လမ်းပြပါအုံး အလင်းရောင်ရယ်
မေလ မီးပျက်တာ နေရာမရွေးဘူးဆိုတာ သိလိုက်ရတယ်…
နိုင်ငံတော်သမ္မတ အကြံပေး ဦးမြင့် ပါဝင်တဲ့ ၊The Bottom Billion စာအုပ်ကို ရေးတဲ့ Professor Paul Collier နဲ့  အခွန်ပြုပြင်ပြောင်းလဲရေးဆိုင်ရာ Professor Robert Conrad တို့ ဟောပြောတဲ့ “Reform strategy and People-centered development” (25.5.2012) နေ့ ဟောပြောဆွေးနွေးပွဲမှာ မီးနှစ်ကြိမ်တိတိ ပျက်သွားပါကြောင်း… ။
ကိုယ်တို့ မြန်မာပြည်လာပြီး တရားဟောတဲ့ ဒီနိုင်ငံခြားသားကြီးနှစ်ယောက်တော့ ဟောပြောနေတုန်း မီးပျက်လို့ စိတ်ထဲ ဘယ်လိုနေမယ်မှန်းမသိ… ကျွန်မစိတ်ထဲကတော့ ကျလိ ကျလိနဲ့ …
သူတို့ ပြောသည့် People-centered development အစား Infrastructure Based development ကို ပဲ အရင်ဆွေးနွေးလိုသည့်စိတ်တွေက တဖွားဖွား ဖြစ်မိခဲ့သည်။
ကျွန်မစိတ်ထင် Topic ကြီးက တအားလေးသွားလို့ မီးအား မနိုင်လို့ များလား…
အမှန်အတိုင်း ၀န်ခံရရင် ကျွန်မကိုယ်တိုင်လည်း ဒီ Topic ကြီးကို သိပ်နားမလည်ပါ..
Paul Collier ရေးတဲ့ (The Bottom Billion) ဆိုတာကို ဦးဟန်ထွန်းက အောက်ခြေသန်းတစ်ထောင်ဆိုပြီး မြန်မာဘာသာပြန်ထားပါတယ်။
ကျွန်မမှာ ဘယ်လောက်ထိ ဆိုးလဲဆိုရင် စာအုပ်တော့ဝယ်ထားပြီး မအားဘူးအကြောင်းပြပြီး အဲဒီ့စာအုပ်အခုထိ မဖတ်ရသေး..။
ဟောပြောပွဲခေါင်းစဉ်က ပြည်သူ့ အုပ်ချုပ်ရေးနဲ့ ဆိုင်တဲ့ အခွန်အကြောင်းအရာများပါလို့ Public Adminstration အကြောင်းအရာများ ဖြစ်သည်မို့  (MPA) များ အတွက် ပိုပြီး အဆင်ပြေနိုင်တဲ့ အကြောင်းအရာမျိုးပါ..
သို့ ပေမယ့် သိထားသင့်သည်မို့ သွားနားထောင်မိသည်ကိုး..(အဲသည်လို သွားကဲမိတာ)
နိုင်ငံတကာအဆင့် စင်ကာပူကို အတုယူနေတဲ့ ကျွန်မတို့ နိုင်ငံမှာ…အင်း…အရင်ကလို မီးပျက်တာက မဆန်းပါ
စင်ကာပူဟာ သံယံဇာတ မရှိလို့ People centered development ဆိုရင် ဒါတွေကိုဖြည့်ဆည်းဖို့ 
ကိုယ်တို့ ဆီမှာ အရင်ဆုံး အခြေခံအဆောက်အအုံ Foundation တွေဖြစ်တဲ့ လမ်းတံတား ရေမီးတွေကို လုံလောက်အောင် …
အမှန်တော့ လုံလောက်အောင် ဆိုတဲ့ စကား မသုံးချင်တော့ပါဘူး..
ဒါတွေကို တက်နိုင်သလောက် ဖြည့်ဆည်းပေးဖို့ …လိုပါတယ်။
နိုင်ငံခြားက ထုတ်လွှင့်တဲ့ သတင်းတစ်ခုမှာ ဟိုတစ်နေ့ က တွေ့ လိုက်ရပါတယ်..
သွားလှူတဲ့  ရွာမှာ  ရေလာလှူတဲ့ ဘုန်းကြီးကျောင်းက ကိုရင်တွေ ဦးဇင်းတွေက ရေသန့် ဘူးကြီးတွေကို ထမ်းပြီး ရေပေးဝေနေပုံ…
သင်္ကန်းတွေပေါ်မှာ ရေဘူးကြီးတွေ ထမ်းလို့ …သင်္ကန်းတွေလည်း ရေတွေစိုကုန်လို့ …
ကျွန်မလေ..ဒီသတင်းကို ကြည့်မိပြီး စိတ်မကောင်းဖြစ်သွားပါတယ်…
ဒါပေမယ့် ဘာပဲဖြစ်ဖြစ် ဦးဇင်းတွေ ကုသိုလ်ရတာပေါ့ ဆိုပြီး…ဖြေသိမ့်လိုက်ပါတယ်…
အမှန်တော့ ဒီအလုပ်တွေကလေ..ဘယ်သူ့ အလုပ်တွေလဲ…ဆိုပြီး ခေါင်းစဉ်က တပ်မိပါသေးတယ်..
