စိန်ကောင်းဝယ်ဖို့  အရေးပါတဲ့ အချက်လေးချက်ရှိပါတယ်..အင်္ဂလိပ်လို အတိုကောက်ကတော့ မှတ်သားဖို့ လွယ်တဲ့
(4 C ) လို့ ခေါ်တဲ့ စီလေးလုံးပါ…။
စိန်တွေရဲ့ တန်ဖိုးအဆင့်ကို ဒီဇယားလေးထဲမှာသတ်မှတ်ပေးထားပါတယ်။
(၁) Carat လို့ ခေါ်ကြတဲ့ စိန်ရဲ့ အလေးချိန် (Weight) အရွယ်အစားပါ
စိန်မှာ အရပ်စကားနဲ့ ပြောလျှင် တစ်လုံးစီး၊ နှစ်လုံးစီး၊ သုံးလုံးစီး အစရှိသဖြင့် အလေးချိန်ပေါ်မူတည်ပြီး စိန် တစ်ပွင့် သို့ မဟုတ် စိန်တွေရဲ့ ကာရက်အဖြစ် သတ်မှတ်ပြီး တန်ဖိုးသင့်ကြပါတယ်။ စိန်တစ်ပွင့်အရွယ်က ခုနှစ်လုံးစီးဆိုလျှင် ဈေးချိုပြီး တစ်လုံးစီးဆိုလျှင် သူ့ ထက် အဆပေါင်းများစွာ ဈေးကြီးနေတော့သည်။ သို့ ပေမယ့် စိန်ဈေးကို အရွယ်အစား (C) တစ်မျိုးတည်းဖြင့်လည်း ဆုံးဖြတ်လို့ မရပါ။ စိန်ပွင့်ကသာ အရွယ်အစားကြီးပေမယ့် အပြစ်အနာအဆာပါပြီး သွေးပုံသွေးနည်းကလည်း မကောင်းဘဲ အရောင်ဝါတဲ့ စိန်မျိုးဆိုလျှင်တော့ ဈေးချိုပေလိမ့်မည်။ C လေးမျိုးတို့ နဲ့ ဆုံးဖြတ်မှသာလျှင် စိန်တန်ဖိုး တစ်စုံတရာ ပေါ်လွင်မည် ဖြစ်ပါသည်။
(၂) Clarity ဆိုတဲ့ စိန်ရဲ့ သန့် ရှင်းမှု…
( ဒီနေရာ မှာ အရေးကြီးဆုံးအချက်က သာမန်မျက်စိနဲ့ မမြင်နိုင်တဲ့ စိန်ရဲ့ အပြစ်အနာအဆာတွေပါပဲ… စိန်တစ်ပွင့်ကို ရုတ်တရက်ကြည့်လိုက်ရင် ပြိုးပြိုးပြက်ပြက်အရောင်တွေက အရမ်းတောက်ပြီး
ဖြူဖြူဖွေးဖွေးနဲ့ သိပ်ကိုလှလို့  အပြစ်အနာအဆာ သိပ်ကင်းတယ်လို့  မထင်လိုက်ပါနဲ့ ..။ မှန်ဘီလူးနဲ့ တင်တောင် မဟုတ်၊ စိန်ကြည့်တဲ့ Microscope ခေါ်တဲ့ အနုစိတ်မှန်ဘီလူးနဲ့  အသေးစိတ် သေချာကြည့်တော့မှ စိန်တွေမှာ အက်ရာ ပါ မပါ၊ အစက် အပြောက် ရှိမရှိ မြင်တွေ့ နိုင်လို့ ပါ။ လူတွေမှာ အပြစ်အနာအဆာ ကင်းတဲ့လူရှားသလို စိန်တွေမှာလည်း အစက်အပြောက် အပြစ်အနာ အနည်းအများ ရှိတက်ကြပါတယ်။
စိန်မှာအပြစ်အနာပါ မပါ အစက်အပြောက် ဘယ်လောက်ဆိုတာ သတ်မှတ်ထားတာကို ဒီပုံလေးမှာ မြင်နိုင်ပါတယ်။
စိန်တစ်ပွင့်ဟာ အပြစ်အနာနည်းလေ သေးလေ သူ့ တန်ဖိုးဟာ ကြီးလေ ပါပဲ။
တန်ဖိုးကြီး စိန်ပွင့်များကို ၀ယ်ယူမည့်သူတစ်ယောက်ဟာ နားလည်တက်ကျွမ်းတဲ့သူနဲ့ ပြဖို့ လိုအပ်တာ အမှန်ပါ။
(၃) Color လို့ ခေါ်ဝေါ်တဲ့ စိန်ရဲ့ အရောင်အဆင်း
စိန်နဲ့ ပက်သက်လာလျှင် အရောင်မှာလည်း မပါမဖြစ် အရေးပါနေပြန်သည်။ ကျွန်မငယ်ငယ်တုန်းက ကလေးအတွေးမျိုးဆိုလျှင် စိန်က အဖြူရောင်ပဲ ၊ ဘာအရောင်မှ မရှိဘူး ဟု အလွယ်တကူ မှတ်လိုက်ရုံဖြင့် ရနိုင်သော်လည်း တကယ်တမ်းတော့ စိန်မှာ အဖြူရောင်သန်းနေရုံနဲ့  ဖြူသည်ဟု မယူဆနိုင်၊ စိန်တွေရဲ့ အရောင်ကို သေချာစမ်းသပ်ပြီး အရောင်ကို ခွဲခြားကြည့်လိုက်ပါက သဘာဝအတိုင်း အရောင်မဲ့ (သို့ ) အဖြူရောင် မှ အ၀ါရောင်ဖျော့အထိ ရှိတက်လေသည်။ စိန်တွေမှာ အရောင်အားဖြင့် ပယင်းရောင်၊ အစိမ်းရောင်၊ အပြာရောင် အစရှိသဖြင့်အရောင်မျိုးစုံရှိတဲ့ စိန်တွေလည်း ရှိပါတယ်။
