လွယ်တယ် Vs ခက်တယ်
လွယ်တယ် Vs ခက်တယ်
သူများကို ရူးသလို ပေါသလို လုပ်ရတာ လွယ်တယ်
ကိုယ်က အရူးလုပ်ခံရတာ ခက်တယ်
သူများ အမှားတွေကို ထောက်ပြဖို့  လွယ်တယ်
ကိုယ့် အမှားတွေကိုတော့ ပြန်မြင်ဖို့ က ခက်တယ်
မြင်လိုက် တာ လွယ်တယ်
မှတ်မိဖို့ က ခက်တယ်
ကြားတာ လွယ်တယ်
နားလည်ဖို့က ခက်တယ်
စကားပြောလိုက်ရတာ လွယ်တယ် (အပြောလွယ်တယ် )
လက်တွေ့ လုပ်ရဖို့က ခက်တယ် ( အလုပ် ခက်တယ် )
လူတွေ အယူ လွယ်တယ်
အပေး ခက်တယ်
အောက်ကို ဆင်းတာ လွယ်တယ်
အပေါ်ကို တက်ဖို့ ခက်တယ်
တစ်ယောက်သောသူ ရဲ့ နေရပ် လိပ်စာကို ရဖို့ လွယ်တယ်
သူ့ နှလုံးသားထဲကို ၀င်နေရာယူဖို့ ကတော့ ခက်တယ်
တစ်ယောက်သောသူ ကို နာကျင်ထိခိုက်အောင် လုပ်ဖို့ လွယ်တယ်
အဲဒီ့ဒဏ်ရာကိုတော့ ပြန်ကုစားဖို့ က ခက်တယ်
ကတိပေးဖို့ က လွယ်တယ်
ကတိတည်ဖို့ က ခက်တယ်
အမှားလုပ်ဖို့ က လွယ်တယ်
အမှားတွေထဲက သင်ခန်းစာယူဖို့ က ခက်တယ်
စည်းမျဉ်းတွေ ချမှတ်ဖို့ က လွယ်တယ်
တကယ်တမ်း လိုက်လုပ်ဖို့ ကတော့ ခက်တယ်
အပေါင်းအသင်းများဖို့ လွယ်တယ်
မိတ်ဆွေကောင်းရဖို့ က ခက်တယ်
နေ့ တိုင်း ပျော်ပျော်နေဖို့ က လွယ်တယ်
ဘ၀ကို အဓိပ္ပါယ်တန်ဖိုးရှိရှိ ဖြတ်သန်းနိုင်ဖို့က ခက်တယ်
ငွေသုံးရ လွယ်တယ်
ငွေရှာရ ခက်တယ်
ညစ်ပတ်ဖို့ လွယ်တယ်
သန့်ရှင်းဖို့ ခက်တယ်
အိုမင်း လွယ်တယ်
နုပျိုဖို့ ခက်တယ်
သဘောထားသေး ကလေးဆန်ရတာမျိုးက လွယ်တယ်
လူကြီးတစ်ယောက်လို တည်ငြိမ်ရင့်ကျက်ဖို့ခက်တယ်
ဘာသာတရားကို ကိုးကွယ်တာ လွယ်တယ်
ဘာသာတရားရဲ့လေးနက်တဲ့အသိကို ရဖို့ တော့ ခက်တယ်
တရားစာပေ အဆုံးအမတွေကို ရှာရတာ လွယ်တယ်
ကိုယ့် စိတ် နဲ့ ခန္ဓာကိုယ်မှာ တရားရှာတွေ့ဖို့ကတော့ ခက်တယ်
Facebook ကြီးမှာ Like နှိပ်ရတာ လွယ်တယ် ( ကလစ်တစ်ချက်တည်း)
Share လုပ်ဖို့က ခက်တယ် ( အနည်းဆုံး ကလစ်နှစ်ချက်နှိပ်ပြီး ကွန်နက်ရှင် ကောင်းမှ ပေါ်လာမှာကိုး)