ရေတွေခမ်းလို့ ရွာတွေကို ပရဟိတအသင်းတွေကလည်း သွားလှူကြတာလည်း အကြိမ်ကြိမ်ကြားနေရပါတယ်..
သာဓု  အကြိမ်ကြိမ် ခေါ်မိပါတယ်…
ခက်တာက သာဓုပါခင်ဗျာဆိုပြီး ပြောနေရုံနှင့်မပြီးသော အကြောင်းအရာဖြစ်သည်မို့  …
ရေတွေရှားလာတာ ခမ်းလာတာတွေက အခုလောလောဆယ်ဖြေရှင်းလို့ ရတဲ့ အကြောင်းအရာတွေဖြစ်ပေမယ့်
ဒီအကြောင်းအရာမျိုးဟာ နောင် အနှစ်နှစ်ဆယ် သုံးဆယ်ရောက်ရင် ကမ္ဘာမှာတောင် ရေရှားပါးတဲ့ပြဿနာတွေ ဖြစ်လာဖို့ တွက်ချက်နေကြတဲ့အချိန်ပါ…
ကျွန်မတို့ တိုင်းပြည်ဟာ သံယံဇာတတွေ ပေါကြွယ်ဝတဲ့နိုင်ငံမှာဆိုပြီး….ဒီလိုအဖြစ်မျိုးတွေကို ရေရှည်အနေနဲ့ တွက်ချက်ဖို့ လိုနေပါပြီ..
ဒါမှ မဟုတ်ရင်လည်း မြန်မာပညာရှင်များရော၊ နိုင်ငံခြားပညာရှင်များတွေက ဒါတွေကို တွက်ချက်ပြီးလောက် ဖြစ်မှာပါ…မေလအတွင်းတုန်းကလည်း Renewable Energy နဲ့ ပက်သက်လို့ ဆွေးနွေးပွဲတွေလည်း လုပ်ကြောင်း ဖတ်ခဲ့ရပါတယ်..
စီမံကိန်းဆိုတာကလည်း ဆွဲရ အရမ်းလွယ်ပြီး လုပ်ရအရမ်းခက်ပါတယ်…
အခုလို ဒီမိုကရေစီ အကူးအပြောင်းကာလမှာ တိုင်းပြည်အချိုးအကွေ့ မှာ ထိမ်းရလည်း ခက်ပါတယ်…
ပြောသလို မဖြစ် …ဖြစ်သလိုလည်း မပြောကြဖို့ အရေးကြီးတဲ့ကာလလည်းဖြစ်ပါတယ်။
နောက်တစ်ခုက ကျွန်မတို့ ဆီမှာ လူမှန် နေရာမှန် ကိစ္စက ထင်သလောက် မဖြစ်လာသေး
တိုင်းပြည်တစ်ခုလုံးအတွက် တာဝန်တွေဟာ ဘယ်လောက်လေးတယ်ဆိုတာ စာတွေဖတ်လေ ပိုနားလည်လေပါပဲ..
တကယ့် ဟဲဗီးစာတွေက..စာဖတ်လို့  အကြောင်းအရာတွေကို နားလည်လေ သက်ပြင်းရှည်ကြီးတစ်ချက်က ချမိလေ…၀ူး..ဆိုပြီးတော့ပေါ့..။
ဒါကြောင့် မဖတ်တာဘဲ ကောင်းသည် ဟုပြီး မဖတ်၊ မဖတ်တော့ မတက်…အဲ..သည်လိုနဲ့  …ရွာလည်…တိုင်ပတ်..။
ဒါကြောင့် အဲသည်လို တာဝန်ကြီးတွေကို လူမှန် နေရာမှန် စနစ်တကျနဲ့  အသီးသီး မျှဝေ ယူကြရင် ဘယ်လောက်ကောင်းမလဲ ဟု တွေးမိပါတယ်။
နိုင်ငံတကာရောက်နေတဲ့ လူတော်တွေလည်း အများကြီးတွေ့ ရပါတယ်..။
တကယ်တော်တဲ့ တက်တဲ့ သူတွေ လွှတ်တော်ထဲ ရောက်ဖို့ အားပေးချင်ပါတယ်…
အခုတလော ဒေါက်တာ မာတင်လူသာကင်း ရေးထားတဲ့ စာကြောင်းလေး တစ်ကြောင်း သဘောကျမိပါတယ်..
သူပြောထားသည်မှာ…
အမှောင်ကနေ အမှောင်ထုကို ဖယ်ခွင်း မပေးနိုင်ပါဘူး…. အလင်းရောင်ကသာ ပြုလုပ်ပေးနိုင်ပါတယ်..
အမုန်းတွေက အမုန်းတရားတွေကို ဖယ်ရှား မပေးနိုင်ပါဘူး...ချစ်ခြင်း မေတ္တာသာလျှင် ဆောင်ကြဉ်းပေးနိုင်ပါတယ်…
ကျွန်မတို့ ဖယောင်းတိုင်လေးတွေကိုင်ပြီး  ဆုတောင်းနေခြင်းမှာလည်း ခေတ်နောက်ပြန်ဆွဲဖို့ မဟုတ်ပါ..
