“PO” နှင့် ” YES or NO” အိုင်ဒီယာများ
ဒီခေါင်းစဉ်ထဲကနဲ့ ဆိုင်တဲ့ သီချင်းလေးတစ်ပုဒ်သွားသတိရမိပါတယ်။
“YES”or “NO” တစ်ခုခုဖြစ်မယ်။
NO ဆိုရင် စိတ်ညစ်ရမယ် ။ ကောင်မလေးရယ် မကျီစားနဲ့ ” မင်းမော်ကွန်းရဲ့ သီချင်းလေးစာသားအတိုင်း ပါပဲ။
” မင်းမှန်ရင် ငါမှားတယ်။
ငါမှားရင် မင်းမှန်တယ်..။
ဟိုဟာမဟုတ်ရင် ဒီဟာ။
ဒီဟာ မဟုတ်ရင် ဟိုဟာ။”
အဲ ကျွန်မပေါက်ကရ စရေးတော့မည် မဟုတ်ပါ။ ခေါင်းစဉ်က လေးလို့ တစ်လကျော်ကျော် လောက်ကတည်းက ရပ်ထားပြီးမှ မရေးသေးပဲ အခုမှပြန်လည်အစဖော်ပြီးရေးမယ် စိတ်ကူးမိပါတယ်။
သမရိုးကျကို အခြေခံတဲ့အတွေးများက ကျွန်မတို့ ပတ်ဝန်းကျင်မှာ နေရာယူပြီး ဒါတွေကိုပဲ အိုင်ဒီယာအသစ်ဆိုပြီး အငြင်းအခုံပြုလျှက် ရှိနေသည်သာ။
ဒီကြားထဲ အမှန်နဲ့ အမှားကို ဘယ်ဟာနဲ့တိုင်းမလဲ တိုင်းတာဖို့ စံပြုချက်တွေနဲ့ပေါ်လာပြန်ရင်လည်း
ပြောကြတဲ့ကမ္ဘာဦးထဲက မပြီးသေးတဲ့ အမှန်နဲ့ အမှား ပုစ္ဆာတွေအဖြေညှိုဖို့ တချို့ ကလည်း
စိုင်းပြင်းနေကြလျှက်ရှိပါတယ်။ တခါတလေ ကျွန်မကိုယ်တိုင်အပါအ၀င်ပါပဲ ဖြစ်နေတက်ပါတယ်။
ဒီလို အမှန်နဲ့ အမှား ၊ YES”or “NO” တွေနဲ့ အသားကျနေတဲ့ ကျွန်မကို စာအုပ်နှစ်အုပ်ကနေ ဒီလိုမျိုးစာရေးဖို့ တွန်းအားပေးဖြစ်ပြန်ပါတယ်။ အဲဒီ့စာအုပ်ရဲ့ အစကတော့ ဆရာ ကိုတာဘာသာပြန်ရေးတဲ့ အက်ဒ၀ပ် ဒီဘိုးနိုး(Edward de Bono)ရဲ့ ”ဖြန့် ထွက်တွေးနည်း” စာအုပ်ပါ။ ဒီစာအုပ်ထဲကအကြောင်းလေးကို အရှေ့ မှာ Lateral Thinking – ဖြန့် ထွက်တွေးခြင်း ဆိုပြီး ရေးထားခဲ့ပါတယ်။
ဖြန့် ထွက်တွေးခြင်းဆိုတာ ဘက်ပေါင်းစုံက ပြန်စဉ်းစားတာဖြစ်ပါတယ်။ မတူခြားနားတဲ့နည်းတွေနဲ့ ပြဿနာကို ကြည့်မြင်တာပါ။ ချဉ်းကပ်ပုံတွေကို ရှာဖွေဖို့ ကြိုးပမ်းတယ်။ ဒီစဉ်းစားပုံကို သူတို့ အနောက်တိုင်းမှာ 1966နဲ့ 1967 ခုနှစ်လောက်က စခဲ့တာလို့ မှတ်သားရပါတယ်။
“ယုတ္တိနည်းကျ စဉ်းစားနည်း( Logical Thinking) မှာ NO ဆိုတာ သော့ချက်စကားလုံးဖြစ်နေသလို  ဖြန့် ကျက်တွေးနည်းမှာလည်း PO ဟာ သော့ချက်ဖြစ်လာပါတယ်။
တကယ်တော့ PO ဆိုတာ (Hypothesis, Possible, Suppose နဲ့ Potery ) ဆိုတဲ့စကားလုံးတွေက ယူထားတာဖြစ်ပါတယ်။ ကဗျာခံစားသူတွေအတွက်တော့ စိတ်ဝင်စားစရာပါပဲ။
  • အောက်မှာ စာအုပ်ထဲက တင်ပြထားတဲ့ ဇယားလေးဆွဲကြည့်ပြီး အင်တာနက်မှရှာဖွေသမျှနဲ့ ပေါင်းစပ်ပြီးရေးထားပါတယ်။ပုံလေးထဲမှာ အဓိပ္ပာယ်ဖော်နိုင်တာတွေ အများကြီးပါ။ ပုံလေးကြည့်ရင် ပိုရှင်းသွားနိုင်ပါတယ်။
  • NO ပုံထဲမှာ ယူဆတဲ့ပုံလေးကြည့်ရင် စက်ဝိုင်းထဲမှာ လက်မခံနိုင်တဲ့အရာနဲ့ တွေ့ တဲ့အခါ မျှားရှောင်သွားတာမျိုးပါ။
