နှင်းဆီ Vs သဇင်
ပန်းတကာ့ပန်းထဲမှာ ကျွန်မအကြိုက်ဆုံးပန်းကို ပြောပါဆိုလျှင် မဆိုင်းမတွ ဖြေမည်မှာ နှင်းဆီပန်း ဖြစ်ပါသည်။ နှင်းဆီကို မြင်ရသောအခါ သူ့ ပွင့်လွှာ၊ရနံ့ နှင့် လိုက်ဖက်ညီစွာ အစိမ်းရောင်အရွက်များက ကျွန်မအတွက် ဘယ်လိုပင်ကြည့်ကြည့်မျက်စိကျစရာချည်း ဖြစ်နေသည်။ နှင်းဆီကို ရုပ်ပုံအနေဖြင့် မြင်ရလျှင်
ပွင့်လွှာပွင့်ချပ်တို့ အစီအရီဖြင့် သူ့ အလှကိုမြင်ရုံဖြင့် ကျွန်မစိတ်ဝယ် ခံစားမိသည်သာဖြစ်သည်။
သို့ သော် နှစ်ဆယ်ရာစု ကဗျာဆရာတို့ အလိုအရသာ
"နှင်းဆီကယဉ်၊ သဇင်ကပြုံး
 အပွင့်မှာ ပန်တော်ဝင်ပေ့၊
 အပင်မှာ ဘယ့်အတွက်ကယ်၊
 ဆူးဖက်သတုံး"
ဟု အပြစ်တင်လေသံနှင့်ဆိုကြပါသည်။
နှင်းဆီအပေါ်လျှောက်လဲချက်
သဇင်ကမှတော်ဝင်၍ှ နှင်းဆီက ဆူးဖက်သော ဗီလိန်(လူကြမ်း)ဖြစ်နေကြောင်း ဆိုကြလေသည်။
သို့ ရာတွင် ဆရာကြီးမင်းသုဝဏ်၏  “နှင်းဆီပွင့်” ကဗျာတွင် နှင်းဆီမှာ ခရေပန်းထက်စာလျှင် ပိုပြီး  ဂုဏ်တင့်စရာဖြစ်ကြောင်း ကဗျာများထဲမှ ဤကဲ့သို့ သဘောတရားများကို တွေ့ ရှိရလေသည်။
ပန်းတို့ သည် မည်သို့ ပင်ဖြစ်စေ အရာအားလုံးတို့ တွင် ခံယူသူ၏ သဘောထားတွင် မူတည်နေတော့သည်။
ကျွန်မတို့ မြန်မာ့ယဉ်ကျေးမှုနယ်ပယ်တွင် နှင်းဆီအပေါ် တော်ဝင်မဟုတ်ကြောင်း  ပြဌာန်းထားခြင်းအပေါ် နည်းနည်းတော့ စဉ်းစားချင်စရာဖြစ်လာပါသည်။ အဘယ့်အတွက်များ ဆူးဖက်သော နှင်းဆီဟု တရားသေ တော်ဝင် မဟုတ်ကြောင်း ရန်ညှိုးထားရပါသနည်း။    နှင်းဆီနှင့်ပက်သက်၍ အနောက်တိုင်းဘက်မှာတော့ တော်ဝင်ဆိုသော စကားလုံးကို အသုံးများသည်ကိုတော့ တွေ့ ရပါသည်။
“Royal Rose” ဆိုသော သီချင်းကို မင်းသမီးဒိုင်ယာနာလွမ်းဖွယ်အဖြစ် သီဆိုခဲ့ပါသည်။ ဒီသီချင်းကို အဆိုတော်လေးလေးဝါးက “တော်ဝင်နှင်းဆီ” သီချင်းအဖြစ် ပြန်လည် သီဆိုထားလို့ မှတ်မိနေပါသည်။
နှင်းဆီကို နာမပညတ်အနေဖြင့် ခေါ်လိုရာခေါ်၊သဘာဝပရမတ်ကတော့ မပြောင်းလဲ၊ မဖောက်ပြန်သည့် အကြောင်းကို ရှိတ်စပီးယား၏ “ရိုမီယို နှင့် ဂျူးလိယတ်”စာအုပ်ထဲမှ ဖော်ပြပါ စာကြောင်း သည် အသက်ဝင်လှပါသည်။
"The rose, by any other name, would smell as sweet"
 "နှင်းဆီပန်းကို ဘာနာမည်နှင့်ခေါ်ခေါ် မွှေးနေကျအတိုင်းပင် မွှေးပေလိမ့်မည်။
ကျွန်မယခုလို နှင်းဆီနှင့်သဇင်အကြောင်း ယှဉ်တွဲမိသည်မှာ မေမေကြောင့်ဖြစ်သည်။ ကျွန်မမေမေသည် သဇင်ပန်းကို အကြိုက်ဆုံးပန်းအဖြစ် ခံယူထားသည်။ သူမ ခံယူထားသော သဘောထားမှာ
” သမီးရယ်…သဇင်ဆိုတာ ဟိုမြေနိမ့်မှာ မပေါက်ဘူး၊ သစ်ပင်အမြင့်ကြီးမှာ ပေါက်တာ၊ ပြီးတော့ သဇင်က တော်ဝင်ပန်းပါ၊ ရနံ့ ကလည်း သင်းတယ်လေ၊ အရမ်းမပြင်းဘူး၊ နှင်းဆီကတော့ မြေနိမ့်စံပန်း၊ ဆူးတွေနဲ့ မို့ တော်ဝင် မဟုတ်ဘူး”
ဟု သူမ အတွေးနဲ့ သူမပြောလေသည်။
မေမေ့ကိုတော့ စကားအဖြစ် ပြန်မပြောခဲ့ပါ။ ကျွန်မပြောချင်သော စကားလုံးများကို ယခုစာများဖြင့် ကျွန်မစိတ်ထဲမှ ပြောပြီး ရေးလိုက်ပါသည်။
