင့် ကျောက်စိမ်းလက်ကောက်ပိုင်ရှင်က သူ့ ကိုစိတ်ဖြင့် လိုရာ ခိုင်းစေနိုင်သည်။ အဲသည့်ဇာတ်ကားကြည့်ခဲ့တာ နှစ်ပေါင်းများစွာ ကြာခဲ့ပေမယ့် သူ့ နာမည်နှင့်ဇာတ်ကားက ထူးဆန်းလို့ သတိရနေမိသည်။
အခုကျွန်မပြောချင်သည်မှာ ဇာတ်ကားမဟုတ်ပါ…ကျွန်မကိုယ်တွေ့ အဖြစ်အပျက်တစ်ခုကို အားလုံးသတိထားစေလိုသောစိတ်ဖြင့် ဒီနာမည်နှင့်တကွ ရေးရခြင်းဖြစ်သည်။
ဒီအဖြစ်အပျက်ကိုတော့ လက်ဆင့်ကမ်းရေးမှဖြစ်တော့မည် ဟု စဉ်းစားပြီးရေးလိုက်ပါသည်။
ဖြစ်ပုံမှာ..
ကျွန်မအမေနှင့် ကျွန်မတို့ သားအမိနှစ်ယောက် လမ်းမပေါ်ကားစောင့်နေချိန်မှာ အမျိုးသမီးသုံးလေးယောက်လောက်ပါသည့် အဖွဲ့ တစ်ဖွဲ့ ကျွန်မတို့ ရှေ့ ကိုရောက်လာသည်။
အာသွက်လျှာသွက် မိန်းမတစ်ယောက်က ကျွန်မအမေကို 
“ဗုဒ္ဓဘာသာလား
“ဟု အရင်မေးသည်။ 
သူမေးနေတုန်း ကျွန်မ စဉ်းစားမိသည်မှာ တို့ သားအမိကိုများ ဘာသာခြားတွေက လာဆွယ်ဖို့ များလားဟု စဉ်းစားမိသည်။
 အမှန်တော့ အဲသည်လို မဟုတ်ပါ။
နောက်တော့ အဲသည့်မိန်းမက ကျွန်မအမေကို ပြောသည်မှာ
“အမရေ အမကို ပါဋ္ဌာန်းဆက်ပါလို့ လာပေးတာ ..
လူတိုင်းကို ပေးတာမဟုတ်ဘူး အမကိုလေ ကျန်းမာပြီး ချမ်းသာပြီးရင်းချမ်းသာဆိုတဲ့ စိတ်နဲ့  လာပေးတာ”
ဟုပြောဆိုပြီး သူမအိတ်ထဲမှ ကျောက်စိမ်းလက်ကောက်တစ်ကွင်းထုတ်ယူပြီး ကျွန်မအမေကိုပေးလိုက်သည်။
တကယ်တမ်းကျောက်စိမ်းလက်ကောက်နှင့် ကျွန်မအမေလက်နှင့် တော်မည်မထင်။
သူမပြောသည့်စကားတွေမှာ အရမ်းလည်းမြန်ပြီး လူကိုစည်းရုံးရာမှာ အတော်လေး အကင်းပါးလွန်းလှသည်။
နာမည်ဘယ်သူက ငွေကျပ်သုံးထောင်.နာမည်နှင့် အဲသည့်နှစ်ယောက်လောက်ဆီမှ ရပြီးသားဖြစ်တဲ့ စာရင်းကို တစ်ယောက်က မှတ်ဖို့ ပြင်သည်။
“အမနာမည်ဘယ်လိုခေါ်လဲ အမ ဘာနေ့ နံလဲဟင်.. ကျောက်စိမ်းလက်ကောက်က ငါးထောင်ကျတယ်အမ…ငွေက အဓိကမဟုတ်ပါဘူး..အမကို  မဟာကံထူးကံသာဘုရားမှာ အဓိဌာန်ထားတဲ့ လက်ကောက်လေးရစေချင်နဲ့ စိတ်နဲ့ ပါအမ”
ဆိုပြီး ငါးထောင်အတင်းတောင်းတဲ့ပုံစံပြင်လေသည်။
ကျွန်မလည်း ဒီလိုမျိုးက ဒါတွေလာတော့မည်ဟု ထင်တော့ထင်သားနဲ့ စကားကို အဲသည်လောက်သွက်သွက်ပြောပြီး အတင်းကြီးလာပြောနေကထဲက ဒီလိုမျိုးတစ်ခုခုတော့လုပ်တော့မည် ဟု..။
နောက်တော့ ကျွန်မမေမေက ငါးထောင်လည်း မထည့်နိုင်ပါဘူးကွယ်… ဆိုပြီး ငွေအနည်းငယ်ပေးပြီး ကျောက်စိမ်းလက်ကောက်ကိုပါ ပြန်ပေးလိုက်သည်။
ဒါတောင် သူ့ ဘေးက မိန်းမတွေက လက်ကောက်မယူလို့ ထပ်ပြီး ဆွယ်မလိုလုပ်ဟန်ပြင်သောအခါ စဆွယ်သောမိန်းမက ငွေရပြီဖြစ်သဖြင့် ရိုးရိုးလှူဒါန်းတာပါ ဆိုပြီး ကျေနပ်ဟန်ဖြင့် သူ့ အဖော်များကို ခေါ်သွားသည်။