အမှောင်ထဲမှာ အလင်း ရလို၍သာ ဖြစ်ပါတယ်…
အလင်းရောင်ရမှလည်း ကိုယ်တို့ တွေ လျှောက်နေတဲ့ လမ်းကို မြင်ရမည်ပေါ့…
လမ်းပျောက်နေကြသူတွေကလည်း များသည်မို့ လေ…
ကျွန်မတို့ တွေကလမ်းမှန်ကိုရောက်ဖို့ အလင်းရောင်ကို မျှော်လင့်နေကြတဲ့ လူတွေပါ…
ဒါကြောင့် ကျွန်မ … ယုံကြည်ချင်ပါတယ်…..။
မြလေးသျှင်
{၂၅.၅.၂၀၁၂}
မြန်တိုင်းမကောင်းပါတဲ့
မြန်တိုင်းမကောင်းပါတဲ့
ရှေးဟောင်း ဂရိပြဇာတ်ရေးဆရာ ” ဆိုဖိုကယ်လ်” သည် စကားဝိုင်းတစ်ခုတွင်
မိမိသည် ကဗျာသုံးပုဒ်ကို သုံးရက်တိတိ ပင်ပင်ပန်းပန်းရေးခဲ့ရသည်ဟု ပြောမိသည်။
ဤစကားကို ကြားသော် ရွက်ကြမ်းရေကျိုအဆင့်သာ ရှိသော ကဗျာဆရာတစ်ယောက်က အထင်သေးသံဖြင့် ပြောသည်။
” သုံးရက်ဟုတ်လား၊ ကျုပ်ဆို အဲဒီလောက် အချိန်ရရင် အပုဒ်တစ်ရာတောင် ရေးးနိုင်ပါရဲ့ ” ဟုဆိုသောအခါ
ဆိုဖိုကယ်လ်က ပြန်ပြောလိုက်သည်မှာ
“ဖြစ်နိုင်ပါတယ်၊ ဒါပေမယ့် အဲဒီ့ကဗျာတွေဟာ သုံးရက်ပဲ ခံလိမ့်မယ်ဗျ”
မောင်ကောင်းထိုက်ရဲ့  သူတို့ လည်း ရယ်စရာပြောတက်သည် မှ ကူးယူဖော်ပြပါသည်။
လှမ်းချင် ကမ်းတင်နေသည့် အနာဂါတ်အမြင်
ကျွန်မအာရုံထဲတွင် လျှံထွက်နေသည့်အကြောင်းအရာ တစ်ခုရှိပါသည်။ အဲသည့်အကြောင်းမှာ အနာဂါတ်ဖြစ်ပါသည်။ အနာဂါတ်သည် လူတို့ အတွက် မတွေးချင်လို့ လည်း မရ၊ ကြိုတင်ဘွားကနဲပေါ်ပေါက်လာမည့် အရာလည်း မဟုတ်။ သို့ သော် အနာဂါတ်သည် ကြိုတင်ခန့် မှန်းခွင့်ရကြပြီး လူတွေ မျှော်လင့်တကြီးစောင့်စားတက်ကြသည်၊ ဒီလိုမဟုတ်ရင် စိုးရိမ်စရာတွေအတွက် တွေးပြီး ပူပင်တက်ကြသည်ပေါ့။
ခေတ်မှီသော ညဏ်အမျှော်အမြင်ရှိသော နိုင်ငံတိုင်း၊ လူမျိုးတိုင်း အနာဂါတ်ကို မျှော်လင့်တကြီး စီမံခန့် ခွဲတက်ကြလေသည်။ ထိုအထဲတွင်မှ မျှော်လင့်ချက်သည် ကိုယ့်အတွက်သာမဟုတ်ဘဲ ရေရှည် တိုင်းပြည်နဲ့ လူမျိုး အတွက် မျှော်ကြည့်တက်ကြလေသသည်။ အနောက်နိုင်ငံများတွင် အချိန်ကိုစီမံခန့် ခွဲမှုလုပ်ကာ နှစ်ပေါင်းရာချီကို ပြေးမြင်ပြီး ကြိုတင်စီမံချက်များ ချမှတ်ကြလေသည်။ ကျွန်မဖတ်ဖူးသော စီမံခန့် ခွဲမှုစာအုပ်တစ်အုပ်ထဲတွင် ဂျပန်ကုမ္ပဏီတစ်ခုရဲ့ အနာဂါတ်မျှော်မှန်းထားသည့် ကြိုတင်စီမံချက်ထဲမှာ နောင်နှစ်ပေါင်းရာချီ စီမံကိန်းအတွက် ပါဝင်ကြောင်း တွေ့ လိုက်ရပါသည်။ ရေတိုကို မကြည့်ပဲ ရေရှည်ကို သူတို့ ထည့်တွက်ကြည့်သည်မှာ သာမန်လူတစ်ယောက် သက်တမ်းထက်ပင်ကျော်လွန်နေပြီး သားစဉ်မြေးဆက် စီမံကိန်းထိတောင် ရောက်သွားပါသည်။ ထိုသို့  နှစ်ပေါင်းကြာရှည်စွာ အောင်မြင်အောင် ထိမ်းသိမ်း နိုင်ရန် ဘိုးသက်ရှည်ဂျပန်ကုမ္ပဏီများမှာ အနာဂါတ်ကောင်းကောင်းကို ဖန်တီးစီမံ၍ ကြိုတင်စီမံကိန်းများဖြင့် အနာဂါတ်အမြင်တည်ဆောက်ကြသည်မှ အတုယူအားကျဖွယ်ကောင်းလှပါသည်။