” မေမေရေ… နှင်းဆီကြိုက်တဲ့ သမီးက မေမေကြိုက်တဲ့ သဇင်လို သစ်ပင်အမြင့်ကြီးပေါ်မှာပဲပေါက်ပေါက်၊ ပန်းအိုးနဲ့ စိုက်ပြီးတယုတယ ပဲပေါက်ပေါက်၊ တခြားသစ်ပင်အားကိုးနဲ့ ကပ်ပေါက်နေရတဲ့ တော်ဝင်ပန်းမျိုး မကြိုက်ပါဘူး၊ နှင်းဆီကလေ…မြေနိမ့်မှာပဲ ဖြစ်ဖြစ်၊ ပန်းအိုးထဲမှာပဲဖြစ်ဖြစ်…သူ့ အပင်နဲ့ သူရပ်တည်နိုင်တဲ့ပန်းအဖြစ် ပေါက်တာပါ။ ဆူးတွေနဲ့ မို့ အပြစ်မတင်ပါနဲ့ အုံး မေမေရေ… သူ့ ဘ၀ဟာ လောကဓံဆူးတွေ၊ မာနလှိုင်းတံပိုးတွေကြားမှာ သိပ်လှတဲ့ ပန်းတစ်ပွင့်ဖြစ်အောင် ကြိုးစားနေသူပါ။”
ပန်းတစ်ပွင့်အား ကဗျာတစ်ပုဒ်အဖြစ် ကျွန်မ ပြောင်းလဲဖို့ အရင်က ကြိုးစားကြည့်ဖူးပါသည်။
ချစ်သော ပန်းနှင်းဆီ ကဗျာတစ်ပုဒ်ဖြင့်ပါ။ သို့ သော် ကျွန်မကဗျာမှာ အတော်လေးညံ့နေပါသည်။
သို့ သော်လည်း နှင်းဆီသည် ကျွန်မနှစ်သက်မိသောပန်းအဖြစ် အထက်ပါလျှောက်လဲချက်များဖြင့် အသက်သွင်းမိပြန်ပါသည်။
“ပန်းတို့ မည်သည် ၊ ဖူးပြီးလျှင်ပွင့်
ပွင့်ပြီးလျှင်ကြွေ၊ မကြွေခင်မေ
ပန်းသခင်နှင့် နေပါရစေ”။     ။
ယောနိသော မနာသီကာရ
လေးစားလျှက်
မြလေးသျှင်
Advertisements
2 comments on “နှင်းဆီ Vs သဇင်
  1. ဟုတ်တယ်ဗျ။ ကျနော်လည်း နှင်းဆီပဲ ကြိုက်တယ်။ ကျနော့် about me ဆိုတဲ့ ပုံမှာ နှင်းဆီပန်းလေးတောင် ထည့်ထားသေး။
  2. သျှင်ရေ
    အကြိုက်ချင်းတူနေပြီကွယ်
    တို့ကတော့ နှင်းဆီကိုကြိုက်တာ ရဲရင့်လို့… ကိုယ့်ကိုယ်ကို ဆူးတွေနဲ့ ကာကွယ်ထားတတ်လို့ သဘောကျတာ… မိန်းကလေးတစ်ယောက်ရဲ့ ဘ၀နဲ့ နှင်းဆီကို ထပ်တူကျတယ်လို့ ဥပမာပေးချင်တယ်.. ဆူးဆိုတဲ့ အရံအတားတွေ မရှိခဲ့ရင် နှင်းဆီကို လူတိုင်းက လွယ်လွယ်ခူးချင်ကြတယ်.. ဆူးတွေနဲ့ကာရံထားလိုက်တော့ လူတိုင်းလွယ်လွယ်ခူးလို့ မရတော့ဘူးလေ…
    မိန်းခလေးဆိုတာလဲ မိမိကိုယ်ကို ဆူးနဲ့တူတဲ့ အရံအတားတွေနဲ့ ထိန်းသိမ်းသင့်တယ်လို့ ကိုယ်တော့မြင်တယ်..
    ပြီးတော့ နှင်းဆီဆိုတာ ကိုယ့်အားကိုယ်ကိုးတာလေ.. သဇင်လို အမှီရှိမှ ပွင့်ရတဲ့ ဘ၀မှ မဟုတ်တာ.. ဒီတော့ သဇင်ဆိုတာ ရှားပါးတာရယ်.. သူ့ရာသီနဲ့သူမှ ပွင့်နိုင်တာကြောင့်ရယ်မို့ လူတွေက တန်ဖိုးထားတာပါ..တကယ်တမ်းတော့ သူ့အလှက နှင်းဆီရဲ့ လှပမှု ရဲရင့်မှုကို ဘယ်လိုမှ ကို မမှီတာပါ…
Leave a Reply
Fill in your details below or click an icon to log in:
WordPress.com Logo
You are commenting using your WordPress.com account. Log Out / Change )
Twitter picture
You are commenting using your Twitter account. Log Out / Change )
Facebook photo
You are commenting using your Facebook account. Log Out / Change )
Google+ photo
You are commenting using your Google+ account. Log Out / Change )
Connecting to %s