အဖြစ်အပျက်က မိနစ်ပိုင်းအနည်းငယ်အတွင်းဖြစ်ပေမယ့် ကျွန်မလည်း တော်တော်အံသြသွားရသည်။
ဒီစာကိုလည်း ရေးခြင်းက…  သူတို့ တွေလုပ်ပုံမှာ ဘာသာရေးကို ခုတုံးလုပ်ပြီး ကျောက်စိမ်းလက်ကောက်ကိုရောင်းသလိုဖြစ်နေသဖြင့် စိတ်မချမ်းမသာဖြစ်ရပါသည်။
ဒီအဖြစ်အပျက်များ ဒီလိုပုံစံများဖြင့် လုပ်နေတဲ့အဖွဲ့ တွေ ဆက်တိုးမလာဖို့ ဘဲ ဆုတောင်းမိသည်။
သူတို့ တွေ လက်ကောက်လာပေးတာ အကယ်လို့ များ ပါဋ္ဌာန်းဆက်ကြောင့်များလားဟု ယုံသလိုလိုတွေ စိတ်က ဒွိဟ စဉ်းစားမိလာသောအခါ အရင်က ကျွန်မဖတ်ခဲ့ဖူးသည့်  ဦးပြုံးချိုရေးသည့် နေအေး လိမ်နည်း စာအုပ်ကို ပြေးမြင်မိသည်။
နေအေးသည်လည်း ဘုရားအကြောင်းပြပြီး လိမ်ခဲ့တာတွေက နည်းတာမှ မဟုတ်ပဲလေ။
ယုံလွယ်သူတွေအတွက် ငါးစာပြပြီး ငါးမျှားချိတ်တပ်ထားသည်ကိုလည်း သတိချပ်စေချင်ပါသည်။
မည်သို့ ပင်ဖြစ်စေ ကျောက်စိမ်းလက်ကောက်ပါရင် သတိတော့ ထားရတော့မည်ဖြစ်သည်။
ယောနိသော မနာသီကာရ
လေးစားလျှက်
မြလေးသျှင်
(၃၀/၀၃/၂၀၁၂)နေ့ အဖြစ်အပျက်အား မှတ်တမ်းတင်ထားခြင်းဖြစ်ပါသည်။
လျှပ်ကူးမိသော ကဗျာ (၂)
အခုတလော သင်တန်းက လုပ်နေတဲ့စာတွေလည်းမပြီးဘဲ မအားလပ်သောကြောင့် ကဗျာတွေ စာတွေမရေးတာ လနှင့်ချီရှိနေတော့မည်။ ဒီနေ့ လည်း ကဗျာတစ်ပုဒ်ရေးရန် ကြိုတင်မစီစဉ်ပါဘဲနှင့် ရေးဖြစ်သွားသည်။ ခံစားချက်များဖြင့် စာရးချင်စိတ်ရှိမှ စာရေးဖြစ်သော ကျွန်မသည် စာမရေးဖြစ်လို့  စာဖတ်သူတွေ တရားစွဲမည်ဆိုပါက တောင်းပန်ရပေလိမ့်မည်။
ဒီကဗျာတစ်ပုဒ်ရေးဖြစ်ပုံမှာ ဆရာမင်းလူရဲ့ ကဗျာတစ်ပုဒ်ကိုဖတ်လိုက်ရသောအခါ ကျွန်မရင်ထဲ ဟိုက်ကူကဗျာတိုလေးတစ်ပုဒ်တိုးဝင်သွားရသည်။ လျှပ်ကူးမိသောကဗျာဟုလည်း ဆိုနိုင်ပါသည်။ သူများဆီမှ ကဗျာတစ်ပုဒ်ကိုဖတ်ရသောအခါ ထပ်ဆင့်ပြန်ခံစားမိလို့ ပြန်ရေးသော ကဗျာကို ကျွန်မက လျှပ်ကူးမိသောကဗျာဟု ရေးဖူးခဲ့ပါသည်။
ရေးထားတာ အတော်ကြာနေပြီဖြစ်ကြောင်း တွေ့ ရပါသည်။
နယ်စပ်ဒေသ
နေ့ နဲ့ ညကြားမှာ
တစ်စက္ကန့် ပဲခြားတယ်။
တစ်ဒီဂရီနဲ့ 
သုံးရာ့ခြောက်ဆယ်ဒီဂရီကြားမှာ
တစ်ဒီဂရီ ပဲခြားတယ်။
ဆောင်းနဲ့ နွေကြားမှာ
လေတစ်ဝှေ့ ပဲခြားတယ်။
အပြာနဲ့ အစိမ်းကြားမှာ
အ၀ါတစ်စက်ပဲခြားတယ်။
ရှင်ခြင်းနဲ့ သေခြင်းကြားမှာ
မျက်တောင်တစ်ခတ်ပဲခြားတယ်။
အချစ်နဲ့ အမုန်းကြားမှာ
မျဉ်းတစ်ကြောင်းပဲခြားတယ်။
ဟိုဘက်ကိုကူးဖို့ ဆိုတာ
လွယ်လွယ်လေးပါ။
မင်းလူ (1978)
အခုကဗျာက နံပါတ်(၂) ဟု ခေါင်းစဉ်တပ်လိုက်ပါသည်။
လျှပ်ကူးမိသော ကဗျာ (၂)