အနာဂါတ်အမြင်အကြောင်းတွေးနေရင်း  ကျွန်မတို့ ငယ်စဉ်က သင်ကြားခဲ့ရသော ပုံပြင်လေးတစ်ပုဒ်ကို သွားသတိရမိပါသည်။ ပုံပြင်ကို အားလုံးလည်း သိကြပါမည်။ အတိအကျမဟုတ်တောင် အဓိကအကြောင်းအရာတော့ မှတ်မိနေပါသည်။  အဘိုးအိုတစ်ယောက် အပင်စိုက်နေသည်ကို လမ်းတွင်တွေ့ သောလူက ထူးဆန်းပြီး မေးမြန်းသောအခန်းဖြစ်ပါသည်။ အဘိုးအိုမှာ သေဆုံးခါနီးအရွယ်ဖြစ်သည့်အတွက် အဘယ့်ကြောင့် အပင်ပန်းခံပြီး စိုက်ပျိုးနေရသနည်း ဟုမေးမြန်းချက်အပေါ်  နောင်လာနောင်သား ဖြစ်သည့် သားသမီးမြေးမြစ်များအတွက် စိုက်ပျိုးနေရပါသည် ဟု အဘိုးအိုဖြေကြားချက် အာဘော်မှာ ကျွန်မအခုထက်ထိ နှစ်သက်သဘောကျတုန်းဖြစ်ပါသည်။
အကယ်လို့ များ ဒီ  “၂၀၃၀ “ကဗျာပုံကို နားလည်လားမေးရင် “အင်း…” ဟု မအူမလည်တော့ဖြေဖြစ်မည် ဖြစ်ပြီး ရှင်းပြဟုဆိုလာခဲ့ရင် “ဟင့်အင်း” ဟု
အလောတကြီးဖြေကြည့်မည့် ကဗျာတစ်ပုဒ်ဖြစ်ပါသည်။ မယုံလျှင် ဖတ်ကြည့်ပါနော်..
ဒီကဗျာပုံ နမိတ်ဟာ ဘာကို ဆိုမလဲ? .. ဒီကဗျာထဲမှာ ဘာတွေပါလဲ? ဒီကဗျာရဲ့ အကြောင်းဟာ လူတစ်ဦးတစ်ယောက်အကြောင်းလား ၊ လူမှုရေးအကြောင်းလား တိုင်းပြည်တွေအကြောင်းလား စသည် စသည် စမ်းစစ်ကြည့်လျှင် ၀င်္ကပါပုံကဗျာကဲ့သို့ ပင် ရှုတ်ထွေးသွားပါသည်။ ဒါပေမယ့် ဒီကဗျာကို သဘောကျလားဆိုတော့ ကိုယ့်ကိုကိုယ်ဝန်ခံလိုက်ရပါသည်။ ဟုတ်ကဲ့..ဒါကြောင့်မို့ ဒီအနာဂါတ်အကြောင်း ရေးချင်စိတ် လုံးဝဖြစ်သွားပြီး ရေးချမိလို့ ပါပဲ။
အနာဂါတ်အကြောင်းတွေက ဘယ်နှစ် ဘယ်သက္ကရာဇ်ရောက်ရင်ကမ္ဘာပျက်မည်၊ ကမ္ဘာကြီးမှာ ဘာဖြစ်မည် စသော  2012 Movie တွေအစ ပေါ်ထွက်လာသည်။ ဗေဒင်တွေဟောကြ ၊ သက်ပြင်းတချချနဲ့  လူတွေတော့အငြင်းအခုန်ပြုကြသည်။  ကျွန်မကတော့ ဖြစ်လည်း တစ်ယောက်တည်းဖြစ်တာမှမဟုတ်တာ၊ အများနဲ့ ဖြစ်တာပဲ ဘယ်တက်နိုင်ပါ့မလဲ ဟုသာ ယူဆမိသည်။ ဒီလိုကျတော့လည်း ဖြစ်ချိန်တန်ဖြစ်၊ ပျက်ချိန်တန်ပျက် တရားသဘောသာ မှတ်ယူမိပါသည်။
ခုနှစ်သက္ကရာဇ်တွေအကြောင်းပြောရင် 2050 ရောက်ရင် ကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံတွေအလိုက် တန်းစီလိုက်ပါက ဂျီဒီပီ(GDP) အများဆုံး နံပါတ်တစ်နေရာကနေ ဗိုလ်ဆွဲမည်မှာ တရုတ်နိုင်ငံ ဖြစ်ကြောင်း ဖတ်ဖူးလိုက်ရသည်။  ခုနှစ်အလိုက် ကိန်းဂဏန်းတွေဖြင့် စနစ်တကျတွက်ချက်ထားသော ဒီအကြောင်းကို ပညာရှင်များက အနာဂါတ်ကို တွက်ချက်ရာ ကျွမ်းကျင်လှပါလား ဟု အံသြငေးမောနေမိသည်။ ကြာကြာအံသြချိန်မရတော့၊ တရုတ်နိုင်ငံက မြန်မာနိုင်ငံရဲ့ ဘေးချင်းကပ်၊ ဒါဆို ငါတို့ မြန်မာနိုင်ငံရော ဆိုပြီး…
ကျွန်မကိုယ်တိုင် ဆက်မတွက်တက်သဖြင့် ဒီနေရာတွင် အစဖော်ပြီးရပ်ထားလိုက်ပါသည်။
ကျွန်မနားထဲ ပလူပျံနေသော စကားများစွာလည်း ရှိပါသေးသည်။
“အနာဂါတ်နဲ့ တွေးမပူကြနဲ့  ၊ အခုလောလောဆယ် လုပ်စရာရှိတာကိုသာ ဆက်လုပ်”
အင်္ဂလိပ်လိုတော့ အမြဲလိုလိုကြားဖူးမြင်ဖူးတဲ့ စာသားက
“Yesterday is history, tomorrow is mystery, and today is a gift; that’s why they call it the present.”