လွယ်တာနဲ့ ခက်တာကို စဉ်းစားမိတာလေးတွေ ချ ရေးကြည့်တာပါ
မှန်မယ် ထင်တာတွေဆိုရင်. Like ပေးပါနော်
သေချာတွေးလို့ နှစ်သက်မယ်ဆိုရင် Share နိုင်ပါတယ်
ပြောစရာလေးတွေ ရှိပြီး ထပ်ဖြည့်ပြောမယ်ဆိုရင် Comment ပေးကြပါရှင့်
အမှန်တော့ လွယ်တာ နဲ့ ခက်တာ တွေက နေရာတိုင်းရှိနေတက်ကြတာပါ …
တွေးမိသမျှ…
မြလေးသျှင်
၂၇ /၄ / ၂၀၁၃
Advertisements
နှင်းဆီ Vs သဇင်
ပန်းတကာ့ပန်းထဲမှာ ကျွန်မအကြိုက်ဆုံးပန်းကို ပြောပါဆိုလျှင် မဆိုင်းမတွ ဖြေမည်မှာ နှင်းဆီပန်း ဖြစ်ပါသည်။ နှင်းဆီကို မြင်ရသောအခါ သူ့ ပွင့်လွှာ၊ရနံ့ နှင့် လိုက်ဖက်ညီစွာ အစိမ်းရောင်အရွက်များက ကျွန်မအတွက် ဘယ်လိုပင်ကြည့်ကြည့်မျက်စိကျစရာချည်း ဖြစ်နေသည်။ နှင်းဆီကို ရုပ်ပုံအနေဖြင့် မြင်ရလျှင်
ပွင့်လွှာပွင့်ချပ်တို့ အစီအရီဖြင့် သူ့ အလှကိုမြင်ရုံဖြင့် ကျွန်မစိတ်ဝယ် ခံစားမိသည်သာဖြစ်သည်။
သို့ သော် နှစ်ဆယ်ရာစု ကဗျာဆရာတို့ အလိုအရသာ
"နှင်းဆီကယဉ်၊ သဇင်ကပြုံး
 အပွင့်မှာ ပန်တော်ဝင်ပေ့၊
 အပင်မှာ ဘယ့်အတွက်ကယ်၊
 ဆူးဖက်သတုံး"
ဟု အပြစ်တင်လေသံနှင့်ဆိုကြပါသည်။
နှင်းဆီအပေါ်လျှောက်လဲချက်
သဇင်ကမှတော်ဝင်၍ှ နှင်းဆီက ဆူးဖက်သော ဗီလိန်(လူကြမ်း)ဖြစ်နေကြောင်း ဆိုကြလေသည်။
သို့ ရာတွင် ဆရာကြီးမင်းသုဝဏ်၏  “နှင်းဆီပွင့်” ကဗျာတွင် နှင်းဆီမှာ ခရေပန်းထက်စာလျှင် ပိုပြီး  ဂုဏ်တင့်စရာဖြစ်ကြောင်း ကဗျာများထဲမှ ဤကဲ့သို့ သဘောတရားများကို တွေ့ ရှိရလေသည်။
ပန်းတို့ သည် မည်သို့ ပင်ဖြစ်စေ အရာအားလုံးတို့ တွင် ခံယူသူ၏ သဘောထားတွင် မူတည်နေတော့သည်။
ကျွန်မတို့ မြန်မာ့ယဉ်ကျေးမှုနယ်ပယ်တွင် နှင်းဆီအပေါ် တော်ဝင်မဟုတ်ကြောင်း  ပြဌာန်းထားခြင်းအပေါ် နည်းနည်းတော့ စဉ်းစားချင်စရာဖြစ်လာပါသည်။ အဘယ့်အတွက်များ ဆူးဖက်သော နှင်းဆီဟု တရားသေ တော်ဝင် မဟုတ်ကြောင်း ရန်ညှိုးထားရပါသနည်း။    နှင်းဆီနှင့်ပက်သက်၍ အနောက်တိုင်းဘက်မှာတော့ တော်ဝင်ဆိုသော စကားလုံးကို အသုံးများသည်ကိုတော့ တွေ့ ရပါသည်။