ကိုယ့်ရဲ့ နှလုံးသား
နယ်စည်းမတား အရောင်များ
သို့ သော် ခြားသည်မို့ ။
မြလေးသျှင်
အချစ်ဆိုသည်မှာ…ပန်းချီဆရာပင် လေးတင်ခွင့်မရခဲ့ပါ…
ဒီနှစ် အကယ်ဒမီပေးပွဲမှာ အာဒံရယ်၊ ဧ၀ရယ်၊ ဒဿရယ် ရုပ်ရှင်ကားမှ ရုပ်ရှင်သရုပ်ဆောင်ဆုများဖြစ်တဲ့ မင်းသား ပြေတီဦးနှင့် မင်းသမီးသက်မွန်မြင့်တို့  နှစ်ယောက်စလုံး အကယ်ဒမီရသွားတဲ့အပြင် ရုပ်ရှင်ဇာတ်ကားဆုလည်း အကယ်ဒမီ ရခဲ့ပါတယ်။ အကယ်ဒမီဆုရတဲ့ ဇာတ်ကားအပိုင်းအစများကို  ဆုရကားများအဖြစ် နမူနာပြတုန်း ကြည့်တဲ့အခါမှာ သူတို့ သရုပ်ဆောင်အမူအရာတွေ ကောင်းမွန်တာတွေ့ ရပါတယ်။ ချစ်သူကို ချစ်မြတ်နိုးသော သက်မွန်မြင့်နှင့်
သရုပ်ဆောင်ပြေတီဦးက ဒဿ နေရာမှာ အပြည့်အ၀ ပီပြင်စွာ သရုပ်ဆောင်ထားတာကို တွေ့ ရသောအခါ ကျွန်မ ရင်ထဲခံစားချက်မျိုးစုံ တို့ ဝင်ရောက်လာပါတယ်။
ကျွန်မဇာတ်လမ်းအစအဆုံးမကြည့်လိုက်ရပေမယ့် ခန့် မှန်းလိုက်ရတာတွေကြားရသည်။ သရုပ်ဆောင်နုသေးပေမယ့် ဒီကားမှာ ကြိုးစားပြီးတော့ သရုပ်ဆောင်ထားသော စိုင်းစိုင်းခမ်းလှိုင်ဟုလည်း ပြောကြသည်။ သက်မွန်မြင့် အဲဒီ့ကားမှာ သရုပ်ဆောင်ကောင်းသည်၊
ဇာတ်လမ်းတွေအမျိုးမျိုး ဖတ်ဖြစ်သည်။။ ဘယ်တော့မှ ကပြလို့ မရိုးသော ရာမ ဇာတ်တော်ကြီးထဲမှ
ဇာတ်ကောင်တွေအကြောင်းကိုတော့ စာရေးဆရာများက ရေးဖွဲ့ ကြသည်။
ဆရာကြီး လယ်တွင်းသားစောချစ်က ကျွန်မတို့ ကို စာရေးနည်းလမ်းညွှန်သင်တန်းတုန်းက အောက်ပါအကြောင်းအရာမျိုးကို ပြောပြခဲ့ဖူးလေသည်။
အဲသည့်ဝတ္ထုကို မဖတ်ဖူးလိုက်ပေမယ့် ဆရာ လယ်တွင်းသားစောချစ်ပြောပြလို့ ကျွန်မရင်ထဲ စွဲမြဲသွားခဲ့ပါသည်။
ဇာတ်လမ်းထဲက အချစ်ဆိုသည်မှာ နာမည်ကြီး မင်းသားမင်းသမီး ဇာတ်ရုပ်နဲ့ ကိုက်မှရသည်မျိုး ဖြစ်တာများသည်။
တကယ့်လက်တွေ့ အပြင်လောကမှာ နာမည်မကြီးဘဲ သာမန်လူတစ်ယောက်က တကယ်ချစ်မြတ်နိုးသွားတာမျိုးကို ဘယ်သူမှမသိလိုက်လို့ ဇာတ်မနာဘဲ ခံစားရတာမျိုးတွေက တကယ်ကြီးကို ရှိနေပါသည်။
ရင်ဖွင့်ချင်တဲ့ မယ်သီအကြောင်း
ဟေ့ မယ်သီတာ မင်းဘယ်လိုလူလဲ
မင်းဟာ လှရက်လေထူးမယ်
တော်ဝင်နန်းထိုက်သူပေါ့။
ချစ်ခင်သူများတဲ့မင်းကို
ဂန္ဓ၀င်ဆန်တဲ့ ဘီလူးကြီးက အတင်းလုယူဖို့ ကြိုးစားမယ်
လက္ခဏာက အကို့ အတွက် အလျှော့ပေးချင်ပေးမယ်
သူတို့ အတွက်တော့ အချစ်ဆိုတာ
ပေးဆပ်ခြင်း၊ ရယူခြင်းတွေ ရှုပ်ပွခဲ့တာ
ဒီနေ့ ခေတ်တိုင် စာဖွဲ့ လို့ မဆုံးဘူးပဲ။
နောက်ဆုံး မင်းသဘောကျတဲ့ မင်းရဲ့ တရားဝင်ပိုင်ရှင်ဟာ ရာမဆိုရင်
ငါကရော ကနဦးဘယ်လိုလူဖြစ်ခဲ့လဲ..မင်းသေချာ စဉ်းစား။
မင်းမှတ်မိသေးလား?