အခုလက်ရှိအချိန်သာလျှင် အဖိုးတန်ဆုံးသော အချိန်ဟု ပြောနိုင်တဲ့ စကား၊
သမိုင်းသင်တာ မအအောင်လို့ ဆိုတဲ့ ဒေါက်တာသန်းထွန်းပြောခဲ့တဲ့စကား
အတိတ် သမိုင်းကို စာအုပ်ကြီးထဲမှာပဲ ချထားလို့ မရတဲ့ အမှားအမှန်ပေါင်းများစွာ ကိုယ်တိုင်ဆင်ခြင် သုံးသပ်ကာ ပြင်ဆင်တိုးတက်အောင် လုပ်နိုင်ပါမှ တော်ကာကျမယ့် ဘ၀မှာ
အခုလက်ရှိအချိန် ဒီနေ့ ဟာ လက်ဆောင်လေးပဲဆိုတာခံယူပြီး
အနာဂါတ်ကိုတော့ လှမ်းမျှော်ကြည့်ကြပါစို့ ။ လူဆိုတာ မျှော်လင့်ချက်နဲ့ အသက်ရှင်နေတာ မဟုတ်ပါလား။
အတိတ် ပစ္စုပ္ပန် အနာဂတ်  ဒီသုံးရပ်မှာ ၀ဲဂယက်လို ကျင်လည်နေဆဲ….သို့ သော်လည်း လှမ်းချင် ကမ်းတင်နေသည့် အနာဂါတ်အမြင်ဖြင့် ခံစားမိလိုက်ပါသည်။
ယောနိသော မနာသီကာရဖြင့်
လေးစားလျှက်
မြလေးသျှင်
ဒင်္ဂါး နှစ်ဖက်သို့ 
အတွေ့ အကြုံအရေးကြီးလား ပညာတက် (သို့ )ပညာရှင် ဖြစ်ဖို့ အရေးကြီးလား ဆိုတဲ့မေးခွန်းကို ကျွန်မ ပတ်ဝန်းကျင်မှာရော ကိုယ်တိုင်ရော ရင်မှာ အကြိမ်ကြိမ်လာရိုက်ခတ်ပါတယ်။ မှတ်မှတ်ရရ လွန်ခဲ့တဲ့ တစ်နှစ်ကျော်လောက်က သင်တန်းတစ်ခုမှာ အတူတက်ဖြစ်တဲ့ သူငယ်ချင်းတစ်ယောက်က စာအုပ်တစ်အုပ် အကြောင်း ဆွေးနွေးရာမှ နည်းနည်းအစပေါ်လာသော အရာဖြစ်သည်။ သူက ကျွန်မကို မေးခဲ့ပါတယ်။
” နင် ရောဘတ်ကီယိုဆာကီ (Robert Kiyosaki) ရေးတဲ့ မြတ်ငြိမ်း စတဲ့ စာရေးဆရာအတော်များများ ဘာသာပြန်ထားတဲ့ ဆင်းရဲ ဖေဖေ ချမ်းသာဖေဖေ (Rich Dad Poor Dad) စာအုပ် ဖတ်ပြီးပြီလား ” တဲ့။
ကျွန်မကလည်း “အိမ်မှာ စာအုပ်အသေးလေး ရှိပါတယ် ဒါပေမယ့် သိပ် နားမလည်ဘူး” လို့ ဝန်ခံလိုက်ပါတယ်။
” ဒါဆို နင်အဲသည့်စာအုပ်ကို သေချာပြန်ဖတ်ကြည့် တကယ်ရေးထားတာ သာမန်အားဖြင့်တော့ ဖတ်ရင် အဖေနှစ်ယောက်ရှိကြောင်းအပြင် ထူးမှာမဟုတ်ဘူး။ တကယ်တော့ သူ့ အဖေအရင်းဟာ တကယ့်ကို ပညာတက် ပညာရှင်ဖြစ်ပြီး ဆင်းရဲသွားတယ်၊ သူ့ သူငယ်ချင်းရဲ့ အဖေကတော့ ပညာတက်မဟုတ်ပေမယ့် လက်တွေ့ လုပ်လို့ အောင်မြင်ကြီးပွားချမ်းသာသွားလို့ သူ့ မွေးစား အဖေအဖြစ် ချမ်းသာတဲ့အဖေနည်းအတိုင်း လက်တွေ့ သင်ယူကြိုးစားခဲ့လို့ ရောဘတ်ကီယိုဆာကီဟာ အလွန်အောင်မြင်ခဲ့တယ် ၊ နင်သေချာ ဖတ်ကြည့်လိုက်ပါ။ တကယ့်ကို မှတ်သားဖို့ ကောင်းတယ် ” ပြောပြီး စာအုပ်ကို ထပ်ဖတ်ဖို့ ညွှန်းဆိုခဲ့ပါတယ်။
