ဈေးကွက်ဖွင့် အမေးအဖြေ (FAQs Marketing) – ကျော်ဝင်း


ဈေးကွက်ဖွင့် အမေးအဖြေ (FAQs Marketing) – ကျော်ဝင်း


ဈေးကွက်နဲ့ဈေးကွက်ဖွင့်ခြင်း (Markets And Marketing) အဓိပ္ပာယ်ဖွင့်ဆိုချက်

ဈေးကွက်ဖွင့်တယ်ဆိုတာဘာလဲ။

ဈေးကွက်ဖွင့်တယ်ဆိုတာ ကိုယ်ပစ်မှတ်ထားတဲ့ ဈေးကွက်ရဲ့ လိုအပ်ချက်တွေကို ကျေနပ်အောင်ဖြည့်ဆည်းပေးနိုင်မယ့် တန်ဖိုးသစ်တွေ ရှာဖွေရတဲ့၊ ဖန်တီးရတဲ့၊ ဝေငှရတဲ့ဘာသာရပ်လို့ အဓိပ္ပာယ်ဖွင့်နိုင်ပါတယ်။ ဒါကို သိပ္ပံလို့ဆိုနိုင်သလို၊ ဝိဇ္ဆာဘာသာလို့လည်း ပြောလို့ရနိုင်တယ်။ ဈေးကွက်ဖွင့် ဘာသာရပ်က မဖြည့်ဆည်းနိုင်သေးတဲ့ လိုအပ်ချက်တွေ၊ လိုအင်ဆန္ဒတွေကို ဖော်ထုတ်ပေးတယ်။ ကိုယ်ရွေးချယ်ထားတဲ့ ဈေးကွက်ရဲ့အရွယ်ပမာဏနဲ့ အမြတ်အလားအလာကို သတ်မှတ်တယ်၊ တိုင်းတာတယ်၊ တွက်ချက်တယ်။ ကိုယ့် ကုမ္ပဏီအနေနဲ့ အကောင်းဆုံးအလုပ် လုပ်နိုင်မယ့် ဈေးကွက်ရဲ့အစိတ်အပိုင်းကို အတိအကျဖော်ထုတ်တယ်။ သင့်တော်မယ့် ကုန်စည်နဲ့ဝန်ဆောင်မှုတွေ ပေးနိုင်ဖို့ ဒီဇိုင်းဆင်တယ်။ ဒီအလုပ်တွေအားလုံးကို ခြုံငုံပြီး “ဈေးကွက်ဖွင့်” တယ်လို့ ဆိုတာပါ။ များသောအားဖြင့်တော့ ဈေးကွက်ဖွင့် အလုပ်ကို ကုမ္ပဏီရဲ့ဌာနတစ်ခု (ဈေးကွက်ဖွင့်ဌာန) က တာဝန်ယူလေ့ရှိတယ်။ ဒီလုပ်ဟန်မှာ ကောင်းကွက်ရှိသလို၊ ဆိုးချက်တွေလည်း ရှိပါတယ်။ ဈေးကွက်ဖွင့် လုပ်ငန်းကိုပဲ စူးစိုက်လုပ်ကိုင်ဖို့ အထူးလေ့ကျင့်ထား သူတွေကို စုစည်းနိုင်တာမို့ ကောင်းတယ်လို့ ပြောတာပါ။ ဆိုးတာကတော့ သိပ်ကို ကျယ်ပြန့်တဲ့ ဈေးကွက်ဖွင့်လုပ်ငန်းကို ဌာနတစ်ခုထဲ လက်ဝကွက်အပ်သလိုဖြစ်နေတာမို့ပါ။ တကယ်တော့ ဈေးကွက်ဖွင့်တဲ့ အလုပ်ဆိုတာ ကုမ္ပဏီတစ်ခုလုံး ဝိုင်းဝန်းဆောင်ရွက်ကြရတာမျိုး ဖြစ်ပါတယ်။

ဈေးကွက်ဖွင့်လုပ်ငန်းမှာ အသုံးပြုရတဲ့ အရေးအကြီးဆုံး အကောက်အယူတွေဟာ ဘာတွေဖြစ်မလဲ။

အရေးအကြီးဆုံးဆိုတာတွေကို တန်းစီ ပြောရင်တောင် အတော်များလိမ့်မယ်။ ဈေးကွက်ကို ဆစ်ပိုင်းကြည့်တာ (seg-mentation) ရည်မှန်းချက် သတ်မှတ်တာ (targeting)၊ နေရာချထားတာ (posi-ti oning) မျိုးတွေ ရှိမယ်။ လိုအပ်ချက်တို့၊ လိုအင်ဆန္ဒတို့၊ ဝယ်လိုအားတို့၊ ရောင်းလိုအားတို့၊ ကုန်အမှတ်တံဆိပ်တို့ ဆိုတာတွေလည်းရှိမယ်။ နောက်ပြီးတော့ တန်ဖိုးနဲ့ ဖောက်သည်ရဲ့ စိတ်ကျေနပ်မှုတို့၊ ဖလှယ်တာတို့၊ ရောင်းကြဝယ်ကြတာတို့၊ ဆက်ဆံရေး နက်ဝပ်တွေတို့၊ ဈေးကွက်ဖွင့် လမ်းကြောင်းတွေတို့၊ ထောက်ပံ့ရေးသံကြိုး ကွင်းဆက် (supply chain) တို့ဆိုတာတွေလည်း ရှိဦးမယ်။ ဒါတင်မကသေးဘူး။ ပြိုင်ဆိုင်မှုတို့၊ ဈေးကွက်ဖွင့်ပတ်ဝန်းကျင်တို့၊ ဈေးကွက်ဖွင့် ပရိုဂရမ်တို့ဆိုတာတွေလည်း ရှိသေးတယ်။ အများကြီးပဲ။ (ဒီအကောက်အယူတွေကို သက်ဆိုင်ရာ မေးခွန်းတွေ ရောက်တော့မှ တစ်ခုချင်းရှင်း သွားပါ့မယ်)။

ဒီလောက် အကောက်အယူတွေ များနေရင် ဈေးကွက်ဖွင့်လုပ်ငန်းမှာ ပါဝင်တဲ့ အဓိကဖြစ်စဉ်တွေနဲ့ ဒီဖြစ်စဉ်တွေရဲ့ အရေးပါပုံကို ဘယ်လို အနှစ်ချုပ် မှတ်ယူရမလဲ။

အဓိကအကျဆုံးလို့ ပြောနိုင်မယ့် ဖြစ်စဉ်တွေကို တတ်နိုင်သလောက် ချုပ်ကြည့်ပါ့မယ်။

(၁)ရနိုင်မယ့်အခွင့်အလမ်းတွေကို ရွေးချယ်ဖော်ထုတ်ရတာ။ opportunity identification ပေါ့။

(၂)ပစ္စည်းသစ်တွေ တီထွင်ထုတ်လုပ်တာ။ new product development။

(၃)ဖောက်သည်ကို ဆွဲဆောင်တာ။ customer attraction။ (၄)ပြီးတော့ ရပြီးသားဖောက်သည်ကို ထိန်းထားတာ။ customer retention ပေါ့။ ဒါကို “ယုံကြည်မှု တည်ဆောက်တာ” (loyalty building) လို့လည်းခေါ်ပါတယ်။