“Royal Rose” ဆိုသော သီချင်းကို မင်းသမီးဒိုင်ယာနာလွမ်းဖွယ်အဖြစ် သီဆိုခဲ့ပါသည်။ ဒီသီချင်းကို အဆိုတော်လေးလေးဝါးက “တော်ဝင်နှင်းဆီ” သီချင်းအဖြစ် ပြန်လည် သီဆိုထားလို့ မှတ်မိနေပါသည်။
နှင်းဆီကို နာမပညတ်အနေဖြင့် ခေါ်လိုရာခေါ်၊သဘာဝပရမတ်ကတော့ မပြောင်းလဲ၊ မဖောက်ပြန်သည့် အကြောင်းကို ရှိတ်စပီးယား၏ “ရိုမီယို နှင့် ဂျူးလိယတ်”စာအုပ်ထဲမှ ဖော်ပြပါ စာကြောင်း သည် အသက်ဝင်လှပါသည်။
"The rose, by any other name, would smell as sweet"
 "နှင်းဆီပန်းကို ဘာနာမည်နှင့်ခေါ်ခေါ် မွှေးနေကျအတိုင်းပင် မွှေးပေလိမ့်မည်။
ကျွန်မယခုလို နှင်းဆီနှင့်သဇင်အကြောင်း ယှဉ်တွဲမိသည်မှာ မေမေကြောင့်ဖြစ်သည်။ ကျွန်မမေမေသည် သဇင်ပန်းကို အကြိုက်ဆုံးပန်းအဖြစ် ခံယူထားသည်။ သူမ ခံယူထားသော သဘောထားမှာ
” သမီးရယ်…သဇင်ဆိုတာ ဟိုမြေနိမ့်မှာ မပေါက်ဘူး၊ သစ်ပင်အမြင့်ကြီးမှာ ပေါက်တာ၊ ပြီးတော့ သဇင်က တော်ဝင်ပန်းပါ၊ ရနံ့ ကလည်း သင်းတယ်လေ၊ အရမ်းမပြင်းဘူး၊ နှင်းဆီကတော့ မြေနိမ့်စံပန်း၊ ဆူးတွေနဲ့ မို့ တော်ဝင် မဟုတ်ဘူး”
ဟု သူမ အတွေးနဲ့ သူမပြောလေသည်။
မေမေ့ကိုတော့ စကားအဖြစ် ပြန်မပြောခဲ့ပါ။ ကျွန်မပြောချင်သော စကားလုံးများကို ယခုစာများဖြင့် ကျွန်မစိတ်ထဲမှ ပြောပြီး ရေးလိုက်ပါသည်။
” မေမေရေ… နှင်းဆီကြိုက်တဲ့ သမီးက မေမေကြိုက်တဲ့ သဇင်လို သစ်ပင်အမြင့်ကြီးပေါ်မှာပဲပေါက်ပေါက်၊ ပန်းအိုးနဲ့ စိုက်ပြီးတယုတယ ပဲပေါက်ပေါက်၊ တခြားသစ်ပင်အားကိုးနဲ့ ကပ်ပေါက်နေရတဲ့ တော်ဝင်ပန်းမျိုး မကြိုက်ပါဘူး၊ နှင်းဆီကလေ…မြေနိမ့်မှာပဲ ဖြစ်ဖြစ်၊ ပန်းအိုးထဲမှာပဲဖြစ်ဖြစ်…သူ့ အပင်နဲ့ သူရပ်တည်နိုင်တဲ့ပန်းအဖြစ် ပေါက်တာပါ။ ဆူးတွေနဲ့ မို့ အပြစ်မတင်ပါနဲ့ အုံး မေမေရေ… သူ့ ဘ၀ဟာ လောကဓံဆူးတွေ၊ မာနလှိုင်းတံပိုးတွေကြားမှာ သိပ်လှတဲ့ ပန်းတစ်ပွင့်ဖြစ်အောင် ကြိုးစားနေသူပါ။”