ငါ့မှာ မင်းလိုရွှေအိမ်စံမင်းသမီးကို
အဦးဆုံး ဖူးတွေ့ ရမယ်လို့  မထင်တဲ့အချိန်မှာ
မင်းအတွက် ကြင်ယာရှာဖို့ 
တိုင်းပြည်အနှံမင်းညီမင်းသားတွေဆီ ပုံတူပို့ ဖို့ 
အနီးကပ်ပန်းချီဆွဲပေးရတဲ့ အနုပညာသမားတစ်ယောက်ပေါ့။
နေအုံး..ကြားဖြတ်ပြောလိုက်အုံးမယ်
ငါ့ကိုယ်ငါ အနုပညာသမားစစ်စစ်လို့ ငါမသုံးခဲ့ဘူး
ဘာလို့ ဆိုတော့ အနုပညာဆိုတာ
အစစ်ကို တုပဖန်တီးထားတဲ့ပညာရပ်ပဲ
မင်းဟာ ငါ့ခံစားမှုရဲ့ အစစ်အမှန်ဖြစ်ခဲ့ပေမယ့်
ငါ့အနုပညာကို အတုလို့ ယုံမှားသံသယရှိလာခဲ့မယ်ဆိုရင်တော့
ငါ့ထိုက်နဲ့ ငါ့ကံပေါ့။
မင်းဟာ ဒဿဂီရီ လေးတစ်ဝက်တင်နိုင်လို့ 
အဲဒီ့ဘီလူး အတင်းဆွဲခေါ်နေချိန်မှာ မလိုက်ချင်လို့ 
ငြင်းပယ်နေချိန်မှာ ဘာမဟုတ်တဲ့ ဒီကြင်ယာရွေးပွဲကို
ဝင်ပြိုင်ခွင့်မရှိတဲ့ငါ့ကို လှမ်းကြည့်နေတာ ငါသိတယ်။
ငါဆွဲပေးတဲ့ မင်းပန်းချီပုံလေတိုက်လို့ ရလာတဲ့ဘီလူးကို
ငါလုံးဝ မနှစ်မြို့ ဘူး။
ဒီကောင် အရည်အချင်းရှိတာ ငါသိတယ်
ရာမ မပြိုင်ခင်အထိ ဘယ်ကောင်မှ သူ့ လောက် လေးမှ မတင်နိုင်တာ။
မင်းငါ့ထက်သာတဲ့ကောင်တွေ ရမယ်ဆိုတာသိထားလည်း
ဒီလို ဘီလူးကောင်လက်ထဲကိုတော့ ငါမထည့်ရက်ဘူး။
ငါမြတ်နိုးတဲ့ ငါဖန်တီးတဲ့ အနုပညာကြောင့် ငါသိပ်ချစ်တဲ့ သီတာရယ်
မင်းဟာ ဒီလိုကောင်လက်ထဲမှာ အဖျက်အဆီးခံလိုက်ရမယ်ဆိုရင်
ငါဟာ ဘယ်လိုဖြစ်သွားမယ်ဆိုတာ…???
ဒီလိုနဲ့ …အားလုံးသိပြီးတဲ့ ဇာတ်လမ်းတွေ ဖြစ်ပေါ်ခဲ့တယ်။
ဒါပေယ့် …အားလုံးမသိသေးတဲ့ ဇာတ်လမ်းတစ်ပုဒ်ကို ဖွင့်ဟဖို့ ကြိုးစားကြည့်တယ်။
ဟိုးအရင် မင်းရဲ့ ပုံကို ဆွဲဖို့ ငါဟာ မင်းမျက်လုံးတွေ သေချာကြည့်ခဲ့ပြီးတဲ့နောက်
မင်းဟာ ငါ့ကိုကျေနပ်တဲ့အပြုံးတွေ ပေးပြီးတဲ့နောက်
ငါကလည်း မင်းရဲ့ အပြုံးကို အတုလား အစစ်လား ဝေခွဲနေဆဲ မပြီးပြတ်ပေမယ့်
မင်းရဲ့ ကြင်ယာရာမကြောင့်ပဲ  ကျေကျေနပ်နပ် ဇာတ်သိမ်းလိုက်ပါတယ်။
ငါဟာ ဟိုအကောင် ဒဿလို မဟုတ်ပဲ
`ဒုသော´အကြောင်း
ကို ကြောက်တဲ့
အေးတိအေးစက် ကောင်ဖြစ်နေလို့ ပဲ။
ခေတ်တွေ အဆက်ဆက်ပြောင်းခဲ့ပြီ…
ငါတော့ ဒီဇာတ်လမ်းတွေ ရေးရတာ လက်ညောင်းလှပြီ။     ။
ဆိုပြီး Apr 20, ’2010 ရက်နေ့ က ဒီနေရာလေးမှာ http://troths.multiply.com/journal/item/463
ရေးဖြစ်ခဲ့ပါတယ်။
အစ်ကို့ အတွက် ကြင်ရာတော်ရွေးပွဲမှာ လေးတင်ခွင့်ရခဲ့ပေမယ့် လေးကို တစ်ဝက်သာ တင်ခဲ့တဲ့ ညီတော်လက္ခဏာကို  ပေးဆပ်ခြင်းလို့ ပြောသူကပြောကြပါတယ်။
ပန်းချီဆရာလည်း နှလုံးသားနဲ့ လူပါပဲ..ဒါပေမယ့် သူ လေးတင်ခွင့်မရခဲ့ဘူးလေ..
