အေးမြသော ပူအိုက်ခြင်းတစ်မျိုး
ဒီနေ့ (၂၃/ ၁၀/ ၂၀၁၁) ညနေတုန်းက ဂျာနယ်ဝယ်ပြီး လမ်းမှာ မထင်မှတ်တဲ့ အဖြစ်အပျက် စကားသံတချို့ ကို အိမ်အပြန်လမ်းတစ်လျှောက် ကြားယောင်မိခဲ့ပါတယ်။
အဲသည့်စကားသံများကို မျှဝေချင်လို့  ဒီစာမျက်နှာလေးက တဆင့်ရေးမိတာပါ။
အိမ်အပြန်လမ်းမှာ မုန့် ဝယ်ဖို့ စဉ်းစားမိပြီး လမ်းဘေးမုန့် ဆိုင်မှာ မုန့် တွေရှာနေတုန်း ပူအိုက်လို့ ဝယ်လာတဲ့ဂျာနယ်နဲ့ ယပ်တောင်သဘောထားကာ ယပ်ခပ်နေမိခဲ့ပါတယ်။
ဆိုင်က မုန့် ထုပ်တွေများလို့ ဘာယူရမလဲ စဉ်းစားနေရင်း ဂျာနယ်နဲ့ ယပ်ခပ်မိနေခြင်းရယ်ပါ။
ပြီးတော့ ပါလာတဲ့ပိုက်ဆံနဲ့ ဘယ်လောက်ဝယ်ရမလဲ ချိန်နေတုန်း အမှန်တော့ ကိုယ်တိုင် ယပ်ခပ်မိနေတာကိုတောင် ကိုယ့်အာရုံနဲ့ ကိုယ် လုံးဝသတိမထားမိပါ။
ကိုယ့်ဘာသာကိုယ် မုန့် တွေရွေးနေတုန်း အနားက ဘယ်သူ ဖြတ်သွားမှန်းလည်း သတိမထားမိပါ။
ကျွန်မ မုန့် တွေ ဘာယူရမလဲ ရွေးနေတုန်း ကျွန်မဘေးမှာ လာပြောသည့် တစ်စိမ်းတစ်ယောက် အသံကို မထင်မှတ်ဘဲ ကြားလိုက်ရပါသည်။
သူပြောလိုက်သည့်အသံမှာ
“ဟဲ့…နင်တစ်ယောက်တည်း ဒီလောက်ချမ်းတဲ့အချိန်မှာ ပူနေရတယ် ”  ဟူသော အပြစ်တင်လေသံ ဖြစ်ပါသည်။
အစက ကျွန်မကို ပြောမှန်း မသိသေးပါ..သူပြောတာလည်း သိပ်နားမလည်ပါ…
ကျွန်မကို အဲသည်လိုပြောနေသူကို ကြည့်လိုက်တော့ အသားဖြူဖြူအဘိုးကြီးတစ်ယောက် တုတ်ကောက်တစ်ချောင်းကိုင်လျက် အနွေးထည်အနက်ကြီးဝတ်ထားသည်။
အဘိုးကိုလည်း ကျွန်မမသိပါ၊
သူပြောတာကို သဘောပေါက်ဖို့ မုန့် ရွေးနေတဲ့အချိန်အတောအတွင်းမှာ မနည်းစဉ်းစားလိုက်ရသည်။
“အသက်အရွယ်ကြီးသူများမှာ အသက်ကြီးလာရင် အအေးဒဏ်ကို လူငယ်တွေလောက် မခံစားနိုင် ” ဟူသော ကျန်းမာရေးဗဟုသုတကို အဲသည့်အချိန်တိုလေး အတွင်းမှာ ကျွန်မဦးနှောက်ထဲ အပြေးဝင်လာမိသည်။
ဟုတ်ပေမည်…ကျွန်မက ဂျာနယ်တစ်စောင်ကိုကိုင်လျက် မုန့် ရွေးရင်း ယပ်တောင်ခပ်နေသည်ကိုး…..