သူငယ်ချင်းပြောမှ စာအုပ်ကို သေချာဖတ်ကြည့်တော့မှ သူပြောတဲ့ Theme တကယ်ရသွားပါတယ်။ သူငယ်ချင်းပြောတဲ့ ရောဘတ်ကီယိုဆာကီအကြောင်းကို ထပ်ပြီးပိုသိချင်လို့ သူရေးတဲ့ စာအုပ်တွေ သူ့ ရဲ့ ဘ၀ဇာတ်ကြောင်းတွေ သူကိုယ်တိုင်ဟောခဲ့တဲ့ ဟောပြောပွဲ အခွေကို သေချာနားထောင်ကြည့်မှ သူ့ ဘ၀မှာ ဆင်းရဲတဲ့ ဖခင်ရယ်၊ ချမ်းသာပြီး သေချာ စံယူခဲ့တဲ့ မွေးစားဖခင်ကြောင့် သူအောင်မြင်ခဲ့ပါတယ်။ သူ့ ဘ၀အတွေ့ အကြုံတွေက အားကျစရာကောင်းသလို ပညာတက်ပြီးဆင်းရဲတဲ့ ဖခင်ရင်း ဖြစ်စေချင်သလို ပညာယူခဲ့ပြီး သူရေးတဲ့စာအုပ်တွေဟာ Top Ten Best seller စာရေးဆရာအဆင့်ဝင်ပြီး အကြာကြီး ရပ်တည်နိုင်ခဲ့ပါတယ်။ နောက်ပြီး သူ့ ဖခင်ဆင်းရဲခဲ့တာကို မြင်ပြီး သူ့ လို မဖြစ်ရလေအောင် ဂျပန်-အမေရိကန် ကပြားအဖြစ် ဟာဝိုင်ယီကျွန်းကနေ မီလျံနာအဆင့်ချမ်းသာခဲ့အောင် လုပ်ပြနိုင်သူပါ။
စာအုပ်ဖတ်ပြီးကတည်းက စဉ်းစားကြည့်နေပါသည်။ လက်တွေ့ နယ်ပယ်ထဲမဆင်းပဲနဲ့ (Academic) ပညာရှင်သမားများတွေဟာ ပညာရပ်ဆိုင်ရာ နယ်ပယ်များမှာ စာတွေ့ သက်သက်သာ ရှိနေတာများသည့်အတွက် ဘယ်လိုမှ မအောင်မြင်နိုင်ပါ။ စာတွေ့ နဲ့ လက်တွေ့ ပေါင်းရမယ် ဆိုတဲ့ စကားကို လက်ကိုင်ထားတဲ့ ပညာရှင်များကိုလည်း လေးစားစွာ တွေ့ ရပြီး သူတို့ ကိုယ်တိုင်အောင်မြင် နေတာကိုလည်းတွေ့ ရပါတယ်။ အတော်များများ စာရေးဆရာများမှာ ပညာရှင်အဆင့်တွေ့ ရပါတယ်။ ထင်ရှားတဲ့ ဥပမာဆိုလျှင် ကျွန်မတို့ မြန်မာစာရေးဆရာလောကမှာ စာရေးဆရာအများစုမှာ ဆင်းရဲပါတယ်။ တကယ့်ကို အောင်မြင်တဲ့ ထိပ်တန်းစာရေးဆရာဆိုမှ လက်ဖျားငွေသီးပါတယ်။ ကျန်တဲ့ နာမည်ရ စာရေးဆရာများအတွက် စာမူခမှာ အတော်နည်းပါးပြီး မပြောပလောက်သော စာမူခက အတော်ကသိကအောက်နိုင်လှပါတယ်။ ဒီကိစ္စမျိုးမှာ အဘက်ဘက်ကနေ အများကြီး မြှင့်တင်ဖို့ လိုပါတယ်။
လက်တွေ့ မှာမအောင်မြင်သော Academic ပညာရှင်တို့ အများစုမှာ အတွေးအခေါ်အယူအဆ အမှားအမှန် အကြောင်းအကျိုးအပေါ်တွင် ရှိသည်။ လက်တွေ့ အတွေ့ အကြုံမရှိသောအခါ သင်ထားရသော သီအိုရီနှင့်စာများသည် သဲထဲရေသွန်ဖြစ်ရသည်။ ခေတ်အခြေအနေ အပြောင်းအလဲနှင့် သင်ထားခဲ့ရသော ပညာရှင်များ၏ စာများနှင့် ထပ်တူညီမှု မရှိပါက ပညာရှင်တို့ သည် ခေတ်အပြောင်းအလဲဒဏ်ကို ဘယ်လိုမှ အမှီလိုက်နိုင်စွမ်း မရှိသောကြောင့် ကျရှုံးကြခြင်းဖြစ်ပါသည်။
မြန်မာနိုင်ငံမှာ ပညာရှင်တွေဘက်က စာတွေ့ ကသက်သက် ၊ တကယ်လုပ်နေတဲ့ သူတွေ လက်တွေ့ က သက်သက် ဖြစ်နေလို့  အစစအရာရာ မအောင်မြင်တာဟု စာရေးဆရာ တစ်ယောက်က ပြောဖူးပါတယ်။ ပညာရှင်များနှင့် လက်တွေ့  နယ်ပယ်အသီးသီးမှာ လုပ်ဆောင်သူများ မပေါင်းစပ်နိုင်သေးတာ အတော်များပါသည်။
ထို့ ကြောင့် ဘာသာရပ်နယ်ပယ်အသီးသီးတွင် အလွန်နောက်ကျ ကျန်ရစ်နေတာ တွေ့ ရပါတယ်။ စာတွေ့ နဲ့ လက်တွေ့ တကယ် ပေါင်းစပ်နိုင်မှ ရလဒ်ကောင်းများ ပေါ်လာနိုင်ပါတယ်။