(၅) နောက်ပြီးတော့ အမှာစာတွေကို ပြည့်မီအောင် ဖြည့်ဆည်းပေးတာ။ order fulfilment။ အနည်းဆုံး ဒီငါးချက်ကိုတော့ မဖြစ်မနေ အကောင်အထည်ဖော်ဖို့လိုပါတယ်။ ဒါတွေကို ကျကျနန ကိုင်တွယ်နိုင်ရင် အောင်မြင်မှာပဲ။ မကိုင်တွယ်နိုင်ရင်တော့ ခပ်ညံ့ညံ့ ဈေးကွက်ဖွင့်တာမျိုးပဲ ဖြစ်လိမ့်မယ်။

ကုမ္ပဏီအများစုကတော့ ဈေးကွက်ဖွင့်တာကို ဈေးကွက်ဖွင့်ဌာနရဲ့ အလုပ်လို့ ကြည့်မြင်ကြတာများမယ် ထင်ပါတယ်။ အခု ခင်ဗျား ပြောပုံအရဆိုရင် ဒီလုပ်ငန်းဟာ ကုမ္ပဏီတစ်ခုလုံးရဲ့ အတွေးအခေါ်ပိုင်းရော၊ လက်တွေ့ပိုင်းပါ အကျုံးဝင်နေသလိုပဲ။ အဲဒါ ဘယ်လိုဖြစ်တာလဲ။

ဒီနေရာမှာ Hewlett Packard ကုမ္ပဏီကို ပူးတွဲထူထောင်ခဲ့တဲ့ “ဒေးဗစ် ပက်ကတ်ဒ်” ရဲ့ စကားကို ပြန်ညွှန်းပါရစေ။ ဟို့အစောကြီးကတည်းက သူက အခုလို ပြောခဲ့ဖူးတာရှိတယ်။ “ဈေးကွက်ဖွင့် လုပ်ငန်းဟာ အများထင်ထားတာထက် ပိုအရေးကြီးတာမို့ ဈေးကွက်ဖွင့်ဌာနတစ်ခုတည်း တာဝန်ယူရုံနဲ့ မလုံလောက်နိုင်ဘူး” တဲ့။ သူပြောတာ အမှန်ပဲ။ ကမ္ဘာမှာကြည့်လိုက်ရင် အပျံစားဈေးကွက်ဖွင့်ဌာနတွေ ရှိပါလျက်နဲ့ မအောင်မြင်တဲ့ကုမ္ပဏီတွေ အများကြီးရှိတယ်။ ဒါ… ဘာ့ကြောင့်လဲ။ ထုတ်လုပ်တဲ့အပိုင်းက အရည်အသွေး ညံ့တဲ့ပစ္စည်းတွေ ထုတ်လုပ်တာကြောင့် ဖြစ်ချင်ဖြစ်မယ်။ ကုန်ပို့ဌာနက အချိန်မီ မပို့နိုင်ဘဲ နောက်ကျတာမျိုး ဖြစ်ချင်လည်းဖြစ်မယ်။ ဒါမှမဟုတ် ငွေစာရင်းဌာန ကတိကျတဲ့ ကုန်ပို့လွှာတွေ၊ ငွေတောင်းခံလွှာတွေ မပို့တာမျိုးလည်း ဖြစ်ချင်ဖြစ်နိုင်သေးတယ်။ ဘာကြောင်ပဲ ဖြစ်ဖြစ် ဒီလိုအားနည်းချက် တွေရှိရင် ရပြီးသား ဖောက်သည်တောင် ဆုံးရှုံးသွားမှာပဲ။ ကုမ္ပဏီတစ်ခုလုံးက ကိုယ် ကတိကဝတ်ပြုထားတဲ့ တန်ဖိုးတွေကို ပေးစွမ်းနိုင်မှ ဖောက်သည်ရဲ့ဟာဒယနဲ့ တွေ့အောင်ကြံဆောင်နိုင်မှ ထိရောက်တဲ့ ဈေးကွက်ဖွင့်တာမျိုး ဖြစ်ပါလိမ့်မယ်။

ဈေးကွက်ဖွင့်တယ်ဆိုတာ တိုင်းပြည်အလိုက်၊ ဒေသအလိုက် ကိုယ့် အခြေအနေနဲ့ကိုယ် လိုက်လျောညီထွေ လုပ်ရတာမျိုးလား။ ဒါဆိုရင် ယေဘုယျ သဘောဆောင်တဲ့ ပုံသေအခြေခံမူတွေ မရှိနိုင်တော့ဘူးလား။

ဈေးကွက်ဖွင့်တယ်ဆိုတာ “အင်နာ လက်တစ်ဂျော်မက်ထရီ” လိုပုံသေသတ်မှတ်လို့ ရတာမျိုးတော့ မဟုတ်ဘူး။ စီးပွားရေးအရ၊ ယဉ်ကျေးမှုအရ၊ နိုင်ငံရေးအရ ပဒေသာစုံဖြစ်နေတဲ့ တိုင်းပြည်အားလုံးမှာ တစ်သဘောတည်း ကျင့်သုံးလို့ရနိုင်မယ် မဟုတ်ဘူး။ ပြောရရင် တိုင်းပြည်တစ်ခုတည်းမှာကိုပဲ ကဏ္ဍအလိုက် မတူတဲ့ လက်တွေ့ကျင့်သုံးပုံတွေ ရှိနိုင်တယ်။ ဥပမာ-စား သုံးကုန်လုပ်ငန်းမှာ တစ်မျိုး၊ ဝန်ဆောင်မှုလုပ်ငန်းမှာ တစ်မျိုး၊ ဘိဇနက်လုပ်ငန်း အချင်းချင်း ဆက်ဆံရတာတွေမှာ တစ်မျိုး၊ တစ်ကျောင်းတစ်ဂါထာ အကောင်အထည် ဖော်ရတာတွေရှိတယ်။ လုပ်ငန်းသဘာဝချင်းတူဦးတော့ ကုမ္ပဏီချင်း မတူပြန်ရင်လည်း မတူတဲ့ဈေးကွက်ဖွင့် လက်တွေ့ ကျင့်သုံးပုံတွေ ရှိနိုင်သေးတယ်။ ထိရောက်တဲ့ ဈေးကွက်ဖွင့် လုပ်ငန်းဆိုတာ ယေဘုယျသဘောထက် ဝိသေသသဘော ပိုဆောင် ပါတယ်။ဒါပေမယ့် ဘယ်လိုနေရာ၊ဘယ်လို အခြေအနေမျိုးမှာ မဆို အထိုက်အသင့် ကျင့်သုံးလို့ရနိုင်တဲ့ အခြေခံမူတချို့လည်း ရှိသလောက်တော့ရှိပါတယ်။ အဲဒါတွေကတော့

٭    ဈေးကွက်ဖွင့် မဟာဗျူဟာချရာမှာ ဖောက်သည်တွေ၊ ပြိုင်ဘက်တွေ၊ ဖြန့်ဖြူးသူတွေရဲ့ ဗဟိုအချက်အချာ အခန်းကို လေးစားပါ။

