မင်းသိစေချင်…
မင်းသိစေချင်…
အလင်းမရှိပါဘူး…မင်းကိုမမြင်တဲ့ည
သတင်းမရှိပါဘူး…မင်းမသိတဲ့အချိန်
မင်းနဲ့ စစ်ခင်းဖို့ က ငါ့မှာ သေနတ်တောင်မရှိပါ..
ဒီလို မီးပျက်တဲ့ ညထဲမှာ
ငါ့ရင်ထဲ နက်နက်နဲနဲ ခံစားပြီးရေးထားတဲ့
အသဲကွဲကဗျာတစ်ပုဒ်ဟာ ဖတ်လို့ ကောင်းလား။   ။
မြလေးသျှင်
{၂၂.၅.၂၀၁၂}
လျှပ်ကူးမိသော ကဗျာ (၂)
အခုတလော သင်တန်းက လုပ်နေတဲ့စာတွေလည်းမပြီးဘဲ မအားလပ်သောကြောင့် ကဗျာတွေ စာတွေမရေးတာ လနှင့်ချီရှိနေတော့မည်။ ဒီနေ့ လည်း ကဗျာတစ်ပုဒ်ရေးရန် ကြိုတင်မစီစဉ်ပါဘဲနှင့် ရေးဖြစ်သွားသည်။ ခံစားချက်များဖြင့် စာရးချင်စိတ်ရှိမှ စာရေးဖြစ်သော ကျွန်မသည် စာမရေးဖြစ်လို့  စာဖတ်သူတွေ တရားစွဲမည်ဆိုပါက တောင်းပန်ရပေလိမ့်မည်။
ဒီကဗျာတစ်ပုဒ်ရေးဖြစ်ပုံမှာ ဆရာမင်းလူရဲ့ ကဗျာတစ်ပုဒ်ကိုဖတ်လိုက်ရသောအခါ ကျွန်မရင်ထဲ ဟိုက်ကူကဗျာတိုလေးတစ်ပုဒ်တိုးဝင်သွားရသည်။ လျှပ်ကူးမိသောကဗျာဟုလည်း ဆိုနိုင်ပါသည်။ သူများဆီမှ ကဗျာတစ်ပုဒ်ကိုဖတ်ရသောအခါ ထပ်ဆင့်ပြန်ခံစားမိလို့ ပြန်ရေးသော ကဗျာကို ကျွန်မက လျှပ်ကူးမိသောကဗျာဟု ရေးဖူးခဲ့ပါသည်။
ရေးထားတာ အတော်ကြာနေပြီဖြစ်ကြောင်း တွေ့ ရပါသည်။
နယ်စပ်ဒေသ
နေ့ နဲ့ ညကြားမှာ
တစ်စက္ကန့် ပဲခြားတယ်။
တစ်ဒီဂရီနဲ့ 
သုံးရာ့ခြောက်ဆယ်ဒီဂရီကြားမှာ
တစ်ဒီဂရီ ပဲခြားတယ်။
ဆောင်းနဲ့ နွေကြားမှာ
လေတစ်ဝှေ့ ပဲခြားတယ်။
အပြာနဲ့ အစိမ်းကြားမှာ
အ၀ါတစ်စက်ပဲခြားတယ်။
ရှင်ခြင်းနဲ့ သေခြင်းကြားမှာ
မျက်တောင်တစ်ခတ်ပဲခြားတယ်။
အချစ်နဲ့ အမုန်းကြားမှာ
မျဉ်းတစ်ကြောင်းပဲခြားတယ်။
ဟိုဘက်ကိုကူးဖို့ ဆိုတာ
လွယ်လွယ်လေးပါ။
မင်းလူ (1978)
အခုကဗျာက နံပါတ်(၂) ဟု ခေါင်းစဉ်တပ်လိုက်ပါသည်။
လျှပ်ကူးမိသော ကဗျာ (၂)
ကိုယ့်ရဲ့ နှလုံးသား
နယ်စည်းမတား အရောင်များ
သို့ သော် ခြားသည်မို့ ။
မြလေးသျှင်
နေ၀င်ခြင်း
နေ၀င်ခြင်း
လှေငယ်တစ်စင်း၊ မြစ်မင်းဧရာ
လှိုင်းဖွေးဖွေးကြား၊ ခြေရာများအား
ထားရစ်ခဲ့ငြား၊ သွားနှင့်လေသူ
ငွေသောင်ယံက သိပါသည်။   ။
မြလေးသျှင်
“အပ်ချည်ဘူး” သံပေါက်