ကျွန်မတွေ့ ကြုံခဲ့ရတဲ့ လုပ်ခဲ့ဖူးတဲ့ကုမ္ပဏီတစ်ခုမှာလည်း လက်တွေ့ လုပ်ငန်းလုပ်လာလို့ အောင်မြင်ခဲ့တဲ့ ရှစ်တန်းပညာလောက်သာသင်ခဲ့ရတဲ့သူဌေးဟာ သူ့ ကုမ္ပဏီကို အုပ်ချုပ်ရာမှာ ရှေးကျတဲ့ အုပ်ချုပ်ပုံစနစ်နဲ့ အုပ်ချုပ်လို့ တကယ့်လက်ရှိခေတ်သစ် စီမံခန့် ခွဲမှုနဲ့  ဘယ်လိုမှ အံမ၀င်ပဲ လုပ်ငန်းလုပ်ရာမှာ ၀န်ထမ်းတွေ အတွက် အတော်ကသိကအောက်နိုင်ပါတယ်။ ကုမ္ပဏီဟာ အများကြီး ဆက်တိုးတက်မယ့်အစား ထိုက်သင့်သလောက်သာ အောင်မြင်ပါတော့တယ်။
တကယ်လည်း ဟုတ်ပါတယ်။ လက်တွေ့ အောင်မြင်နေသော ရှစ်တန်းပညာလောက်သာ သင်ဖူးသော လုပ်ငန်းရှင်မှာ Master Degree ဘွဲ့ ရ ပညာတက်ကို အလုပ်မှာခေါ်ယူခိုင်းနိုင်တာကို ကျွန်မကိုယ်တိုင်မြင်လိုက်ရပါတယ်။ ပညာရှင်ပညာတက်တွေ အနှိမ်ခံရသော ဘ၀လား ရုတ်တရက် စဉ်းစားမိကောင်း စဉ်းစားနိုင်ပါသည်။ လက်တွေ့ ကြီးပွားအောင်မြင်အောင် ထိုရှစ်တန်းပညာလောက်နှင့် အောက်ခြေသိမ်းအိတ်ထမ်းဘ၀မှ တကယ်လည်း အောက်သက်ကျေကာ ရိုးသားကြိုးစားခဲ့လို့ ဆိုတာ ရုတ်တရက်ကြည့်လျှင် သာမန်လူများ မသိနိုင်ပါ။
ပညာတက်ပညာရှင်များ မျက်နှာငယ်ရသလို ခံစားနိုင်သော်လည်း တကယ့်လက်တွေ့ မှာ ပညာရှင်များလေ့လာရှာဖွေ ဖော်ထုတ်ကြသည်များမှာ သူတို့ လေ့လာတွေ့ ရှိသမျှ ရှေးက အတွေ့ အကြုံပေါင်းများစွာ လေ့လာစမ်းစစ်ချက်များပေါ်အခြေခံလို့  ခေတ်အခြေအနေနဲ့ လိုက်လျောညီထွေပါက ပညာရှင်များမှာ လက်တွေ့ နယ်ပယ်မှာ အလွန် တန်ဖိုးရှိလှပါတယ်။ ဘာသာရပ်ဆိုင်ရာ ဟောပြောပွဲများ ကျင်းပပေးခြင်းဟာ တကယ့်ကို တန်ဖိုးရှိပါတယ်။
ပညာရှင်များရဲ့ ရှာဖွေတွေ့ ရှိချက်များဟာ (R &D) သုတေသနဖွံဖြိုးတိုးတက်မှုများပေါ် အခြေခံပြီး ခေတ်နဲ့ အညီ ပြုပြင်ပြောင်းလဲ ရှာဖွေ အားထုတ် လေ့လာနိုင်မယ်ဆိုရင် အဖိုးမဖြတ်နိုင်တော့ပါ။
ဒေါက်တာ မောင်မောင်စိုးရေးသားထားတဲ့ အဓိက စီးပွားရေး အိုင်ဒီယာများ စာအုပ်မှာ အတွေ့ အကြုံပေါ်အခြေခံတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦး နဲ့ စီးပွားရေးပညာရှင် တို့ အကြောင်း ရေးထားတာ အလွန်မှတ်သားဖို့ ကောင်းလို့ မျှဝေလိုက်ပါတယ်။
တစ်ခါတုန်းက နိုင်ငံခြားမှာ ပြုလုပ်သည့် စီးပွားရေးအကြောင်းအရာ ဆိုင်ရာ ဆွေးနွေးပွဲ တစ်ခုတွင် စီးပွားရေး ပညာရှင် အတော်များများနှင့် စီးပွားရေး လုပ်ငန်းရှင်တို့ သည်လည်း တက်ရောက်ကြပါသည်။ ထိုဆွေးနွေးပွဲတွင် စီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ဦးသည် သူ၏ စီးပွားရေး အတွေ့ အကြုံတစ်ခုကို တင်ပြပါသည်။ ဈေးကွက်၌ အခြေခံ စားသုံးကုန်စည်တို့ ၏ ဈေးနှုန်းကိန်း (CPI= Consumer Price Index) နှင့် ငွေဖောင်းပွမှုနှုန်း ( Inflation rate) မည်မျှ အထိ ဆက်စပ်ကြောင်းကို