٭    ဘယ်လိုဈေးကွက်မျိုးကို မဆို ဆစ်ပိုင်းကြည့်ပါ။ ပြီးမှ ကိုယ့်ကုမ္ပဏီရဲ့ ရည်ရွယ်ချက်နဲ့ စွမ်းဆောင်ရည်အရ အလားအလာ အကောင်းဆုံးဖြစ်နိုင်မယ့် အပိုင်းကို ချဉ်းကပ်ပါ။

٭    ကိုယ်ပစ်မှတ်ထားတဲ့ ဈေးကွက် အစိတ်အပိုင်းရဲ့ လိုအပ်ချက်တွေ၊ သဘောထားတွေ၊ အကြိုက်စရိုက်တွေနဲ့ ဖောက်သည်တွေရဲ့ ဈေးဝယ်ဖြစ်စဉ်တွေကို ကျကျနန သုတေသနလုပ်ပါ။

٭    ကိုယ်ချိန်ရွယ်ထားတဲ့ ဈေးကွက်အတွက် မြင့်မားတဲ့တန်ဖိုးဆိုင်ရာ ကတိ ကဝတ်တွေကို ဂရုတစိုက်သတ်မှတ်ပါ၊ ဖန်တီးပါ၊ ဖြန့်ဝေပေးပါ။ ဒီနည်းနဲ့ အောင်မြင်မှုကို ရှာပါ။

တစ်ခုတော့ ရှိလေရဲ့။ သီအိုရီဆိုတာ အရောင်မှိန်လာတတ်တဲ့ သဘောရှိတာကိုတော့ မပြတ်နှလုံးသွင်းဖို့ လိုပါလိမ့်မယ်။ ကျွန်တော်တို့တစ်တွေ စကြဝဠာကြီး အကြောင်းနားလည်ဖို့ ကြိုးစားခဲ့ရတဲ့ ဖြစ်စဉ်ကိုပဲ ပြန်ကြည့်ပေါ့။ “တိုလေမီ” ကို “ကိုပါးနီးကပ်စ်” က အစားထိုးခဲ့တယ်။ နောက်… “ကိုပါးနီးကပ်စ်” နေရာမှာ “အိုင်စတိုင်း” နဲ့ အစားထိုးရတယ်မို့လား။ ပြောချင်တာက သီအိုရီဆိုတာတွေ၊ အခြေခံမူဆိုတာတွေကို အသေဆုပ် မထားမိဖို့ ပါ။ ပိုသစ်ပြီး ပိုကောင်းတဲ့ ဈေးကွက်ဖွင့် သီအိုရီတစ်ခုတွေ့ပြီဆိုတာနဲ့ အဟောင်းကို စွဲမနေဘဲ အသစ်ကို အမြန်ဆုံး လက်တွေ့ အသုံးချနိုင်ပါစေ။

ဒီနေ့ကုမ္ပဏီတွေမှာ လက်တွေ့ ကျင့်သုံးနေကြတဲ့ထိရောက်တဲ့ ဈေးကွက်ဖွင့် လုပ်ငန်းဆိုတာနဲ့ ပတ်သက်လို့ မှားမှားယွင်းယွင်း နားလည်မှု လွဲနေကြတာမျိုးတွေ ရှိပါသလား။ တကယ် လို့ရှိခဲ့ရင် အဓိက အမှားတွေဟာ ဘာတွေလဲ။

ဟုတ်ပါတယ်။ ဈေးကွက်ဖွင့်လုပ်ငန်းနဲ့ ပတ်သက်ရင် ဘိဇနက် အသိုင်းအဝိုင်းကြားမှာရော၊ လူထုကြားမှာပါ ကြောက်စရာ ကောင်းလောက်အောင် မှားမှား ယွင်းယွင်း နားလည်နေကြတာတွေ ရှိတယ်။ ကုမ္ပဏီတွေရဲ့ နားလည်ချက်က ထုတ်လုပ်ရေးကို ပံ့ပိုးဖို့ဈေးကွက်ဖွင့်ရတာလို့ ထင်နေကြတယ်။ တကယ့်အဖြစ်မှန်က ဒီအထင်နဲ့ ပြောင်းပြန်ပါ။ ဈေးကွက်ဖွင့်လုပ်ငန်းကို ပံ့ပိုးဖို့ ထုတ်လုပ်ရေးဆိုတာ ရှိရတာဖြစ်ပါတယ်။ တကယ်တော့ ထုတ်လုပ်ရေးကိစ္စကို ကုမ္ပဏီပြင်ပ အလုပ်အင်အားစုနဲ့ လုပ်လို့လည်းဖြစ်တာပါပဲ။ ဒါကို out-source လို့ ခေါ်ပါတယ်။ ကုမ္ပဏီပြင်ပမှာ ရင်းမြစ်ရှာတာပေါ့။ ဒါပေမယ့် ဈေးကွက်ဖွင့် အလုပ်ကိုတော့ ဘယ်သူ့မှ ခိုင်းလို့မရဘူး။ ကုမ္ပဏီကိုယ်တိုင် လုပ်မှဖြစ်တယ်။ ပြောရရင် ကုမ္ပဏီတစ်ခုကို ဖန်တီးပေးနေတာဟာ ဈေးကွက်ဖွင့် အိုင်ဒီယာတွေနဲ့ ဈေးကွက်ဖွင့် တင်ဆက်မှုတွေသာ ဖြစ်ပါတယ်။ ထုတ်လုပ်ရေးတို့၊ ဝယ်ယူရေးတို့၊ သုတေသနနဲ့ ဖွံ့ဖြိုးရေး (R&D) တို့၊ ဘဏ္ဍာရေးတို့စတဲ့ ကုမ္ပဏီလုပ်ငန်း အသီးသီးဟာ ဖောက်သည်ဈေးကွက်မှာ ကုမ္ပဏီ ရည်မှန်းချက်တွေ အောင်မြင်ဖို့ ကူညီကြရတဲ့ အလုပ်တွေသာ ဖြစ်ပါတယ်။