ကျွန်မအင်္ကျီတစ်ထည်တွင် ကြယ်သီးပြုတ်နေ၍ အပ်ချည်ဘူးကို အမြန်ရှာလိုက်သောအခါ အပ်ချည်ဘူးမှာပလပ်စတစ်အပျော့စားဖြစ်လို့ ပေါက်ပြဲနေလေသည်။ အပ်ချည်ဘူးထဲတွင် ကြယ်သီးအပိုလေးများ၊ အပ်ချည်ကြိုးများ၊ အပ်အရွယ်အစားအတိုအရှည်များ၊ ချိတ်အပိုများ၊ ပေကြိုးနှင့် တစ်ခြားသော တိုလီမိုလီ ပစ္စည်းအသေးလေးများ တွေ့ ကရာစွတ်ထည့်ထားပါသည်။
စ္စည်း တွေ အဲသည့်လောက်ထည့်မှတော့ ဘူးကပေါက်ပြီပေါ့ တွေးမိပြီး အပ်ချည်ဘူးအသစ်ထည့်ရန်အတွက် နယ်မြေသစ်ရှာရပါသည်။ အိမ်ရှိဘူးအလွတ်လေးများကို လိုက်လို့ ရှာသောအခါ  …..တွေ့ ပါပြီ…အပ်ချည်ဘူးနယ်မြေသစ်
ဒီတစ်ခါဘူးခွံကတော့ ပလပ်စတစ်ဘူးတော့မဟုတ်ပေ၊ လက်ဖက်ခြောက်ထည့်ထားသော အဖုံးပါသော စက္ကူဘူးခွံထူထူတစ်ခုပင်။
ဘာပဲဖြစ်ဖြစ် အနီးစပ်ဆုံးလည်းဖြစ်၊ အမြန်ရှာလို့ လည်းတွေ့ ပြီးအဆင်ပြေသော သူ့ ကိုပင် အပ်ချည်ဘူးနယ်မြေသစ်အဖြစ် ခန့် အပ်လိုက်ရသည်။
အပ်ချည်ဘူးလေး နယ်စားရသောအခါ ကျွန်မတာဝန် မပြီးသေးပါ။ အပ်ချည်ဘူးတည်တံ့ခိုင်မြဲရေးအတွက် ကျွန်မတာဝန်ပြီးဆုံးသွားသည်မှာ မှန်သော်လည်း အိမ်ရှိအသုံးပြုမည့်သူများ အပ်ချည်ဘူးကို မသိမှာ စိုးပါသည်။ အပ်ချည်ဘူး “ကြော်ငြာစာတမ်း” ဖွင့်ရပေအုံးမည်။ လူနည်းသော ကျွန်မတို့ အိမ်လေးမှာ လိုက်လံပြီး သတိပေးရန် စကားပြောလိုက်ရင်ကို  ပြီးပါသည်။ သို့ သော် စာနှင့်ကဗျာပိုးက အငြိမ်မနေနိုင်သော ကျွန်မစိတ်က အပ်ချည်ဘူးပေါ်မှာ စာကပ်ပြီး ရေးဖို့ ဟန်ပြင်လိုက်ပါသည်။
အဲသည့်မှာတင် ဒီဇာတ်လမ်းစတင်ပါသည်။ စက္ကူရှာလိုက်သောအခါ ဘယ်လိုကပ်ရင်ကောင်းမလဲ ဆိုပြီး စဉ်းစားကြည့်လိုက်သောအခါ  မှတ်စုတိုများနှင့် ဘာညာသာတကာများ မှတ်ရန်ဝယ်ထားသော  ရှပ်အင်္ကျီပုံ အ၀ါရောင် (Sticky note)  လေးကို စာအုပ်ပုံကြားမှာတွေ့ လိုက်ရပါပြီ။
အပ်ချည်ဘူးနဲ့ အင်္ကျီပုံစံလေးက အလွန်လိုက်ဖတ်တာပဲ ဆိုပြီး စိတ်ကူးယဉ်မိလိုက်ပါသည်။
“မင်း..ဘယ်ပြေးမလဲ..မင်းတော့ ရာထူးတပ်ခံရတော့မယ်” ဆိုပြီး ပြေးယူလိုက်ပါသည်။
အဲသည့် ရှပ်အင်္ကျီပုံစက္ကူတစ်ခုကိုခွာပြီး  ကော်ဘူးယူကာ အပ်ချည်ဘူးအပေါ်မှာ ကပ်လိုက်ပါတော့တယ်။