ရုပ်ရှင် ဇာတ်လမ်းမဟုတ်သော အပြင်ဘက်လောကတို့ တွင် တကယ် ချစ်မြတ်နိုးခဲ့သော်လည်း ဘယ်သူမှမသိလိုက် မထင်ရှားလိုက်ဘဲ ခံစားခဲ့ရသော သာမန်လူများ၊ ယောင်္ကျားလေးများ (သို့ ) မိန်းကလေးများလည်း ရှိနိုင် ဖြစ်နိုင်သေးသည်။
သို့ သော် သူတို့ တွင် နှလုံးသားရှိရက်နှင့် “စည်း”ဟူသော တံတိုင်းကြီးတစ်ခုက ကမ္ဘာခြားခဲ့လေသည်။
ထို့ ကြောင့် ခံစားချက်ရှိသော လူများအတွက် အာဒံရယ်၊ ဧ၀ရယ်၊ ဒဿရယ် အပြင် ပန်းချီဆရာ တစ်ယောက်ပါ အပိုတိုးလာနိုင်တော့သည်။
ရာသီစက်ဝန်းတို့ သည် လည်နေဆဲ
ကမ္ဘာကြီးမှာ
နှစ်ဆယ့်သုံး ဒဿမ ငါး တိမ်းစောင်းတဲ့ ဒီဂရီ
တစ်ခါတစ်ရံ
အချစ်ဆိုသည်မှာ…ပန်းချီဆရာပင် လေးတင်ခွင့်မရခဲ့ပါ…
တိုက်ဆိုင်မှုတွေကြုံလာရင်…   ။
ယောနိသော မနာသီကာရ
လေးစားလျှက်
မြလေးသျှင်
နေ၀င်ခြင်း
နေ၀င်ခြင်း
လှေငယ်တစ်စင်း၊ မြစ်မင်းဧရာ
လှိုင်းဖွေးဖွေးကြား၊ ခြေရာများအား
ထားရစ်ခဲ့ငြား၊ သွားနှင့်လေသူ
ငွေသောင်ယံက သိပါသည်။   ။
မြလေးသျှင်
နှစ်သစ်ပင်နား ခရီးသွားအတွေးများ
ဘာလိုလိုနဲ့ 2012 နှစ်သစ်ဆီသို့ ရောက်လင့်တော့သည်…
ကျွန်မတို့ တွေသည် ဘ၀ခရီးသွားများဖြစ်ကြသည်။ ခရီးတွေကို ဖြတ်သန်းရင်း ကျွန်မတို့ အသက်တွေလည်းကြီးလာကြပြီ..
နှစ်တွေသာ ကြီးလာပေမယ့် အရွယ်မဖွံ့ ဖြိုးသေးသော ဘွန်ဆိုင်းအပင်ပုလေးများကိုမြင်တိုင်း
ကိုယ်တို့ တွေများလို များဖြစ်နေမလားဟု အခါခါ သုံးသပ်ရသည်။
၂၀၁၁ ခုနှစ်မှာ အရေးကြီးသော အကြောင်းအရာအဖြစ်အပျက်များကတော့ ရေးလို့ မကုန်နိုင်အောင်ပင်၊
ပြီးခဲ့သည့် နိုဝင်ဘာ ၂၀၁၁ လောက်က ဘွန်ဆိုင်းပန်းပင်ပုလေးများအနုပညာပြပွဲကို သွားကြည့်ဖြစ်ခဲ့သည်။
ဘွန်ဆိုင်းအပင်တွေသည် ငယ်သည်၊ သေးသည် ၊ သို့ သော် အပင်များကို ဒီလိုဖြစ်အောင် ဂရုတစိုက်နှစ်ရှည်လများစွာ ပြုစုပျိုးထောင်ခဲ့သော အနုပညာစွမ်းအားကတော့ မသေးပါလား ဟု သုံးသပ်မိပါသည်။
နှစ်သစ်ကို ကြိုဆိုသော ပုံလေးတွေ၊ စာလေးတွေကို သူငယ်ချင်းများက ရေးကြ၊ ပေးပို့ ကြသည်။
ကျွန်မအနေနဲ့ တော့ ဒီဇင်ဘာလကုန်ခါနီးသွားမိသော ပုသိမ်ငွေဆောင်ဘက်သွားတဲ့ ခရီးသွားခဲ့ရာ တွေးမိသောအတွေးများဖြင့် ကြိုဆိုကြည့်ဖို့ စိတ်ကူးမိသည်။
ပုသိမ် ညောင်တုန်းဘက်အသွားမှာ တွေ့ ခဲ့ရတဲ့ ဆိုင်းဘုတ်လေးကတော့ ကျွန်မနှလုံးသားကို ပိုပြီး ဆူညံစေပါတယ်။ နှလုံးသားဆိုသည်မှာ ရင်ခုန်စရာကောင်းသည့်အကြောင်းအရာမှ မဟုတ်ပါဘူး၊ ကိုယ့်တိုင်းပြည်၊ ကိုယ့်ရာသီဥတု၊ ကိုယ့်ပတ်ဝန်းကျင်နှင့် သက်ဆိုင်လာသောအခါ ရင်ထဲ နှလုံးသားထဲ ဦးနှောက်ထဲ ဒိုင်းကနဲ အသံကြားလာလျှင် ဒါဟာ ကျွန်မတိုက်ရိုက်ခံစားမိတဲ့ မြည်ဟိန်းသံများဖြစ်လာပါတော့တယ်။
အဲသည့်ဆိုင်းဘုတ်မှာ အရင်ဆုံးဖတ်မိရသည်မှာ ဆင်းရဲ၍ ဟူသော စာသားပင်ဖြစ်သည်။
စာသားမှာ ဖတ်ကြည့်လျှင် စိတ်ဝင်စားဖို့ ကောင်းသည့်အပြင် ဆက်တွေးစရာတွေလည်းအများကြီးဖြစ်သည်။ ဆင်းရဲတာကို ဘယ်လိုလူသားမှ မကြိုက်၊ အနေဆင်းရဲ ၊ အသွားဆင်းရဲ ၊ ရောဂါမျိုးစုံချမ်းသာသော လူ့ ငရဲဟု ခေါ်လောက်သည့် ဆင်းရဲမှုသံသရာကို ဆင်းရဲသားများက ခံစားနေရသည်မဟုတ်ပါလား။
ကျွန်မ ပုသိမ်ဘက်အသွားတွင် လမ်းဘေး ကျောက်ခဲထုနေသည့် ငယ်ရွယ်သည့်အလုပ်သမားမိန်းကလေးများ၊ယောင်္ကျားလေးများကို ကားပေါ်မှ မြင်တွေ့ ခဲ့ရသည်။ ဒီလောက်ကြမ်းတမ်းသည့် ကျောက်ခဲများကို ထောင်မကျပါဘဲနှင့် ဘယ်သူက ထုချင်ပါ့မလဲ…ဆင်းရဲလို့ သာ ထုနေရသည်မဟုတ်လား..