ပန်းတစ်ပွင့်အား ကဗျာတစ်ပုဒ်အဖြစ် ကျွန်မ ပြောင်းလဲဖို့ အရင်က ကြိုးစားကြည့်ဖူးပါသည်။
ချစ်သော ပန်းနှင်းဆီ ကဗျာတစ်ပုဒ်ဖြင့်ပါ။ သို့ သော် ကျွန်မကဗျာမှာ အတော်လေးညံ့နေပါသည်။
သို့ သော်လည်း နှင်းဆီသည် ကျွန်မနှစ်သက်မိသောပန်းအဖြစ် အထက်ပါလျှောက်လဲချက်များဖြင့် အသက်သွင်းမိပြန်ပါသည်။
“ပန်းတို့ မည်သည် ၊ ဖူးပြီးလျှင်ပွင့်
ပွင့်ပြီးလျှင်ကြွေ၊ မကြွေခင်မေ
ပန်းသခင်နှင့် နေပါရစေ”။     ။
ယောနိသော မနာသီကာရ
လေးစားလျှက်
မြလေးသျှင်
သဘာဝ Vs အလှတရား
လောကမှာလေ သဘာဝအတိုင်းကို ဦးစားပေးဖို့ လား၊ အလှအပကို ဦးစားပေးဖို့ လား မေးခွန်းတွေ ဒီဘိတ်ဖြစ်အောင် မေးလာခဲ့ရင် ဒီဗီဒီယိုလေး ကြည့်ပြီး အတော် တွေးစရာတွေထပ်ပေါ်လာနိုင်ပါတယ်။
ဗီဒီယိုဟာ ကြော်ငြာတစ်ခုပါ။ သိတဲ့အတိုင်း ကြော်ငြာလို့ မထင်ရလောက်အောင်
ကြော်ငြာတဲ့ Dove ကြော်ငြာလေးပါ။ နိုင်ငံခြားကြော်ငြာဖြစ်တဲ့အတွက် ပေးချင်တဲ့ Message က မြင့်လို့ အတော်တွေးယူရပါတယ်။
ဓာတ်ပုံ Photoshop effect တွေနဲ့ ပြသွားလို့ ကြည့်ရတာ အတော်လည်း စိတ်ဝင်စားဖို့ ကောင်းပါတယ်။
Dove ပေးချင်တဲ့ Message ကတော့ သဘာဝအတိုင်းကိုလုပ်ယူတာမျိုးမဟုတ်တဲ့ Real beauty ကိုပေးချင်တဲ့ စာသားလေးတွေနဲ့ ကြောငြာပါ။
ဒီကြော်ငြာလေးကို ကျွန်မဆရာပြောပြလို့ ကြိုက်မိပြီးတင်လိုက်တာပါ။
မြလေးသျှင်
ယုန် Vs လိပ် ဗားရှင်းလေး
ယုန်နဲ့ လိပ်ပုံပြင်က ကျွန်မတို့ ငယ်ငယ်တုန်းက သင်ခဲ့ရလို့  အမြဲမှတ်မိနေကြပြီး သင်ခန်းစာကောင်းပေးတဲ့ ပုံပြင်လေးပါ။ ခေတ်တွေအဆက်ဆက်ပြောင်းကုန်ပြီမို့ ခေတ်သစ်ယုန်နဲ့ လိပ်ပုံပြင်ဟာ Software ဗားရှင်းတွေလို  (Vertion 4) ပုံပြင် လေးလောက် ရောက်ခဲ့တာကို အားရ၀မ်းသာ တွေ့ လိုက်ရပါတယ်။
ဒါကြောင့် ကျွန်မ ဒီယုန်နဲ့ လိပ်ပုံပြင်ကို ဗားရှင်းတပ်ခေါ်လိုက်တာပါ။