နောက်ဆုံးအနေဖြင့် စာရေးရန်သာကျန်သောအခါ “အပ်ချည်ဘူး” ဟု ခပ်တည်တည် ရေးမည်ဟု စဉ်းစားကြည့်သောအခါ ကျွန်မနှမျောသလိုဖြစ်သွားသည်။ “အပ်ချည်ဘူး” ဟုခေါ်သော ဒီလိုစာသုံးလုံးထဲရေးဖို့ မထိုက်တန်သေးဘူး တွေးမိပြီး စိတ်ထဲမှပင် စီကျလာသော သံပေါက်ကဗျာလေးက အလိုလိုထွက်ကျသွားတာ့သည်။ စိတ်ထဲရှိရာ “အပ်ချည်ဘူး” သံပေါက်အဖြစ် ဆော့ပင်နှင့် လက်ရေးမလှမပ ရေးချလိုက်ပါတော့သည်။
“အပ်ချည်ဘူး”
အပ်နှင့်အပ်ချည်
ကြိုးနှင့်သီ
ခိုင်ပီ တစ်သက်လုံး ။     ။
မမြဲခြင်းတရားကို လက်ခံမိသော်လည်း နောက်ဆုံးကဗျာအဆုံးမှာ တစ်သက်လုံး ဆိုတဲ့ စကားလုံးဖြင့် အဆုံးသတ်ထားပါသည်။ တစ်စုံတစ်ခုကို မြဲမြံစေရန်
အပ်နှင့်အပ်ချည်အတွက် ချည်ပြီးမှတော့ ခိုင်ခိုင်မာမာဖြစ်စေချင်လိုသည့်စိတ်ဖြင့် တစ်သက်လုံး ဆိုသည့် စကားလုံးကိုပင် ယူသုံးထားလိုက်မိတော့သည်။
ယောနိသောမနာသီကာရဖြင့်
လေးစားလျှက်
မြလေးသျှင်
စိတ်ကူးချိုသော ကဗျာတိုတိုများ
ကဗျာဆရာတွေဟာ တခြားလူတွေ မမြင်တဲ့ အရာလေးတွေကို သူတို့ ကိုယ်ပိုင်အတွေးတွေနဲ့ 
ကဗျာဆရာက ကဗျာထဲမှာ သက်တောင့်သက်သာဖြစ်လိုကြောင်း ရေးထားပေမယ့် ကျွန်မတို့ ဦးနှောက်တွေ နှလုံးသားတွေကတော့
ဆက်လက် အလုပ်လုပ်နေပါတယ်။
ချမ်းမင်းအိမ်ရေးတဲ့ “မျှော်ခြင်း” ကဗျာမှာတော့ စိတ်ကူးချိုချို အပြင် ထတောင်ကချင်စိတ်ပေါ်လာအောင် နှိုးဆော်ပေးနေပြန်ပါသည်။
မြန်မာဒွေးချိုးကဗျာဖြစ်ကြောင်း ဆရာဇော်ဇော်အောင်က ရေးပြထားပါသည်။
ဒီကဗျာကိုဖတ်ပြီးနောက်မှာ ကွေးနေအောင်ကချင်စိတ်ကို ခဏထားပြီး ဆက်စဉ်းစားကြည့်မိပါတယ်။
ဘာမဆိုင်ညာမဆိုင် လီယိုတော်စတွိုင်းရဲ့ “စစ်နဲ့ ငြိမ်းချမ်းရေး” ခေါင်းစဉ်လေးကို ပြေးမြင်မိသွားပါတယ်။ ဆန့် ကျင်ဘက်များကြားမှာ အဆင်ပြေအောင်နေဖို့ ပဲ ကိုယ့်ကိုကိုယ်တွေးမိပြန်ပါတယ်။ ခုတ်နေတာထက်စာရင် ကတာက ပိုကောင်းပါတယ် လို့ ပဲ စဉ်းစားမိပါသည်။
ဒီကဗျာလေးကတော့ လောကကြီးမှာ ပေးဆပ်ခြင်းနဲ့ ရယူလိုခြင်း ဗျာများနေတဲ့ခေတ်ကြီးထဲမှာမှ
နှစ်သက်ခံစားမိသော စိတ်ကူးချိုချို ကဗျာတိုတိုများဖြင့်
မြလေးသျှင်
စာအုပ်အညွှန်း ။       ။ ဇော်ဇော်အောင် – အနုပညာမဟုတ်တဲ့ အနုပညာ
ပျော်ဝင်သီချင်း
ဟော…ဟိုမှာ တိမ်တွေပြုံးနေတာ မြင်လား မြင်လား..