အနင်းခံဘဝ
လမ်းဖြစ်သွားသည် မဟုတ်လား
ကျောက်တုံး ကျောက်ခဲများ။   ။
ဟု ဟိုက်ကူကဗျာတိုတိုလေးတစ်ပုဒ် စိတ်ထဲက ရေးခဲ့မိသည်။
ဆိုင်းဘုတ်ထဲမှာစာသားကို ပြန်ပြီးကောက်လျှင် အလှူဒါန ဟူသော စာသားလေးကို ထင်ထင်ရှားရှားတွေ့ မိသည်။ ကျွန်မအနေနှင့် အလှူဒါနတွေကို စိတ်ဝင်စားမိသော်လည်း ကိုယ်စိတ်မ၀င်စားသော အလှူဒါနမျိုးကိုမူ လက်တွန့် တာမျိုးတွေရှိသည်။ ကျွန်မတို့ 
မြန်မာလူမျိုးများ အလှူဒါနပြုရာ တစ်ချို့ နေရာတွေတွင် လိုအပ်ချက်များ၊ အားနည်းချက်များရှိသည်ကို
အမျိုးသားပညာဝန်ဦးဖိုးကျားက ဝတ္ထုတိုတစ်ပုဒ်ဖြင့် ထောက်ပြဖူးပါသည်။
စာအုပ်ခေါင်းစဉ်မှာ ဦးဖိုးကျား ၏ ကိုယ်တွေ့ ဝတ္ထုများမှ “ဘုရားဖူးသွားခြင်း” ဝတ္ထုတိုတစ်ပုဒ်ဖြစ်သည်။
http://www.maungmaungmfs.com/2010/12/blog-post_10.html
နေရာလေးတွင် အစအဆုံးဖတ်နိုင်ပါသည်။
ထိုဝတ္ထုတိုထဲမှာ ကျိုက်ထီးရိုးသွားရာတွင် မလိုအပ်သော အလှူများနှင့် လိုအပ်ပြီး ဆင်းရဲသော မိသားစုလိုအပ်ချက်ကို ထောက်ပံ့ပေးခဲ့သော လူတစ်ယောက်နှင့် အလှူဒါနလှူဒါန်းပုံခြင်းမတူသော သူငယ်ချင်းနှစ်ယောက်အကြောင်းကိုနှိုင်းယှဉ် ရေးသားခဲ့လို့ ကျွန်မသတိရနေမိခြင်းဖြစ်သည်။
လူတွေပြောနေကြသည်မှာလည်း “မရှိလို့ မလှူ၊ မလှူလို့ မရှိ” ဆိုတဲ့ စာသားလေးလိုပင်။ ဆင်းရဲမှုသံသရာက ရုန်းမထွက်နိုင်သူတွေက ဒုနဲ့ ဒေးပင်။
မည်သို့ ပင်ဖြစ်စေ ” ရေဘူးမပါရင် နွေအခါမှသိ ၊ ဒါန သီလ မပါလျှင် သေအခါမှသိ ” ဟူသော စာသားလေးကို ကျွန်မမှတ်မိနေတော့သည်။
ဆိုင်းဘုတ်ပါ “သစ်ပင်စိုက်ခြင်း” ဟူသော စာသားသည် လုံးဝကန့် ကွက်စရာမရှိသော အကြောင်းအရာဖြစ်သည်။
တစ်ရက်ပျော်ချင် အရက်သောက်၊
တစ်နှစ်ပျော်ချင် မိန်းမယူ၊
တစ်သက်လုံး ပျော်ချင်ရင် သစ်ပင်စိုက်ပါ။” ပါ ဟူသော စာသားလေးကလည်း သစ်ပင်စိုက်ဖို့ တွန်းအားပေးနေပြန်သည်။
ကျွန်မတို့ နေထိုင်ရာ ရန်ကုန်မှာတော့ တိုက်ခန်းတွေချည်းမို့ သစ်ပင်တွေကို ပန်းအိုးလေးနဲ့ သာစိုက်လို့ ရသည်။
သစ်တောနဲ့ သစ်ပင်၊ ချစ်ခင်တဲ့ လူမျိုး၊
“သစ်ပင်ကို နှစ်စဉ်စိုက်၊ ရွှေတိုက်ကို စိုး။
သစ်ပင်စိုက်ပါ တို့ကမ္ဘာ၊ သာယာလှပ စိမ်းမြမြ။
ဥတုရာသီ တောကိုမှီ၏ ။
သက်ရှိလောက တည်မြဲဖို့၊ သဘာဝတွေ ထိမ်းကြစို့။” အစရှိသော သစ်ပင်တွေကာကွယ်စောင့်ရှောက်ဖို့ သစ်ပင်တွေကိုချစ်မြတ်နိုးဖို့ စာသားတွေကလည်း နှိုးဆော်နေကြပြန်သည်။
သဘာဝပတ်ဝန်းကျင်ကို ထိမ်းသိမ်းဖို့ သစ်ပင်ပန်းမန်တွေကလည်း အရေးပါသည် မဟုတ်ပါလား။။
နောက်ဆုံး “ကုသိုလ်ယူပါ” စာသားလေးကို ကျွန်မဆက်တွေးမိသည်ကများပါသည်။
ပုသိမ်ဘက်သွားတဲ့ ပန်းတနော်မြို့ နယ်အ၀င်ဘက်မှာလည်း ဦးသန့် စာကြည့်တိုက်ကြီးတစ်ခုကို ခမ်းနားထည်ဝါစွာ တွေ့ လိုက်ရသည်။ ဦးသန့် ရုပ်ပုံကားချပ်ကြီးကို ကားပေါ်ကနေ ဖြတ်သွားနေတုန်းမို့ မမှီလိုက်လို့ ဓာတ်ပုံမရိုက်ဖြစ်ခဲ့ပါ။ စာကြည့်တိုက်တွေကို လှလှပပ ဂုဏ်ယူစွာတည်ဆောက်ထားတဲ့ ပန်းတနော်မြို့ ကိုလည်း အားကျမိသည်။ ရန်ကုန်မှာ ဘယ်စာကြည့်တိုက်ဝင်လို့ ဝင်ရမှန်းမသိဘဲ စာအုပ်ဆိုင်တွေသာများနေလို့ ဖြစ်သည်။