အခုနောက်ပိုင်းဖတ်ခဲ့ရတဲ့ ယုန်နဲ့ လိပ်ပုံပြင်တွေမှာ ခေတ်တွေအညီပြောင်းလဲလာတဲ့ အတွေးအခေါ်ကို သင်ခန်းစာလှလှပေးတာမို့ ကျွန်မ အရမ်းသဘောကျမိလို့ Teamwork စာထဲမှာပါတဲ့ ပုံလေးတွေနဲ ဆီလျှော်အောင် မှီငြမ်းဘာသာပြန်လိုက်ပါတယ်။
ယုန် Vs လိပ် ဗားရှင်း (တစ်)
ဒီပုံပြင်လေးက ကျွန်မတို့ အားလုံး သိပြီးသား ပုံပြင်လေးပါ။
တစ်ခါတုန်းက ယုန်နဲ့ လိပ်တို့ ဟာ ဘယ်သူပိုအပြေးမြန်မလဲဆိုတာကို အငြင်းပွားကြပါတယ်။
ဒါကြောင့်သူတို့ ဟာ အပြေးပြိုင်ဖို့ သဘောတူဆုံးဖြတ်လိုက်ကြပါတယ်။
ယုန်ဟာ အပြေးမြန်မြန်နဲ့ ပြေးပါတယ်။
အဲဒီ့တော့ သူနောက်လှည့်ကြည့်လိုက်တော့ လိပ်ဟာ အနောက်ခပ်ဝေးဝေးမှာ ကျန်ခဲ့ကြောင်း တွေ့ လိုက်ရပါတယ်။
ဒါကြောင့် ယုန်ဟာ သစ်ပင်အောက်မှာ အနားယူပြီးမှ ဆက်ပြေးဖို့ စဉ်းစားလိုက်တယ်။
ယုန်ဟာ သစ်ပင်အောက်မှာ ထိုင်ပြီးတော့ မကြာခင်မှာ အိပ်ပျော်သွားပါတယ်။
လိပ်ကတော့ ဖြေးဖြေးမှန်မှန် တရွေ့ ရွေ့ လာရင်းနဲ့ အိပ်နေတဲ့ ယုန်ကိုလှည့်ကြည့်ပြီးတော့ ပန်းတိုင်ဝင်သွားပါတယ်။
လိပ်ဟာ အငြင်းပွားစရာမလိုအောင် ချန်ပီယံဖြစ်သွားပါတယ်။
ယုန်ဟာ နိုးလာတဲ့အခါမှာမှ သူအပြေးပြိုင်ပွဲရှုံးတာ သတိပြုမိသွားပါတယ်။
ဒီပုံပြင်လေးဟာ ကျွန်မတို့ အားလုံး ကြီးပြင်းလာခဲ့တဲ့ပုံပြင်လေးပါပဲ။
ဒီဗားရှင်းတစ်ကိုတော့ အားလုံးသိပေမယ့် ဗားရှင်းတစ်ကနေ လေးအထိ စုံအောင် ဘာသာပြန်လိုက်တာပါ။
သင်ခန်းစာ (၁)။          ။ ဒီပုံပြင်လေးဟာ ဖြေးဖြေးနဲ့ မှန်မှန်သာ ပြေးမယ်ဆိုရင် ပြိုင်ပွဲကို အနိုင်ရမယ် ဆိုတာ ပြောပြနေပါတယ်။
ယုန် Vs လိပ် ဗားရှင်း (နှစ်)
ဗားရှင်းတစ်လောက်နဲ့ ရက်တန့် မနေပဲ ယုန် နဲ့ လိပ်ပုံပြင်ဟာ ရှေ့ ဆက်ပါတယ်။
ယုန်ဟာ ပထမ အပြေးပြိုင်ပွဲမှာရှုံးခဲ့တာ မကျေနပ်ပါဘူး။
ယုန်ဟာ အပြေးပြိုင်ပွဲမှာရှုံးတာ သူ့ ကိုယ့်သူ အရမ်းအထင်ကြီးသွားပြီး ပေါ့ပေါ့ဆဆသဘောထားခဲ့လို့ ဆိုတာ နားလည်သွားခဲ့ပါတယ်။