တော်တော်များများက ဈေးကွက်ဖွင့်တာကို ဈေးရောင်းတာနဲ့ ရောထွေးနားလည် နေကြတယ်။ စင်စစ်မှာတော့ ဈေးရောင်းတယ်ဆိုတာ ဈေးကွက်ဖွင့် လုပ်ငန်းကြီးတစ်ခုလုံးရဲ့ အစိတ်အပိုင်းတစ်ခုမျှသာ ဖြစ်ပါတယ်။ တစ်ခုတော့ ရှိတယ်။ ဈေးကွက်ဖွင့်ရတယ်ဆိုတာ ဈေးရောင်းတာလို မြင်သာထင်သာတော့ ဟုတ်ချင်မှ ဟုတ်လိမ့်မယ်။ဈေးကွက်နဲ့ ပတ်သက်လို့ အကျယ်အပြန့် စုံစမ်းထောက်လှမ်းရတာတွေ၊ သင့်တော်မယ့် ပစ္စည်းတွေ သုတေသနလုပ်၊ တီထွင်ထုတ်လုပ်ရတာတွေ၊ အဲဒီပစ္စည်းတွေအတွက် မှန်မှန်ကန်ကန် ဈေးနှုန်းသတ်မှတ်ပေးရတာတွေ၊ တစ်ခါ …ဒီပစ္စည်းတွေကို ဖြန့်ဖြူးရတာ၊ ကိုယ် ဖြန့်မယ့်ပစ္စည်းကို ဈေးကွက်က သိအောင် လုပ်ရတာ… ဒါတွေအားလုံးဟာ ဈေးကွက်ဖွင့်လုပ်ငန်းထဲမှာ အကျုံးဝင် ပါတယ်။ ဒါကြောင့် ဈေးကွက်ဖွင့်တယ်ဆိုတာ ဈေးရောင်းတာထက် ပိုကျယ်ပြန့်သလို၊ ပိုပြီးတော့လည်း အနုစိတ်ပါတယ်။

ပြောရရင် ဈေးကွက်ဖွင့်တာနဲ့ ဈေးရောင်းတာဟာ ဆန့်ကျင်ဘက်လို့တောင် ဆိုနိုင်ပါတယ်။ အတင်းအဓမ္မ ဇွတ်ရောင်း ပြီဆိုရင်တော့ ဈေးကွက်ဖွင့်တာနဲ့ကဏ္ဋ ကောစလို့တောင် ဆိုရလိမ့်မယ်။ တကယ်တော့ ဈေးကွက်ဖွင့်တယ်ဆိုတာ ကိုယ်ထုတ်လုပ်လိုက်တဲ့ ပစ္စည်းကို မြန်မြန်ဆန်ဆန် အစွံထုတ်နိုင်အောင် နည်းလမ်းရှာတဲ့ပညာ မဟုတ်ပါဘူး။ စစ်မှန်တဲ့ဖောက်သည် တန်ဖိုးကို ဖန်တီးရတဲ့အနုပညာဖြစ်ပါတယ်။ ကိုယ့်ဖောက်သည်ကို ရှိရင်းစွဲ အခြေအနေထက် ပိုကောင်းအောင် ကူညီရတဲ့ ပညာပါ။ ဈေးကွက်ဖွင့်သမားတစ်ယောက်အတွက် အမြဲနှလုံးသွင်းထားရမယ့် စကား သုံးခွန်းဟာ အရည်အသွေး (quality)၊ ဝန်ဆောင်မှု (service)နဲ့ တန်ဖိုး(value)တို့ ဖြစ်ပါတယ်။

ဈေးရောင်းတယ်ဆိုတာ ပစ္စည်းတစ်ခု ထုတ်လုပ်ပြီးမှ စတင်လို့ရတာပါ။ ဈေးကွက်ဖွင့်တာကတော့ ထုတ်လုပ်ရေး မစခင်ကတည်းက ရှိနေရပြီ။ “လူတွေဘာ လိုအပ်နေတယ်၊ ကုမ္ပဏီက ဘာတွေ ဖန်တီးပေးသင့်တယ်” ဆိုတာကို အစောကတည်းက တွက်ချက်ကြရတယ်။ ဒါက ထုတ်လုပ်ရေးမစမီ လုပ်ရတဲ့ ဈေးကွက်ဖွင့်လုပ်ငန်းပါ။ ဈေးကွက်မှာ ကိုယ်တင်ဆက်မယ့် ကုန်စည်၊ ဒါမှမဟုတ် ဝန်ဆောင်မှုနဲ့ပတ်သက်လို့ ကောင်းသထက်ကောင်းအောင် ကြံဆောင်ရတာ၊ ဈေးနှုန်းသက်မှတ်ရတာ၊ ဖြန့်ဖြူးရတာတွေ ရှိသေးတယ်။ ဒါက ထုတ်လုပ်ရေးအပြီး ဈေးကွက်ဖွင့် လုပ်ငန်းပေါ့။ ဒါနဲ့တင် မပြီးသေးပါဘူး။ ပစ္စည်းတစ်ခုဈေးကွက်မှာ ဖြန့်ပြီးပြီဆိုတာနဲ့ အကျိုးသက်ရောက်မှုကို မပြတ်စောင့်ကြည့်ရတယ်။ အချိန်နဲ့အမျှ ကိုယ့်တင်ဆက်မှုကို ကောင်းသထက်ကောင်းအောင် “သ” နေ ရတယ်။ တစ်ခါ…ကိုယ့်ရဲ့တင်ဆက်မှုကို ဘယ်အချိန်မှာ အပြောင်းအလဲလုပ်မယ်။ ဘယ်အချိန်မှာ ရပ်လိုက်မယ် စတာတွေကိုလည်း ဈေးကွက်ဖွင့်လုပ်ငန်းကပဲ ဆုံးဖြတ်ရပါတယ်။

ဒီတော့ ပြောချင်တာက ဈေးကွက်ဖွင့်တယ်ဆိုတာ ဈေးရောင်းတာလို ရေတိုအလုပ် မဟုတ်ပါဘူး။ ရေရှည်သဘောဆောင်တဲ့ ရင်းနှီးမြှုပ်နှံမှု ကြိုးပမ်းချက်ဖြစ်ပါတယ်။ ဈေးကွက်ဖွင့်အလုပ်ကိုသာ စနစ်တကျ ဆောင်ရွက်နိုင်မယ်ဆိုရင် ကုမ္ပဏီတစ်ခုအနေနဲ့ ဘာတစ်ခုမှ မထုတ်လုပ်ရသေးခင် ဈေးကွက်ထဲ မဝင်ရသေးခင်ကပဲ အောင်မြင်မှုလမ်းစပေါ် ခြေချမိပြီလို့ဆိုနိုင်လောက်ပါတယ်။

ဈေးကွက်ဖွင့်အမေးအဖြေ(၂)

ဈေးကွက်ဖွင့်တဲ့လုပ်ငန်း ဘယ် တုန်းကစပေါ်လာတာလဲ။

ပထမဆုံးလူသားစçပေါ်လာကတည်းက ဈေးကွက်ဖွင့်တဲ့အလုပ် စçခဲ့တာလို့ ပြောနိုင်စရာရှိပါတယ်။ သမ္မာကျမ်းစာထဲက ပထမဆုံးပုံပြင်ကိုပဲ ကြည့်ပေါ့။ ဧဝက အာဒမ်ကို မစားကောင်းတဲ့ သစ်သီးကို စားဖို့သွေးဆောင်ခဲ့တယ် မို့လား။ အဲဒါ ဈေးကွက်ဖွင့်တာပေါ့။ ဒါပေမယ့် ဧဝဟာ ပထမဆုံး ဈေးကွက်ဖွင့်သူတော့ မဟုတ်ပါဘူး။ ဧဝကို ခုလိုလုပ်ဖို့ သွေးဆောင်တဲ့မြွေကိုသာ ပထမဆုံး ဈေးကွက်ဖွင့်သူလို့ ပြောရမယ်ထင်ပါရဲ့။