သစ်ပင်စိုက်ပြီး ကုသိုလ်ယူနိုင်သည်၊ စာကြည့်တိုက်များဆောက်၍လည်း ကုသိုလ်ယူနိုင်သည်၊ တံတားများဆောက်လုပ်၍လည်း ကုသိုလ်ယူနိုင်သည်။ စီးပွားရှာရာတွင်လည်းကုသိုလ်တွေကို မှန်ကန်သောနည်းလမ်းမျိုးစုံဖြင့် ယူလို့ ရသည်။ Corporate Social Responsibility  (CSR) လို့ လည်းပြောကြဆိုကြသည်။
သစ်တောဦးစီးက ပြောချင်သော ဆိုင်းဘုတ်ကို အတွေးပွားလို့ ပြီးသော်လည်း ကျွန်မ ဆက်ပြောချင်သော အကြောင်းအရာများက ရှိနေသေးသည်။
ငွေဆောင်ဘက်အသွားတွင်လည်း အပန်းဖြေခရီးထွက်လာသော ကမ္ဘာလှည့်ခရီးသည်များစွာကို တွေ့ ရပါသည်။
ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းကလည်း Lonely Planet ခရီးသွားလမ်းညွှန်
ကမ္ဘာကျော်စာအုပ်ကြီးကလည်း ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များရှိပြီး အဖော်ရွေဆုံး၊ သဘောအကောင်းဆုံး လူမျိုးများနေထိုင်ရာမန်မာနိုင်ငံသည် ၂၀၁၂ ခုနှစ်အတွင်း ကမ္ဘာပေါ်တွင် ခရီးသွားလာရန်အကောင်းဆုံးဒေသများအနက် နံပါတ် ၂ နေရာတွင် ရှိသည် ဟု ထည့်သွင်းဖော်ပြခဲ့လေသည်။
စီးပွားရေးလုပ်ငန်းရှင်များ၊ နီးစပ်ရာမိတ်ဆွေများက ပြောကြသည်မှာ မြန်မာပြည်ရှိ ဟိုတယ်များ  နှစ်နှစ်စာလောက်ထိ Booking များပြည့်နေပြီဟု ကြားသိရသည်။ ခရီးသွားလာရေးလုပ်ငန်းသည် မီးခိုးတိတ်စက်ရုံလိုပင် တိုင်းပြည်ဝင်ငွေတိုးစေသော လုပ်ငန်းဖြစ်သည်။
၂၀၁၁ မှာ ပြောင်းလဲလာတဲ့ နိုင်ငံရေးများ၊ တိုင်းပြည်အတွက် အလားအလာကောင်းသောသတင်းများက ကြားရသူအတွက် အားတက်စရာပင်၊ သို့ သော် ပုသိမ် ငွေဆောင်ဘက်အသွားတွင် ကမ္ဘာလှည့်ခရီးသွားများအဆင်မပြေဖြစ်နိုင်သော လမ်းခုလတ်မှ အကြောင်းအရာတစ်ခုကို တွေ့ လိုက်ရသည်။ ကျွန်မတို့ တွေသည် အ၀င်တွေကိုပဲ ကြိုဆိုနေကြသည်။ အထွက်တွေကိုလည်း ဂရုစိုက်ဖို့ လိုသေးသည်။
ဖြစ်ပုံမှာ -
ရန်ကုန်မှ ပုသိမ်သို့ ကားလမ်းခရီး လေးငါးခြောက်နာရီ ဆက်တိုက် လူတိုင်း မစီးကြပါ။ ကားသမားတိုင်း လမ်းခုလတ်ရှိ စားသောက်ဆိုင်တစ်နေရာရာတွင် ရပ်ပေးတက်ကြသည်။ အဲသည်လိုရပ်ပေးတက်ကြသည်မှာ ကားသမားနှင့် စားသောက်ဆိုင်ပိုင်ရှင်တို့ အပေးအယူရှိတက်ကြပါသည်။
ဤသည်မှာ အရေးမကြီးသေးပါ။ အရေးကြီးသည်မှာ ထိုစားသောက်ဆိုင်သိုလာရောက်နားခိုသော ခရီးသည်များအတွက် အပေါ့အလေးသွားရန်ဆောက်ထားသော အိမ်သာများသန့် ရှင်းမှုမရှိ
သည့်အတွက် နိုင်ငံခြားသားများအတွက် အခက်တွေ့ စေပါသည်။ အိမ်သာတွေက ဘိုထိုင်တွေမရှိသည့်အပြင် အနံ့ တွေကဆိုးသည်။ ယင်ကောင်များပင်တွေ့ နေရသောကြောင့် သန့် ရှင်းမှုအတွက် စားသောက်ဆိုင်နေရာများ ဆင်ခြင်သင့်တော့သည်။  ကျွန်မတို့ မြန်မာပြည်ကလူတွေအတွက် အရမ်းအရေးကြီးသည့်အကြောင်းအရာမဟုတ်သော်လည်း အမေရိကန်လိုနေရာမျိုးမှလာသည့် လူတွေအတွက် နှာခေါင်းရှုံစရာဖြစ်လာသည်။