သူပြောမှ ကိုယ့်ကိုကိုယ် ခံစားမိတာပြန်ကြည့်လိုက်တော့  အတော်ပူလို့  ကျွန်မအင်္ကျီမှာစိုရွှဲမတက်ဖြစ်နေသည့် ခန္ဓာကိုယ်မှာ ချွေးတွေရှိနေပါသည်။
အဘိုးစကားကြောင့် ကိုယ်တိုင် ကြောင်တောင်တောင်ဖြစ်သွားမိပါတယ်။ ကိုယ်က တကယ်ပူအိုက်နေတာကိုး..။
သူဝတ်လာသည့်  အနွေးအင်္ကျီက သူဘယ်လောက်ချမ်းကြောင်း သက်သေပြနေသည်။
တုတ်ကောက်တစ်ချောင်းကို အားပြုပြီး ကျွန်မဘေးကဖြတ်သွားရင်းနဲ့ တောင် ကျွန်မကိုကြားစေချင်လို့ ကို ထပ်ခါတလဲလဲ ကြည့်ပြီး ပြောသွားသည်မှာ
“နင်တစ်ယောက်တည်း ဒီလောက်ချမ်းတဲ့အချိန်မှာ ပူအိုက်နေတယ် ဒီမှာဖြင့် ချမ်းလိုက်တာတုန်လို့ ” ဟူသော အပြစ်တင်လေသံပါသော အသံကို နားထဲစွဲစွဲမြဲမြဲကြားလိုက်ရပါသည်။
ကျွန်မလည်း ဘာပြောရမှန်းမသိတော့ဘဲ
“ဟို…လမ်းလျှောက်လာရလို့ ” ဟုသာ တိုတိုလေးပြန်ဖြေမိသည်။
ဆက်လည်း မငြင်းချင်တော့ပါ။
ဘေးဘီကလူတွေအားလုံးကို ကြည့်လိုက်တော့ အင်္ကျီအတိုလေးတွေနှင့်သာဖြစ်သည်။
ချမ်းအေးပြီး အနွေးထည် ၀တ်ထားသောသူမှာ အဘိုးအိုတစ်ယောက်တည်းသာရှိသည်။
ကျွန်မကိုပြောသော အဘိုးအိုမှာ နေမကောင်းနေလို့ လည်းဖြစ်ချင်ဖြစ်နေနိုင်ပါသည်။ အနီးအနားမှာ ဆေးခန်းနှင့် ဆေးဆိုင်က အသင့်ရှိနေသည်။
သို့ သော် ၀တ်ထားသည်မှာလည်း အတော်ကောင်းကောင်းမွန်မွန်ဝတ်ထားသောကြောင့် တောင်းဖို့ ပြောနေခြင်း မဖြစ်နိုင်တာတော့ သေချာပါသည်။
ဒါပေမယ့် သူဘာကြောင့် ဒီလိုပြောလဲဆိုတာ ကျွန်မသိချင်နေပါသည်။
ငွေကြေးကြောင့် မဟုတ်ရင် သူပြောသည်မှာ ခံစားချက်ကြောင့်သာ  ဖြစ်နိုင်ပါသည်။
သူချမ်းနေသည် …
ပတ်ဝန်းကျင်ကလူများကလည်း သူ့ လို အရမ်းချမ်းလိမ့်မည် ဟု တွက်ဆနေပေလိမ့်မည်။
ဒီကြားထဲမှာမှ လမ်းဘေးသူဖြတ်သွားတုန်း ကောင်မလေးတစ်ယောက် မုန့် ဆိုင်မှာ ယပ်ခပ်နေသည့်ပုံကို
အမြင်မတော်တော့လို့  အခုလို ထပ်ခါတလဲလဲ ပြောနေမိခြင်း ဖြစ်တော့မည်။
ကျွန်မအဘိုးအရွယ်လူကြီးတစ်ယောက်ခံစားချက်ကို ကျွန်မ၀င်ပြီး ခံစားကြည့်မိပါသည်။
အဘိုးကို ဦးနှောက်မမှန်လို့ အဲသည်လို လာပြောခြင်းလို့ ကျွန်မ မပြောရက်ပါ။
သို့ ပေမယ့် အဘိုးရယ်…ဘက်စ်စကား နှစ်မှတ်တိုင်လောက် ဝေးတဲ့ ခရီးကို ကိုယ်ပိုင် ကိုယ့်ခြေထောက်နဲ့ ကိုယ် လမ်းလျှောက်နေတဲ့ ကျွန်မမှာ အင်္ကျီနောက်ကျောမှာ ချွေးတွေစိုလို့ ….. ကိုယ်တိုင်ဝယ်လာတဲ့ ယပ်ခပ်စရာ ဂျာနယ်ကိုပဲ တကယ် ပူအိုက်လို့ ယပ်ခပ်မိတာ အဘိုးအမြင်မှာတော့ ၀င်မခံစားနိုင်တာ အပြစ်မတင်ရက်တော့ပါ။
အဘိုးကိုလည်း ချမ်းအေးတာကို တစ်ယောက်တည်းခံစားနေလို့ သနားမိပါတယ် …..