အဲလိုသာ မဖြစ်ခဲ့ဖူးဆိုရင် လိပ်ဟာ သူ့ ကိုနိုင်စရာအကြောင်းမရှိဘူးလို့ သူ တွေးလိုက်ပါတယ်။
ဒါကြောင့် ယုန်ဟာ လိပ်ကို နောက်ထပ်အပြေးပြိုင်ဖို့ စိန်ခေါ်လိုက်ပါတယ်။
လိပ်ကလည်း သဘောတူလိုက်ပါတယ်။
ဒီတစ်ခါတော့ ယုန်ဟာ တာလွှတ်ကတည်းကနေ ပန်းတိုင်ရောက်တဲ့အထိ မနားတမ်းအသားကုန် ပြေးလိုက်ပါတယ်။
ယုန်ဟာ လိပ်ကို မိုင်ပေါင်းများစွာချန်ခဲ့ပြီးအပြတ်သတ်နိုင်ခဲ့ပါတယ်။
သင်ခန်းစာ (၂)။          ။ဒီပုံပြင်လေးက မြန်မြန်နဲ့ အဆင်ပြေကိုက်ညီအောင် ပြေးနိုင်မယ် ဆိုရင် ဖြေးဖြေးနဲ့ မှန်မှန်ကို အနိုင်ရမယ် လို့ ပြောပြနေပါတယ်။
ပထမပုံပြင်မှာ ဖြေးဖြေးနဲ့ မှန်မှန်သာ ပြေးမယ်ဆိုရင် ပြိုင်ပွဲကို အနိုင်ရမယ် လို့ ပြောပြပေမယ့် ဒုတိယပုံပြင်လို  မြန်မြန်နဲ့ ပန်းတိုင်အရင်ရောက်အောင်ပြေးနိုင်မယ်ဆိုရင် ပိုကောင်းပါတယ် လို့ ရိုးရိုးရှင်းရှင်းလေး ဆိုလိုချက်ပါ။
ယုန် Vs လိပ် ဗားရှင်း (သုံး)
ဗားရှင်းနှစ်လောက်နဲ့ လည်း ပုံပြင်လေးဟာ ရက်တန့် မနေပါဘူး။
ပုံပြင်လေးဟာ ရှေ့ ဆက်ဖို့ အကြောင်းဖန်လာပါတယ်။
အဲဒီမှာ လိပ်ဟာစဉ်းစားပါတော့တယ်။
သူဟာ အရင်လမ်းကြောင်းနဲ့ ယှဉ်ပြိုင်မယ်ဆိုရင်
ယုန်ကို ဘယ်လိုမှ မနိုင်နိုင်ဘူး ဆိုတာ နားလည်သွားပါတယ်။
လိပ်ဟာ အဲလိုစဉ်းစားပြီးတဲ့နောက်မှာ ယုန်ကို နောက်ထပ်အပြေးပြိုင်ဖို့ စိန်ခေါ်လိုက်ပြန်ပါတယ်။
ဒါပေမယ့် လိပ်ဟာ တခြားလမ်းကြောင်းမတူတဲ့ဘက်က ပြေးဖို့ ယုန်ကိုပြောလိုက်ပါတယ်။
ယုန်က သဘောတူပါတယ်။
ယုန်ဟာ ထုံးစံအတိုင်း သူ့ ရဲ့ အပြေးရှိန်ကို ထိပ်ဆုံးမြှင့်ပြီး မြစ်ကမ်းဆီထိရောက်သွားပါတယ်။
ပန်းတိုင်က နှစ်ကီလိုမီတာ( တစ်မိုင်ကျော်ကျော်) ဝေးတဲ့ မြစ်တစ်ဖက်ကမ်းမှာပါ။
ယုန်ဟာ မြစ်ကိုကြည့်ပြီးဘာလုပ်ရမှန်းမသိတော့ပါဘူး။
အဲသည့်အချိန်မှာ လိပ်ဟာမြစ်ထဲကို လိမ့်ဆင်း၊ ရေကူးသွားပြီး ဟိုဘက်တစ်ဖတ်ကမ်းဆီရောက်ပါတယ်။