ဈေးကွက်ဖွင့်တဲ့အလုပ်ကို ဘာသာရပ်တစ်ခုအနေနဲ့ ပထမဆုံး စသင်ကြားခဲ့တာကတော့ ၂ဝရာစုအစပိုင်းလောက်ရောက် မှပါ။ ဘိဇနက်သင်ရိုးတစ်ခုအနေနဲ့ အမေရိကမှာ စသင်ခဲ့ပါတယ်။ ဖြန့်ဖြူးရေး (အထူးသဖြင့် လက်ကားနဲ့လက်လီဖြန့်ဖြူးရေး) အနေနဲ့ စခဲ့တာဖြစ်ပါတယ်။ ဒီနေရာမှာ ဘောဂဗေဒသမားတွေရဲ့ စိတ်သဘာဝကို ကြားဖြတ်ပြောဖို့ လိုမယ်ထင်တယ်။ ဒီလူတွေက “သီအိုရီ” ဆိုတာကို သိပ်အာရုံ ငြိကြတာကလား။ သီအိုရီနောက်လိုက်ရင်းနဲ့ပဲ စီးပွားရေးဆောင်တာတွေကို ကူညီဆောင်ရွက်ပေးတဲ့ “အင်စတီကျူးရှင်း” တွေရဲ့ အခန်းကဏ္ဍကို ပစ်ပယ်ခဲ့ကြတာ များတယ်။ ဝယ်လိုအားမျဉ်းကွေး၊ ရောင်းလိုအား မျဉ်းကွေး ဆိုတာတွေနဲ့၊ ဈေးနှုန်းသတ်မှတ်ပုံတွေကို ကျကျနန ရှင်းပြခဲ့ပါရဲ့။ ဒါပေမယ့် ထုတ်လုပ်သူကနေ လက်ကားဖြန့်ဖြူးသူ အဲဒီကနေမှ လက်လီရောင်းချသူ၊ အဆင့်ဆင့် ဖြတ်ခဲ့ရတဲ့ ခရီးစဉ်အတွင်းက ဈေးနှုန်း ကွင်းဆက်တွေအကြောင်းကိုတော့ လုံလောက်အောင် ရှင်းမပြနိုင်ခဲ့ကြပါဘူး။ ဒီလိုနဲ့ လက်တွေ့ဆောင်ရွက်ရတဲ့ ဈေးကွက်အပိုင်းမှာ ပညာကွက်လပ်ကြီးတစ်ခု ဖြစ်လာခဲ့တယ်။ အစောပိုင်း ဈေးကွက်ဖွင့်သူတွေဟာ ဒီကွက်လပ်ကြီးကို ဖြည့်ဖို့ကြိုးစားခဲ့ကြသူတွေပါ။ ဘယ်လိုပဲဖြစ်ဖြစ် ဘောဂဗေဒဟာ ဈေးကွက်ဖွင့်ဘာသာရပ်ရဲ့ မွေးသမိခင်လို့တော့ ဆိုနိုင်လောက်ပါတယ်။ အနှစ်သာရ ကျကျပြောရရင် ကျွန်တော်တို့တစ်တွေဟာ ဈေးကွက် ဘောဂဗေဒသမားတွေ မဟုတ်လား။

ဈေးကွက်ဖွင့်ဘာသာရပ်ဟာ အနုပညာလား၊ ဒါမှမဟုတ် အတတ်ပညာလား။

အနုပညာသဘောထက် အတတ်ပညာသဘော အသက်မွေးဝမ်းကျောင်းပညာရပ် သဘောမျိုးက ကဲပါတယ်။ “အမေရိကန် ဈေးကွက်ဖွင့်အစည်းအရုံး” (The American Marketing Association) တို့၊ “ဗြိတိသျှ ချာတာဈေးကွက်ဖွင့်အင်စတီကျူ” (British Chartered Institute of Marketing) တို့ဆိုတာတွေဟာ ဈေးကွက်ဖွင့်သမားတွေအတွက် ပညာရပ်ဆိုင်ရာ အရည်အသွေးတွေ ဖြန့်ဝေပေးနေတဲ့ အဖွဲ့အစည်းတွေ ဖြစ်ပါတယ်။ ဒီအဖွဲ့အစည်းကြီးတွေက အရည်အချင်းပြည့်မီတဲ့ ဈေးကွက်ဖွင့်သမားနဲ့ ယောင်ခြောက်ဆယ် ဈေးကွက်ဖွင့်သမားကို စမ်းသပ်ခွဲခြားနိုင်တယ်လို့ ယုံကြည်ကြတယ်။ ဒါ့ကြောင့်လည်း ဈေးကွက်ဖွင့်ဘာသာရပ်ဟာ အတတ်ပညာသဘော ကဲတယ်လို့ ပြောတာပါ။

ဒါပေမယ့် အတတ်ပညာသက်သက်လို့လည်း ယတိပြတ် မပြောနိုင်ပါဘူး။ ဈေးကွက်ဖွင့်ဘာသာရပ်ကို စနစ်တကျ လေ့ကျင့် သင်ကြားခွင့်မရခဲ့တဲ့ သူတွေဆီက သိပ်ကိုတောက်ပြောင်တဲ့ ဈေးကွက်ဖွင့် အိုင်ဒီယာတွေ ထွက်ပေါ်လာတာမျိုး အများကြီး ရှိဖူးတယ်။ ဥပမာ-”အင်ဗာကမ့်ရက်ဒ်” ဆိုရင် ဈေးကွက်ဖွင့်သမားတစ်ယောက် မဟုတ်ပါဘူး။ ဒါပေမယ့် သူ့ရဲ့ IKEA ကုမ္ပဏီကတော့ ထူးထူးခြားခြားကို အောင်မြင်ခဲ့တယ်။ အထူးသဖြင့် အရည်အသွေးကောင်းတဲ့ ပရိဘောဂတွေကို ကုန်ကျစရိတ် သက်သက်သာသာနဲ့ ဖြန့်ဖြူးပေးတဲ့နေရာမှာ ထိပ်တန်းရောက်ခဲ့တယ်။ ဒီနေရာမှာ ပြောချင်တာက ဈေးကွက်ဖွင့်လုပ်ငန်းမှာ တီထွင်ဖန်တီးမှုဟာ အောင်မြင်ရေး သော့ချက်ဆိုတာကိုပါ။ ဒီအချက်အရဆိုရင် ဈေးကွက်ဖွင့်အလုပ်မှာ အနုပညာသဘောတွေလည်း ပါသလောက်ပါနေတယ်လို့ ပြောနိုင်ပါလိမ့်မယ်။