သူတို့ တွေသည် ဘိုထိုင်လို့ ခေါ်သည့် အိမ်သာမျိုးတွေမှာ သန့် သန့် ရှင်းရှင်းသွားသူတွေဖြစ်သည်။ ကျွန်မတို့ ဆီမှာ အိမ်သာ ဟုသာခေါ်နေပေမယ့် ကိုးရီးယားကားတွေကြည့်သောအခါ မင်းသားမင်းသမီးများ ဘိုထိုင်အိမ်သာပေါ် ခေါင်းထိုးပြီး အန်နေတာကိုကြည့်ရင် အတော်ကြီးစိတ်ညစ်တာထက် စိုးမည်ထင်သည်။ ခက်တာက သူတို့ တွေက အတော်သန့် သည်ကိုး။
နိုင်ငံခြားသားများတည်းခိုနားနေသော ဟိုတယ်များကတော့ ဈေးကြီးပြီး အဆင့်မှီပါသည်။
ခက်တာ လမ်းခုလတ်ပတ်ဝန်းကျင်က မမှီသော Standards များကြောင့် ခရီးသွားလာရေးအတွက် အခက်အခဲများဟုပဲ ဆင်ခြင်သုံးသပ်မိပါသည်။
ကျွန်မတို့ တိုင်းပြည်နှစ်သစ်အတွက် စနစ်အသစ်တွေသည်လည်း လိုလာတော့သည်၊
မလိုအပ်တဲ့ တံတိုင်းတွေကိုဖြိုပြီး လိုအပ်တဲ့ တံတားတွေဆောက်ကြရပေအုံးမည်၊
အသက်တစ်နှစ်ကြီးခြင်းအတွက် ဆင်ခြင်သုံးသပ်မှုများကတော့ အလျှံပယ်ပင်……..
၂၀၁၁ ဒီဇင်ဘာမှာ ကျွန်မရိုက်ခဲ့သော ပန်းပွင့်ပုံလေးများဖြင့် ၂၀၁၁ကို နှုတ်ဆက်လိုက်ပါတယ်..
ပန်းလေးတစ်ပွင့်ဟာ ဒီလိုအတောင်စုံစုံနဲ့ ပြုံးတက်ပါတယ်..
အပွင့်ရဲရဲ နှင်းဆီမှ မဟုတ်ပါဘူး..ပန်းနုရောင်နှင်းဆီပွင့်လေးလည်း ဒီလိုမသိမသာ ပြုံးတက်ပါတယ်..
ဒီပန်းပွင့်ရဲ့ နာမည်ကိုတော့ “ရက်စက်ခြင်းများ” လို့ နာမည်ပေးထားပါတယ်..
ပန်းရောင်တောက်တောက် အရောင်ဖြစ်တဲ့ ပွင့်ချပ်လေးတစ်ဖတ်က
တစ်စုံတစ်ရာ နာကျင်ခြင်းအတွက် နှုတ်ခမ်းကိုက်နေသလိုလိုနဲ့ နှစ်ဟောင်းမှာ အကျဉ်းတန်ရက်စက်ခြင်းတွေကို ထားခဲ့ကြပါလို့ …
ပန်းတွေလှရင် လိပ်ပြာလေးနားတက်တယ်…
ကျွန်မတို့ မြန်မာပြည်လိုပေါ့..ခရီးသွားတွေဝင်ဝင်လာနားလှည့်သလို..
ဒီထက်လှပသော ပန်းဥယျာဉ်ကြီးဖြစ်ဖို့ ဆုမွန်ကောင်းတောင်းမိပါသည်။
အားလုံး တိုးတက်ပျော်ရွှင်ငြိမ်းချမ်းသော နှစ်သစ်ဖြစ်ပါစေ……
Happy New Year!
ဆုမွန်ကောင်းတောင်းလျှက်
မြလေးသျှင်
တစ်လတိတိကျင်းပမယ့် ထွန်းဖောင်ဒေးရှင်းဘဏ်ရဲ့ ဆုရပန်းချီများပြပွဲ ၂၀၁၁
၂၀၁၀ ခုနှစ်တုန်းက ထွန်းဖောင်ဒေးရှင်းက ပြုလုပ်ကျင်းပခဲ့တဲ့ ပန်းချီပြပွဲကို ကျွန်မသွားရောက်လေ့လာခဲ့ဖူးပါတယ်..တကယ့်ကို အနုပညာမြောက်တဲ့ပွဲဖြစ်တဲ့အပြင် ပန်းချီကားများပေါ်က အကြောင်းအရာများဟာ အလွန်လေးနက်တာကိုလည်း ခံစားမိခဲ့ပါတယ်။
ဒီနှစ်လည်း ထွန်းဖောင်ဒေးရှင်းဘဏ်ရဲ့ ဆုရပန်းချီများပြပွဲ ၂၀၁၁ ခုနှစ်အတွက် ပြပွဲလေးလုပ်မယ်ဆိုတဲ့ ကြော်ငြာတွေ့ လိုက်တော့  မသွားမဖြစ် သွားကြည့်ဖို့ အားခဲမိပါတယ်။ ပြီးခဲ့တဲ့ ပွဲတုန်းက ပြပွဲကို နှစ်ခေါက်တောင်မှ ရောက်ခဲ့သည်ကိုး ။
ပြပွဲမှာ လက်ရာကောင်းတွေကို သေချာကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ ရမှာမို့  Gallery 65 မှာ တင်ပေးတဲ့ ပန်းချီကားများနဲ့  ပြန်လည် မျှဝေလိုက်ပါတယ်…
မြလေးသျှင်
From : Gallery 65
By mevision Posted in Art Tagged