လူတိုင်းရင်ထဲ ရင်ဘတ်ထဲမှာ ရာသီတွေ မတူညီတာကို ကျွန်မနားလည်မိပါသည်။
ကျွန်မ ပူအိုက်နေတာမျိုး အဘိုးကိုလည်း မခံစားစေချင်ပါ…
အပြင်မှာ ရာသီဥတုက ဘယ်လိုလဲ ကျွန်မ စဉ်းစားကြည့်နေမိပါသည်။
ထိုအထဲမှာမှ အသက်အရွယ်မတူတဲ့အမြင်တွေ ကျွန်မ ခံစားနားလည်လိုက်ပါသည်။
ကံ၊ စိတ်၊ ဥတု၊ အာဟာရ ဟူသော ကျန်းမာရေးအမြင်တွေကိုလည်း ကျွန်မလေ့လာဖို့ ကြိုးစားရအုံးမည်။
နောက်ဆုံးတော့ လူတိုင်းလူတိုင်း အားလုံးအဆင်ပြေပါစေ လို့ ပဲ ဆုတောင်းနေမိတော့သည်။
ယောနိသောမနာသီကာရဖြင့်
လေးစားလျှက်
မြလေးသျှင်
(၂၃/ ၁၀/ ၂၀၁၁)
Advertisements
8 comments on “အေးမြသော ပူအိုက်ခြင်းတစ်မျိုး
  1. လူတိုင်းရင်ထဲ ရင်ဘက်ထဲမှာ ရာသီတွေ မတူညီတာကို ကျွန်မနားလည်မိပါသည်။
    ကောင်းလိုက်တဲ့ စကားလုံး နဲ့ အတွေး။
  2. ဟုတ်တယ်နော် … နှမ်းစေ့ တစေ့ ဟာ ဆင်တကောင် အတွက် ဘာမှ အရာမထင်လောက်ပေမဲ့ ပုရွက်ဆိတ် တကောင် အတွက်တော့ `ဧရာမ ဝန်ထုတ်ဝန်ပိုးကြီးလိုပါပဲ ။ အရာဝတ္ထု သတ်မှတ်ချက်တွေကို ခံစားနိုင်မှု တွေက မတူညီနိုင်ကြပါဘူး ။
    ချမ်းမြေ့ပါစေ ညီမရေ ။
  3. လူတစ်ဦးနဲ့တစ်ဦး ရင်ဘတ်ခြင်း တူညီဖို့ မလွယ်တာမို့ ခံစားချက်ခြင်းလည်း မတူဘူးပေါ့ သျှင်ရေ..
    ကိုယ်ချမ်းနေတာနဲ့ သူများလည်း ချမ်းနေမယ်လို့ အလွယ်တကူတွေးတတ်တာတော့ လူတိုင်းလိုလိုပါဘဲ
    စကားမစပ်
    တို့လည်း အသက်ကြီးလာလို့ထင်ပါရဲ့ အချမ်းဒဏ်ကို မခံနိုင်တော့ဘူး အပြင်ထွက်တိုင် အနွေးထည်တော့ မဝတ်ရင်တောင် အပိုတော့ ယူသွားတတ်သေးတာ
    အင်း ဇရာ ဇရား)
    ချမ်းတတ်လာပြီ တကယ်။။
  4. ကိုဇော် > စကားလုံးတွေကောင်းမှာပေါ့ ကိုဇော့်ညီမပဲလေ..ဟဲဟဲ
    kiki > အားပေးလို့ ကျေးဇူးနော် မကိကိရေ
    မချော (အစိမ်းရောင်လွင်ပြင်)> မမ နေတာက အရမ်းချမ်းတဲ့ကချင်ပြည်နယ်ဘက်ရောက်နေလို့ ထင်တယ်..ရန်ကုန်မှာတော့ မိုးရွာပေမယ့် ပူတယ်လေ..ဟီး..ဒါကြောင့်ဖြစ်မှာပါ
  5. တယောက်ချင်းစီရဲ့ ခံစားချက်နဲ့ ကိုယ်ခန္ဓာက လက်ခံနိုင်စွမ်းတဲ့ အရာတွေက မတူကြဘူးနော်။
    အဲဒီမှာ အသက်အရွယ်လည်း ပါမယ်ထင်တယ်။ ဒါကိုနားလည်ပေးတတ်ဖို့ပဲ ကြိုးစားရမှာပေါ့ ညီမသျှင်ရေ။
    ခင်မင်လျက်
    သဒ္ဓါ
  6. သျှင်ရေ…
    အဲ့တာတော့ဟုတ်တယ်..။
    မမြသွေးလေ အရမ်းချမ်းတတ်လာတယ်။
    ညညဆို သားပြည့်က စွတ်ကျယ်လေးနဲ့ ချွေးတွေစို့ အိပ်ချိန်၊ မမြသွေးက စောင်ခြုံအိပ်ရတယ်။
    ရင်ဘတ်တွေမှာ ရာသီတွေတကယ်ပဲ မတူညီတာ အပြည့်အ၀ လက်ခံပါတယ်ညီမရေ..။
  7. ရာသီတွေမတူကြပေမယ့် ရင်ထဲမှာ အပူတွေ ငြိမ်းပါစေလို့ ဆုတောင်းပါတယ် မြလေးသျှင်ရေ
    ချမ်းမြေ့ပါစေကြောင်း
    ချယ်ရီမြေ
  8. အင်း တစ်ယောက်နဲ့တစ်ယောက် ခံစားချက်ချင်း ၊ သွေးသားတည်ဆောက်ပုံချင်း မတူကြဘူးလေ။ မေတ္တာတွေနဲ့သာငြိမ်းချမ်းကြပါစေလို့….
    ခင်တဲ့
    မေသိမ့်
Leave a Reply
Fill in your details below or click an icon to log in:
WordPress.com Logo
You are commenting using your WordPress.com account. Log Out / Change )
Twitter picture
You are commenting using your Twitter account. Log Out / Change )
Facebook photo
You are commenting using your Facebook account. Log Out / Change )
Google+ photo
You are commenting using your Google+ account. Log Out / Change )
Connecting to %s