အဲသည်လို ရှားပါးတဲ့အရောင်ရှိလို့  ဆန်းကြယ်မှုတစ်ရပ်အနေဖြင့် လူတွေက ဈေးကြီးပေး ၀ယ်တက်ကြပါတယ်။
စိန်တွေထဲမှာ Colorless လို့ ခေါ်တဲ့ ဖြူဆွတ် အရောင်ရှိတဲ့ စိန်ဟာ တန်ဖိုး အကြီးဆုံးပါပဲ ။ စိန်ရဲ့ အရောင်ကို ရည်ညွှန်းတဲ့နေရာမှာ
ABC ကနေ မစဘဲ D ကနေစပြီး D,E,F ကနေ S-Z ဆိုပြီး ခွဲခြားထားပါတယ်။
D,E,F အဆင့်တွေမှာ အရောင်မဲ့စိန်လို့ သတ်မှတ်ထားပြီး O,P,Q,R အဆင့်တွေက အရောင်သန်းတဲ့ စိန် အဖြစ် ဖော်ပြပါတယ်။ X,Y,Z+ ဘက်ရောက်ရင်တော့ အရောင်ရှိတဲ့ စိန်ဖြစ်သွားပါပြီ ဟု ဆိုကြပါတယ်။
(၄) Cut ဟုခေါ်သော စိန်သွေးပုံသွေးနည်း
စိန်တွေရဲ့ အလှကို ပေါ်ထွက်လာအောင် လုပ်နိုင်တဲ့ အရာတစ်ခုကတော့ စိန်သွေးပုံသွေးနည်းပါ။ ရှေးစိန်တွေဆိုရင် သိပ်အရောင်မထွက်ဘဲ ခပ်တုံးတုံးကြီးဖြစ်နေခြင်းမှာ စိန်သွေးပုံသွေးနည်းများ ကွာခြားနေသလားဟု ထင်မှတ်မိသည်။ စိန်တွေကို ကြည့်လိုက်လျှင် မှန်ကွက်ဟု ခေါ်သော (Table facet) တွေကလည်း အများကြီး၊ စိန်ပွင့်ရဲ့ ပယ် (Crown) နှင့် ချွန်း (Pavilion) တို့ ကလည်း အချိုးအစား တိကျမှန်ကန်ဖို့ လိုအပ်ပါသေးတယ်။ စိန်ကို အချိုးကျကျသွေးနိုင်ဖို့ ကျွမ်းကျင်တဲ့ စိန်သွေးဆရာ လိုအပ်ပါတယ်။
‘S ကတော့ Shape ဆိုတဲ့ စိန်ရဲ့  ပုံပန်းသဏ္ဍန်ဖြစ်တဲ့အတွက် Cut ထဲမှာ ပါ ပါတယ်။
အရေးကြီးတဲ့ စီလေးမျိုးပြီးရင်တော့ အလွယ်တကူမှတ်သားနိုင်တဲ့ S ကတော့ (Shape ) ဆိုတဲ့ စိန်ရဲ့  ပုံပန်းသဏ္ဍန်ပါ။ စိန်ကိုသွေးတဲ့နေရာမှာ အရွယ်ပုံစံလိုက်ပြီးပြောင်းလဲနိုင်တဲ့ အ၀ိုင်းပုံစံ၊ ဘဲဥပုံစံ၊ လေးထောင့်ပုံစံ၊ မိုးစက်ပုံစံ၊ အသဲပုံသဏ္ဍန် စသည့်ဖြင့် စိန်ရဲ့  ပုံပန်းသဏ္ဍန်တွေ ကွဲပြားနိုင်ပါတယ်။ များသောအားဖြင့် အ၀ိုင်းပုံစံသာ သွေးလေ့ရှိပါတယ်။
ဝယ်ယူမယ့် စိန်ပွင့်ကြီးလေ တန်ဖိုးများလေ ဖြစ်သလို သေချာစမ်းစစ်ကြည့်ရမည့် အချက်တွေကလည်း များပါတယ်။ စိန်ကောင်းတစ်ပွင့်တန်ဖိုးကို ကျွမ်းကျင်သူတွေနဲ့  တန်ဖိုးဖြတ်စစ်ဆေးကြည့်မှသာ ပိုပြီး ထိရောက်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့်လည်း ဈေးကွက်ထဲမှာ အရည်အသွေးသတ်မှတ်ပြီးသား (Certificate) လက်မှတ်ပါတဲ့ စိန်တွေရဲ့ တန်ဖိုးဟာ ကြီးမြင့်နေတော့တာဖြစ်ပါတယ်။
မြလေးသျှင်
ကိုးကား ။ ။ မောင်ဝင်းမြတ် – ရတနာမြတ်ရှု