သူကောက်ယူထားသည့် စာရင်းဇယားများနှင့် တင်ပြလာပါသည်။ သူ၏ စာရင်းများအရ တစ်နှစ်လျှင် Inflation Rate 14% နှင့် မှန်မှန်ကြီး တိုးလာရာ (၅) နှစ်အတွင်းမှာပင် စားသုံးကုန်စည်တို့ ၏ ဈေးနှုန်းမှာ နှစ်ဆဖြစ်လာကြောင်း စာရင်းဇယားများနှင့် တင်ပြသွားသည်။ စီးပွားရေးလုပ်ငန်းရှင် အတော်များများက သူ၏ ကြိုးစားမှုအတွက် ဝေဖန်ချီးကျူးကြသည်။ ဟုတ်လည်း ဟုတ်ပါသည်။ အပင်ပန်းခံပြီး ကောက်ယူထားသည့် စာရင်းတွေမှ တင်ပြထားခြင်း ဖြစ်သည်။ စီးပွားရေး ပညာရှင်တွေ (Academics) ဘက်ကမူ သိပ်မလှုပ်ကြပါ။ အကြောင်းတစ်ခုခု ရှိရပေမည်။ စီးပွားရေးလုပ်ငန်းရှင်ကြီးက ရိပ်မိပါသည်။
ထို့ ကြောင့် ပညာရှင်များဘက်သို့ လှည့်ပြီး ” လူကြီးမင်းတို့ ဘာပြောစရာများ ရှိပါသလဲ” ဟု ဖိတ်ခေါ်လိုက်သည်။ ထိုအခါတွင် စီးပွားရေးပညာရှင်တစ်ဦးက ” လူကြီးမင်းခင်ဗျား ‘ Rule of 70 ‘ ကို သိပါသလားခင်ဗျား ” ဟု မေးလိုက်ပါသည်။ သည်အခါမှာ လုပ်ငန်းရှင်ကြီးက ရိုးရိုးသားသားနှင့်
” မသိပါဘူး” ဟု ပြန်ဖြေလိုက်သည်။ ထို့ နောက် ” ကျွန်တော် တင်ပြထားတာနဲ့ ဘယ်လို ပတ်သက်နေပါသလဲ” ဟု မေးရာ ” Rule of 70 ” သဘောကတော့ (၇၀) ကိုတည်၊ ရှိတဲ့ Inflation Rate နဲ့ စား၊ ရတဲ့ ရလဒ်ကတော့ အခုဖြစ်နေတဲ့ ဈေးနှုန်းတွေ၊ နောင်ဘယ်နှစ်နှစ်မှာ ဘယ်နှစ်ဆဖြစ်မယ် ဆိုတာကို ပြခြင်းပဲ ဖြစ်ပါတယ် ” ဟု ဆိုသည်။ ဆိုလိုသည်မှာ Inflation Rate က ၁၄ %၊ ၎င်းကို (၇၀) အခြေတည်ပြီး ၁၄% နဲ့ စားလိုက်လျှင် အဖြေမှာ (၅)ရရှိမည် ဖြစ်သည်။ ဆိုလိုသည်မှာ ထိုငွေဖောင်းပွမှု နှုန်းနှင့်သာ သွားလျှင် (၅) နှစ်အတွင်း ရှိသည့် ဈေးနှုန်းများ နှစ်ဆဖြစ်သွားသည် ဆိုသည့်သဘောဖြစ်သည်။
စီးပွားရေးလုပ်ငန်းရှင်များအနေနှင့် ထို ” Rule of 70 ” စီးပွားရေးအိုင်ဒီယာသဘောကို နားလည်မည်ဆိုလျှင် စကားတွေ အများကြီး၊ ကိန်းဂဏန်းတွေ တစ်ပြုံကြီးနှင့် အချိန်ကုန်ခံပြီး ပြောစရာ မလိုတော့ပါ။
အချုပ်အားဖြင့်ဆိုသော် နိုင်ငံရေး စီးပွားရေး လူမှုရေးနယ်ပယ် အသီးသီးတွင် လက်တွေ့ လုပ်ဆောင်နေသူများနှင့် ပညာရှင် အသိုင်းအ၀ိုင်းသည် ခွဲခြားမရသော ဒင်္ဂါးပြားသဖွယ်ဖြစ်သည်။ ခေါင်းနှင့်ပန်း သဖွယ်ဖြစ်နေသော အလှည့်ဝယ် နှစ်ဖက်ကို ယတိပြတ်ခွဲခြားထားသော်လည်း နှစ်ဘက်ပေါင်းမှ ရသော တကယ့်တန်ဖိုး ဒင်္ဂါးတစ်ခုတော့ ရှိနေမည် ဖြစ်ပါတော့သည်။
မြလေးသျှင်
စာညွှန်း။ ။ (၁) မြတ်ငြိမ်း – ဖအေနှစ်ဦးသင်ပေးတဲ့ ဆင်းရဲနည်း ချမ်းသာနည်း
(၂) ညီညီနိုင်- ချမ်းသာစေချင်လွန်းလို့ ပါ။
(၃) ဒေါက်တာမောင်မောင်စိုး(ဘောဂဗေဒ) -အဓိက
စီးပွားရေးအိုင်ဒီယာများ
(MMG အမှတ်တရ စာအုပ်)