ပြောရရင် သိပ္ပံပညာ (အတတ်ပညာ) နဲ့ အနုပညာဆိုတာကိုက တစ်ခုနဲ့တစ်ခု ဘာမှ မဆက်စပ်ဘဲ တစ်သီးတခြားစီ ရှိနေကြတာမျိုး မဟုတ်ပါဘူး။ ဂီတမှာ ရူပဗေဒကို အသုံးပြုချဉ်းကပ်ရတဲ့ “မတြာအချိုး” တို့ “နရီသွား” တို့ဆိုတာ ရှိတယ်မို့လား။ ဈေးကွက်မှာလည်း မတြာအချိုးရှိတယ်။ နရီသွားရှိတယ်။ ဈေးကွက်ဖွင့်သုတေသနမှာ ဒါတွေကို လေ့လာကြရတယ်။ ရောင်းအား နဲ့အမြတ်နှုန်းအပေါ် သူတို့ရဲ့သက်ရောက် မှုတွေကို ဆုပ်မိကိုင်မိဖြစ်ဖို့ အားထုတ်ကြရတယ်။ ဒါ့ကြောင့် ဈေးကွက်ဖွင့်ဘာသာရပ်ကို အတတ်ပညာသက်သက်၊ အနုပညာ သက်သက်၊ သိပ္ပံသက်သက်၊ ဝိဇ္ဆာသက်သက်၊အတိအကျကြီး ခွဲပြောဖို့ခက်ပါတယ်။ ဒါတွေအားလုံး စုပေါင်းဖန်တီးရတဲ့ ပညာရပ်လို့ပဲ ဆိုချင်တယ်။

ဈေးကွက်ဖွင့်ဘာသာရပ်ကို အသုံးချသိပ္ပံလို့ကော မပြောနိုင်ဘူးလား။

အင်ဂျင်နီယာပညာဆိုရင် သူ့ရဲ့ခွန်အားကို ရူပဗေဒလို၊ ဓာတုဗေဒလိုအခြေခံ သိပ္ပံဘာသာရပ်တွေဆီက ဆွဲယူ စုစည်းရတာမျိုးရှိတယ်။ ဈေးကွက်ဖွင့်ဘာသာရပ်မှာလည်း ဒီသဘောပါပဲ။ ဘောဂဗေဒ၊ စိတ်ပညာ၊ လူမှုဗေဒ၊ အဖွဲ့အစည်းဆိုင်ရာ သီအိုရီ၊ သင်္ချာ၊ ဆုံးဖြတ်ချက်သိပ္ပံ စတဲ့ အခြေခံ ဝိဇ္ဆာသိပ္ပံဘာသာရပ်တွေနဲ့ ကင်းလို့မရပါဘူး။ ဒီလိုအခြေခံရတဲ့ ဘာသာရပ်တွေ ခေတ်မီတိုးတက်လေ ဈေးကွက်ဖွင့်ဘာသာရပ် ကိုယ်တိုင်လည်း ရှေ့တန်းရောက်လေ ဖြစ်ပါတယ်။ ဈေးကွက်ဖွင့်ဘာသာရပ်ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ကျွန်တော့်ထင်မြင်ချက်ကို ပြောရရင် တစ်ချိန်မှာ “ဝယ်လိုအား စီမံခန့်ခွဲမှုသိပ္ပံပညာ” (science of demand management)အဖြစ် အသွင်ပြောင်းသွားလိမ့်မယ် ထင်တယ်။ ဝယ်လိုအားကို ဘယ်အရာတွေက မောင်းနှင်ပေးတယ်၊သင့်တင့်လျောက်ပတ်တဲ့ အမြတ်ရဖို့ ဘယ်လို လုပ်ကြမယ်ဆိုတဲ့ မေးခွန်းတွေနဲ့ ပတ်သက်တဲ့ တစ်စုံတစ်ရာ ပြီးပြည့်စုံတဲ့ သီအိုရီတစ်ရပ်အနေနဲ့ ဖွံ့ဖြိုးလာလိမ့်မယ်လို့ ယုံကြည်ပါတယ်။

စိတ်ပညာ၊ လူမှုဗေဒ၊ မနုဿဗေဒ နဲ့ဘောဂဗေဒ အကောက်အယူတွေ ဘယ်တုန်းကစပြီး ဈေးကွက်ဖွင့် ဘာသာရပ်ထဲ အကျုံးဝင်လာတာပါလဲ။

ဈေးကွက်ဖွင့်နယ်ပယ်ရဲ့ ဗဟိုချက်မ နေရာမှာ ရှိနေတာဟာ ရောင်းသူတွေ မဟုတ်ဘူး။ ဝယ်သူတွေဆိုတာ ဈေးကွက် ဖွင့်သမားတွေ ကိုယ်တိုင် သဘောပေါက်လာတဲ့ နေ့က စခဲ့တာလို့ ပြောရပါလိမ့်မယ်။ ဝယ်သူအကြောင်း နားလည်ဖို့ဆိုရင် အပြုအမူဆိုင်ရာနဲ့ အဖွဲ့အစည်းဆိုင်ရာ သိပ္ပံပညာကို မလေ့လာလို့ မဖြစ်တော့ဘူး။ ဈေးကွက်ဖွင့် သုတေသီတစ်ယောက်အနေနဲ့ ဖောက်သည်ရဲ့လိုအပ်ချက်၊ သဘောထားအမြင်၊ အကြိုက်စရိုက်နဲ့အပြုအမူတွေကို နားလည်နိုင်ဖို့ လူဦးရေပညာတို့၊ စိတ်ပညာတို့၊ ယဉ်ကျေးမှုဓလေ့တို့၊ လူမှုရေးဩဇာသက်ရောက်မှုတို့နဲ့ ဆိုင်တဲ့ပညာရပ်တွေကို အသုံးပြုရတော့မယ်။ ဒီလို ဘက်ပေါင်းစုံချဉ်းကပ်လေ့လာနိုင်ပါမှ ထိရောက်တဲ့ ဈေးကွက်ဖွင့်မဟာဗျူဟာတစ်ရပ်ကို တီထွင် ချမှတ်နိုင်ပါလိမ့်မယ်။ ဒီလိုနဲ့ပညာရပ် တော်တော်များများဟာ ဈေးကွက်ဖွင့်ဘာသာရပ်ထဲမှာ အကျုံးဝင်လာတာဖြစ်ပါတယ်။

အခုဆိုရင် ဈေးကွက်ဖွင့်ဆိုတဲ့ ဝေါဟာရရဲ့ဂယက်အနက်ဟာ ကုန်စည်နဲ့ ဝန်ဆောင်မှုတွေမှာတာ၊ ပို့တာစတဲ့ အဓိပ္ပာယ်ထက် အများကြီး ပိုကျယ်သွားပါပြီ။ ဒီလိုအပြန့်ကျယ်သွားတာ ကောင်းလား၊ ဆိုးလား။

“ဈေးကွက်ဖွင့်” ဆိုတဲ့ ဝေါဟာရရဲ့ ဂယက်အနက်ကို ဆွဲဆန့်ခဲ့တဲ့သူတွေထဲမှာ ကျွန်တော်ကိုယ်တိုင်လည်း တစ်ယောက် အပါအဝင်လို့ ပြောနိုင်ပါတယ်။ ၁၉၆၉ ခုနှစ်က ကျွန်တော်နဲ့ “ဆစ်ဒနီလယ်ဗီး” ပေါင်းပြီး ဆောင်းပါးတစ်ပုဒ် ရေးခဲ့ဖူးတယ်။ ခေါင်းစဉ်က “အပြန့်ကျယ်လာတဲ့ ဈေးကွက်ဖွင့် အကောက်အယူ” (Broadening Concept of Marketing) တဲ့။ အဲဒီ ဆောင်းပါးမှာ ကျွန်တော်တို့ အခုလို ရေးခဲ့တယ်။