ဟာ ..ဟိုမှာ တိမ်တွေမဲ့နေတာ မြင်လား မြင်လား…..
အစပြီးတဲ့ အဆုံးမှာ
တို့ တွေက လှပယို့ ယွင်းတိမ်တိုက်တစ်စင်းလို …..
မုန်တိုင်းထဲက လမင်းငယ်က
သူမရင့်ကျက်ပါလို့ အခါခါ ဆိုတဲ့တေး
ဘာပဲဖြစ်ဖြစ် ရာသီဥတုက ကိုယ့်ဘက်မှာ
ဒါတွေကို သီချင်းလုပ်လို့ ဆိုဦးမှာ…
စကားတွေက မပြေရင် စကားပြေ မဖြစ်နိုင်ဘူး….
ဒါကြောင့်  ကဗျာကနေ သီချင်း
သီချင်းထဲကပြောချင်တဲ့ တေးသွား
ဒီကီးတွေမှ မကိုက်ရင်တော့ မင်းတို့ သွားပါတော့
ကမ္ဘာကြီးဟာ လုံးတဲ့နေရာက လုံးပြီး
ပြားတဲ့နေရာက ပြားတာ
ကစားကွင်းမညီပါဘူးလို့ ပြောနေတဲ့ကြားက
မင်းဝင်ပြိုင်မှာ
ထောင့်ကန်ဘောမရရင်ရော
တရားတယ် မတရားပါတယ်လို့ ထပ်ငြင်းအုံးမလို့ လား
မရွာဘဲ ခြိမ်းတဲ့မိုးကို မုန်းရန်မလို
မပြောဘဲရှိတဲ့ အမှတ်တရတွေသာ သိမ်းထား ရန်လို
ဒီဝင်္ကပါတောမှာ ငါနေသရွေ့ 
မပီသတဲ့ မြစ်တစ်စင်း
ရာဝတီ
ချစ်ခြင်းတွေနဲ့ တို့ နေထိုင်ဖို့ 
မင်းဆိုပေးရန်
သီချင်းတစ်ပုဒ်လိုတယ်။      ။
မြလေးသျှင်
၂၈/ ၈ /၂၀၁၁
ဒီနယ်မှာ ရေကြီးတဲ့အခါ
တစ်ခါတစ်ရံ ရေကြီးတက်ပါတယ်
စိုးရိမ်ချိန်မှတ် မရောက်သေးခင်
“ရေကြီးတဲ့အခါ  လှေစီးသင့်ပါသလား’
ဆိုင်ဆိုင် မဆိုင်ဆိုင် မေးခွန်းတွေနဲ့ 
ကိုယ်က ဒီမြို့ လေးမှာ နေထိုင်တဲ့သူ မဟုတ်လား
အေးစက်နေတဲ့ ခြေထောက်တွေမှာ ရေတွေရွှဲရွှဲစိုလို့ 
လက်ဖ၀ါးက ဖြန့် ထားဖို့ ပင်္စည်းတွေနဲ့ မအား
ဝန်ပါတဲ့ ကျောပိုးအိတ်ကို  တိတ်တဆိတ်လွယ်ရင်း
ခြေလှမ်းတွေ မြဲမြန်အောင် ကြိုးစားနေတဲ့သူပါ..
မိုးတွေက တဖြိုင်ဖြိုင် ဟောသည့် စိတ်ကယိုင်
အကြောင်းမဲ့ကွာ မရွာပါနဲ့ 
မတားရက်ပါ ထားသက်လျာကို
မိုး …အငြိုးမကြီးပါနဲ့ လားကွယ်
ကိုယ့်မှာ မ၀ံ့မရဲ ရင်ထဲမချိ
စိတ်မှာမြင်တိုင်း စိတ်ထဲထင့်ကာ
လွမ်းကမ္တာ ခြားအောင်
ဘယ် မိုးတွေက စွေနေလဲ ။   ။
မြလေးသျှင်
သဘာဝဓာတ်ပုံကို ကြည့်ရင်း ဟိုက်ကုကဗျာစပ်ဆိုရအောင်
သဘာဝဓာတ်ပုံကို ကြည့်ရင်း ဟိုက်ကုကဗျာစပ်ဆိုရအောင်
နေရာကတော့
GALLERY 65
No. 65 Yaw Min Gyi Road
Time
Friday, July 22 to August 14
at 10:00am – at 6:00pm
ဟိုက်ကုကဗျာနဲ့ စိတ်ဝင်စားသူများ ၀င်ရောက်ကြည့်ရူနိုင်ပါတယ်။