  • YES ကတော့ ဒါအမှန်ပဲယူဆလိုက်တဲ့အတွက် စက်ဝိုင်းထဲကို မျှားဝင်သွားပြီး အဲဒီ့မှာတင် လက်ခံလိုက်တဲ့သဘောပါ။ ရှေ့ မဆက်တော့ပါဘူး။
  • PO မှာတော့ ပုံထဲမှာ မြင်ရတဲ့အတိုင်း စက်ဝိုင်းကိုတောင်ဖောက်ပြီး အပြင်ဘက်ထိရောက်အောင် စဉ်းစားတဲ့ပုံစံမို့ တီထွင်ဖန်တီးစနစ်ကို အခြေခံပါတယ်လို့ ပြောပါတယ်။
  • ဒါကြောင့်လည်း PO ရဲ့ အိုင်ဒီယာလေးဟာ Lateral Thinking ရဲ့ အခြေခံလို့ ဆိုထားပြီး ရှေ့ ကိုဆက်ပြီး ဖောက်ထွက်တွေးဖို့ ညွှန်ပြထားလို့ ကျွန်မ တော်တော်သဘောကျမိပါတယ်။
  • PO နဲ့ NO က ဖြောင့်ဖြောင့်ကြီး ဆန့် ကျင်နေတာရှိပါတယ်။
  • NO က တံခါးတွေကို အသေပိတ်တယ်။ PO ကို တံခါးကို ဇွတ်ဖွင့်တယ်။
  • ဘက်နှစ်ဖက် အငြင်းပွားပြီးဆိုရင် PO သမားက တစ်ဖက်လူရဲ့ အမြင်ကို လောကအမြင်တစ်ခုအနေနဲ့ အသိအမှတ်ပြုတယ်။
  • NO သမားကတော့ ရူးကြောင်မူးကြောင်အမြင်ပါဆိုပြီး ငြင်းပယ်တယ်။
  • PO သမားက အိုင်ဒီယာအသစ်အားလုံးကို သူ့ ခေါင်းထဲအ၀င်ခံပြီး ရှိရင်းစွဲ အိုင်ဒီယာနဲ့  ဓါတ်ပြုစေတယ်။
  • NO သမားက အိုင်ဒီယာအသစ်အားလုံးကို ဇွတ်မောင်းထုတ်ပြီး တစ်ခုတည်းသော အိုင်ဒီယာကိုသာ သူ့ ခေါင်းထဲမှာ ရှင်သန်ခွင့်ပေးတယ်။
  • PO သမားက ဦးနှောက်ကို မုန်တိုင်းဆင်တယ် (Brain Stroming)။
  • NO သမားကတော့ ဦးနှောက်ကို ကျောက်ချထားတယ် (Brain Anchoring)။
ဆရာကျော်ဝင်းရဲ့ အတောင်ပံပါသော စကားလုံးများ စာအုပ်ထဲကအကိုးအကားအနည်းငယ်ထည့်ပြီး ရှာဖွေလို့ ရသမျှနဲ့ ပေါင်းပြီး ကျွန်မညဏ်မှီသလောက်ပဲရေးထားပါတယ်။ ဒါကြောင့် ဒီအိုင်ဒီယာများနဲ့ ပက်သက်ပြီး ဝေဖန်ဆွေးနွေးရန်ပြောဆိုလိုပါက ကျွန်မရဲ့ ဖွင့်ထားသောစာများအတွက် အထူး ကြိုဆိုပါတယ်။
ယောနိသောမနာသီကာရ
လေးစားလျှက်
မြလေးသျှင်
စာညွှန်း။        ။  ကျော်ဝင်း- အတောင်ပံပါသောစကားလုံးများ။
ကိုတာ-    ဖြန့် ထွက်တွေးခြင်း။
Internet
2 comments on ““PO” နှင့် ” YES or NO” အိုင်ဒီယာများ
  1. ငါမှန်တိုင်း မင်းမမှားပါဘူး
    ကိုတာ စာအုပ်ကော ကျော်ဝင်းစာအုပ်ကော ဖတ်ဘူးတယ် တချို့ ဟာတွေ နားမလည်ဘူး (လိုက်လို့ မမှိဘူးပေါ့ ) ဒါကြောင့်မဆွေးနွေးတော့ဘူး (သေချာပြန်ဖတ်လိုက်ဥိးမယ်လေနော် နောက် ၂ ခေါက်လောက်ပေါ့ နော့် 
    ဘာကိုဘဲလေ့လာလေ့လာ မီးလေးစာထည်းက NO နဲ့ မလေ့လာပါနဲ့  OPEN MIND လို့ ခေါ်တဲ့ ဖွင့်ထားတဲ့ နှလုံးသားနဲ့ လေ့လာပါ ငါမှန်တိုင်း မင်းမမှားဘူး သူနိုင် ကိုယ်နိုင်ဆိုတဲ့ လမ်းကြောင်းသဘောတရားမျိုးတွေ အများကြီး ရှိနိုင်ပါသေးတယ်
    ပျော်ရွှင်ပါစေ မီးလေး
Leave a comment