“ဈေးကွက်ဖွင့်အလုပ်ဟာ အမြတ်ရှာ ဖွေတဲ့ အဖွဲ့အစည်းတွေအတွက်သာ အသုံးပြုနိုင်တာ မဟုတ်ပါဘူး။ ပြတိုက်ပြခန်း၊ ဘုရားကျောင်း၊ ပရဟိတအဖွဲ့စတဲ့ အမြတ်နဲ့ မဆိုင်တဲ့ အဖွဲ့အစည်းတွေအတွက်ပါ အသုံးတည့်ပါတယ်။ ဒီအဖွဲ့အစည်းတွေအနေနဲ့ စေတနာ့ဝန်ထမ်းတွေ၊ အလှူရှင်တွေကို ဆွဲဆောင်နိုင်ဖို့ ဈေးကွက်ဖွင့်ဘာသာရပ်ကို ထိထိရောက်ရောက် အသုံးချနိုင်ပါတယ်။ ဒါ့အပြင် ဆေးလိပ်ဆန့်ကျင်ရေးတို့၊ မူးယစ်ဆေးဝါးဆန့်ကျင်ရေးတို့၊ စည်းမဲ့ကမ်းမဲ့ အမှိုက်မပစ်ရေးတို့၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးတို့ စတဲ့လူမှုရေး လှုံ့ဆော်လုပ်ငန်းတွေမှာလည်း ဈေးကွက်ဖွင့် အလုပ်ကို အသုံးပြုနိုင်စရာ ရှိပါတယ်။”

အခုဆိုရင် ၁၉၆၉ခုနှစ်လောက်က ကျွန်တော်တို့ စဉ်းစားခဲ့တာထက်တောင် ပိုကျယ်ပြန့်သွားပါပြီ။ ကုန်စည်တွေ၊ ဝန်ဆောင်မှုတွေသာ မကတော့ဘူး၊ အတွေ့အကြုံတွေ၊ သတင်းအချက်အလက်တွေ၊ အိုင်ဒီယာတွေ၊ အရေးတော်တွေကိုတောင် ဈေးကွက်ဖွင့်လို့ ရနေပါပြီ။ တခြား ဘာသာရပ်တွေလိုပါပဲ။ ဈေးကွက်ဖွင့်ဘာသာရပ်ကို အသုံးပြုကြတဲ့ နေရာမှာတော့ ကောင်းတဲ့ရည်ရွယ်ချက်၊ ဆိုးတဲ့ရည်ရွယ်ချက် အမျိုးမျိုး ရှိနိုင်တာပေါ့။ ဘာသာရပ်တစ်ခု အနေနဲ့ ပြောရရင် ဈေးကွက်ဖွင့် အိုင်ဒီယာတွေကိုသာ ကျကျနန အသုံးပြုနိုင်မယ်ဆိုရင် အဆိုးထက် အကျိုးက ပိုများလိမ့်မယ်လို့ ယေဘုယျပြောနိုင်ပါလိမ့်မယ်။

ဒီနေ့ခေတ်မှာ အသင့်အသုံးချနိုင်တဲ့ ကုန်ပစ္စည်းတွေ အလျှံပယ်ရှိနေပြီဆိုတော့ ကျွန်တော်တို့ လိုအပ်ချက်တွေ အားလုံး ဒါမှမဟုတ် အားလုံးနီးပါးကို ဖြည့်ဆည်းပေးနိုင်ပြီလို့ ဆိုနိုင်ပြီလား။ ဒါဆိုရင် ဒီနေ့ ဈေးကွက်ဖွင့်လုပ်ငန်း ရင်ဆိုင်နေရတဲ့ ပြဿနာဟာ မဖြည့်ဆည်းနိုင်သေးတဲ့ လိုအပ်ချက် အနည်းငယ်လောက်ပဲ ရှိတော့တယ်လို့ ပြောနိုင်ပါပြီလား။

ဈေးကွက်ဖွင့်အလုပ်အကြောင်း ပြောကြတဲ့အခါတိုင်း မဖြည့်ဆည်းနိုင်သေးတဲ့ လိုအပ်ချက်တွေကို ဖြည့်ပေးဖို့ဆိုတဲ့ စကားကို ကျွန်တော်တို့ အမြဲပြောကြရပါတယ်။ ဒီနေ့ခေတ်မှာ ကျွန်တော်တို့ လိုအပ်ချက် အများစုကို ဖြည့်ပေးနိုင်တဲ့ ပစ္စည်းတွေ အလျှံပယ်ရှိနေပြီ ဆိုတာလည်းအမှန်ပါပဲ။ ဒါ့ကြောင့်လည်း ကျွန်တော့်ရဲ့အီတာလျှံမိတ်ဆွေကြီး “ပီထရိုဂူဒို” က “ဘာမှ မလိုတော့တဲ့ လူ့အဖွဲ့အစည်း” (The No Need Society) ဆိုတဲ့ ခေါင်းစဉ်နဲ့ စာအုပ်တစ်အုပ် ရေးခဲ့တာပေါ့။ ဒီစာအုပ်မှာ “ဘာမှ မလိုတော့ဘူးဆိုတာနဲ့ ဈေးကွက်ဖွင့်စရာ မလိုတော့ဘူးလား” ဆိုတာကို မိတ်ဆွေကြီးက မေးခွန်း ထုတ်ဆန်းစစ်ပြထားတယ်။ သူ့ သဘောကတော့ ဈေးကွက်ဖွင့်သမားတွေအနေနဲ့ လိုအပ်ချက်ကို ဖြည့်ပေးရုံနဲ့တာဝန် မကျေသေးဘူး။ လိုအပ်ချက်ကိုလည်း ဖန်တီးနိုင်ရမယ်လို့ ဆိုပါတယ်။

ဥပမာ-ဆိုနီက အီလက်ထရောနစ် ပစ္စည်းသစ်တွေ ဖန်တီးပေးသလိုမျိုးပေါ့။ ဒီနေ့ လူသုံးများနေတဲ့ ဝေါ့ခ်မင်တို့၊ စခရင် ကြီးကြီးနဲ့တီဗွီတို့၊ ဗီဒီယိုကင်မရာပိစိကွေးလေးတို့ ဆိုတာတွေဟာ ဟိုးလွန်ခဲ့တဲ့နှစ်တွေက ဘယ်သူမှ လိုအပ်ခဲ့တာတွေ မဟုတ်ဘူးလေ။ ဒီပစ္စည်းတွေရဲ့တန်ဖိုးကို သိလာမှ လိုအပ်ချက် အသစ်တွေပေါ်လာတာပါ။ ကုမ္ပဏီတွေအနေနဲ့ ဈေးကွက်အမောင်းခံ (market driven)ဘဝက နေဈေးကွက်ကို ကိုယ်တိုင်မောင်းမယ့် (market driving) အခြေအနေရောက်အောင် လှည့်ပြောင်းဖို့ လိုပါတယ်။ ဒါဟာလည်း ဈေးကွက်ဖွင့်လုပ်ငန်း နယ်ပယ်ထဲမှာ ရှိတာပါပဲ။

နောက်တစ်ခုပြောဖို့ရှိတာက “မဖြည့် ဆည်းနိုင်သေးတဲ့ လိုအပ်ချက်ဆိုတာ ဘယ်ခေတ်ဘယ်ကာလမှာ မဆို ရှိမြဲရှိနေမယ့် အချက်ပါ။ လူ့လိုအပ်ချက်ဆိုတာ အကန့်အသတ်မှ မရှိတာကလား။ “လူ့အလို နတ်မလိုက်နိုင်” ဆိုသလိုပေါ့။ လူတစ်ယောက်ဟာ တောက်လျှောက် ပင်ပင်ပန်းပန်း အလုပ်လုပ်နေရရင် နားချင်လာမှာပဲ။ တစ်ခါ…အကြာကြီးနားနေရရင်လည်း လုပ်ငန်းခွင် ပြန်သွားချင်ဦးမှာပဲ။ ဒီကနေ့ မမွေးသေးတဲ့ ကလေးတွေဟာ မဖြည့်ဆည်းနိုင်သေးတဲ့ လိုအပ်ချက်အစုအဝေးကြီးကို ကိုယ်စားပြုသူတွေလို့ ပြောနိုင်စရာရှိပါတယ်။ ဒီတော့ ကျွန်တော့်အမြင်ပြောရရင် ဈေးကွက်ဖွင့်အလုပ်ဆိုတာ လူ့ဖြစ်တည်မှုနဲ့ စခဲ့သလို လူရှိနေသရွေ့ ဆက်ရှိနေဦးမှာပဲလို့ ထင်ပါတယ်။

လူပုဂ္ဂိုလ်တစ်ဦးချင်းရဲ့ လိုအပ်ချက်တွေကို ကျေနပ်အောင် ဖြည့်ဆည်းပေးတဲ့နေရာမှာ ဈေးကွက်ဖွင့်တဲ့ လုပ်ငန်းဟာ အကောင်းဆုံးနည်းလမ်းလို့ ဆိုနိုင်ပါသလား။ ဘာ့ကြောင့်လဲ။

လူတွေမှာ ကိုယ့်လိုအပ်ချက်ပြည့်စုံ ကျေနပ်စေဖို့ နည်းမျိုးစုံ ကြိုးပမ်းအားထုတ် ကြတာရှိပါတယ်။ တချို့က ခိုးတယ်။ တချို့က တောင်းတယ်။ ဈေးကွက်ဖွင့် အလုပ်ကတော့ ဖလှယ်တဲ့နည်းကို သုံးပါတယ်။ တစ်ဖက်လူလိုအပ်မယ့် တန်ဖိုးကို ဖန်တီးပေးပြီး ကိုယ်လိုအပ်တာကိုပြန်ယူတယ်။ ဒါ့ကြောင့် ဈေးကွက်ဖွင့်တာရဲ့ အခြေခံ အကောက်အယူဟာ “ဖလှယ်တာ” လို့ ပြောနိုင်ပါလိမ့်မယ်။ ဒီနည်းဟာ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းရဲ့ ကျိုးကြောင်းဆီလျော်မှု အရှိဆုံးနဲ့ဆန္ဒအရ ရွေးချယ်တဲ့ လူ့သဘာဝတစ်ခုလည်း ဖြစ်ပါတယ်။

ဈေးကွက်ဖွင့်လုပ်ငန်းရဲ့ မစ်ရှင်ဟာ ဘာလဲ။

ဒီမေးခွန်းအတွက် အနည်းဆုံးအဖြေ သုံးခုရှိပါတယ်။ ရှေးအကျဆုံးအဖြေကတော့ ဒီလိုပါ။ ဈေးကွက်ဖွင့်မစ်ရှင်ဆိုတာ ကုမ္ပဏီက ထုတ်လုပ်တဲ့ ပစ္စည်းအချို့ ဒါမှ မဟုတ် ပစ္စည်းအားလုံးကို လူတချို့ ဒါမှ မဟုတ် လူတိုင်းကို ရောင်းချဖို့ဖြစ်ပါတယ်။ ပြည့်စုံလုံလောက်မှု မရှိသေးတဲ့ အဖြေလို့ ဆိုရပါလိမ့်မယ်။

ဒုတိယအဖြေက ပိုခေတ်မီပါတယ်။ ဈေးကွက်ဖွင့်မစ်ရှင်ဆိုတာ အသေအချာ သတ်မှတ်ချိန်ရွယ်ထားတဲ့ ဈေးကွက်ရဲ့ အသေအချာ သတ်မှတ်ထားတဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်မယ့် ပစ္စည်းတွေဖန်တီးဖို့ ဖြစ်ပါတယ်။ မျက်မှောက်ခေတ် ဈေးကွက်ဖွင့် အလုပ်ကို ထင်ဟပ်စေနိုင်ပေမယ့် ပြီးပြည့်စုံပြီလို့ မဆိုနိုင်သေးပါဘူး။

တတိယအဖြေက ဒဿနသဘော ဆောင်ပါတယ်။ ဈေးကွက်ဖွင့်မစ်ရှင်ဆိုတာ ကမ္ဘာတစ်လွှားမှာရှိတဲ့ လူသားတိုင်းအတွက် ဘဝအရည်အသွေးနဲ့ ရုပ်ပိုင်းဆိုင် ရာလူနေမှု အဆင့်အတန်းကို မြှင့်တင်နိုင်ဖို့ ဖြစ်ပါတယ်။ ကျယ်ပြန့်တဲ့ ရည်မှန်းချက်ကို ကိုယ်စားပြုနိုင်တာမို့ (အခုချိန်ထိ) ပြီးပြည့်စုံဆုံး အဖြေလို့ ဆိုနိုင်ပါတယ်။

ဈေးကွက်ဖွင့်လုပ်ငန်းရဲ့ အခန်းကဏ္ဍဟာ မဖြည့်ဆည်းနိုင်သေးတဲ့ လိုအပ်ချက်တွေကို ခံစားသိရှိ၊ သတိပြုနိုင်ဖို့နဲ့ ဆွဲဆောင်အားကောင်းတဲ့ ဖြေရှင်းနည်းအသစ်တွေ ဖန်တီးနိုင်ဖို့ ဖြစ်ပါတယ်။ ဒီအတွက် အကောင်းဆုံး ဥပမာကတော့ ခေတ်မီ မီးဖိုချောင် သုံးပစ္စည်းတွေပါ။ ဒီပစ္စည်းတွေရဲ့  တန်ဖိုးဟာ အမျိုးသမီးတွေကို ငြီးငွေ့ထုံထိုင်းတဲ့ အိမ်အလုပ်တွေက လွတ်မြောက်စေပြီး သူတို့ရဲ့ကိုယ်ရည်ကိုယ်သွေးကို ဖွံ့ဖြိုးလာစေဖို့ ဖြစ်ပါတယ်။

(အခွင့်အလမ်းဂျာနယ်မှ ကူးယူဖော်ပြပါသည်။)

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s