တစ်ဖက်ကမ်းမှာရှိတဲ့ပန်းတိုင်ဆီ ဆက်လျှောက်သွားပြီး ပန်းဝင်သွားပါတော့တယ်။
သင်ခန်းစာ (၃)။          ။ဒီပုံပြင်လေးက ပေးတာကတော့-  ပထမဦးဆုံး ကိုယ့်မှာရှိတဲ့ အားသာတဲ့ အမာခံ အရည်အချင်းကို ဖော်ထုတ်သတိပြုမိပြီး ကိုယ့်အရည်အချင်းနဲ့ လိုက်ဖက်တဲ့ ပြိုင်ကွင်းကိုရွေးပြီး ပြောင်းပြီးယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
ကိုယ့်မှာရှိတဲ့ အားသာချက်တွေသာ မင်းကို တိုးတက်ဖွံဖြိုးဖို့ နဲ့ အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်တယ် ဆိုတာ
သတိချပ်သင့်ပါတယ်။
ယုန် Vs လိပ် ဗားရှင်း (လေး)
ယုန်နဲ့ လိပ်ဟာ ဒီလောက်အပြေးပြိုင်ပွဲပြိုင်ပြီးတဲ့နောက်မှာ တကယ့်ကို သူငယ်ချင်းကောင်းတွေဖြစ်သွားပါတယ်။ (ဟဲဟဲ…ဒီလောက်ပြိုင်ပွဲသုံးပွဲလောက် ပြိုင်တာကြာသွားလို ဒီနှစ်ကောင် ခင်မင်ရင်းနှီးသွားတာ ထင်ပါတယ်။)
သူတို့ နှစ်ကောင်ဟာ ဒီတစ်ခါတူတူစဉ်းစားကြပါတော့တယ်။
နှစ်ကောင်လုံးသတိပြုမိတာကတော့ သူတို့ နောက်ဆုံးပြိုင်ပွဲမှာ ကောင်းကောင်းပြေးကြမယ်ပေါ့။
ဒါကြောင့် သူတို့ နောက်ဆုံးပြိုင်ပွဲအနေနဲ့ ထပ်ပြိုင်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။
ဒါပေမယ့် ဒီတစ်ခါပြေးမှာ အဖွဲ့ လို ပြေးမှာတဲ့။
သူတို့ စတင်ပြီး ပြေးပါတယ်။
ဒီတစ်ကြိမ်မှာတော့ ယုန်ဟာလိပ်ကို ပုခုံးပေါ်ထမ်းပြီး မြစ်ကမ်းပါးအထိ သယ်ပိုးခဲ့ပါတယ်။
မြစ်ကိုဖြတ်ကူးတဲ့အခါမှာတော့ လိပ်ကျောပေါ်ယုန်တက်ပြီး လိပ်ဟာ ရေကူးသွားခဲ့ပါတယ်။
မြစ်တစ်ဖက်ကမ်းကိုရောက်တဲ့အခါ ယုန်ဟာလိပ်ကိုသယ်ပိုးပြီး သူတို့ ပန်းတိုင်ကို တူတူသွားလိုက်ပါတော့တယ်။
အဲဒီအခါမှာ သူတို့ နှစ်ကောင်လုံး အရင်တုန်းကနိုင်ခဲ့တာတွေထက် ပိုပြီး ကြီးကျယ်မြင့်မြတ်တဲ့ စိတ်ကျေနပ်မှုတွေရခဲ့ပါတော့တယ်။
ဘာဖြစ်လို့ လည်းဆိုရင် တခြားသူတစ်ဦး ထူးချွန်ပြောင်မြောက်အောင်လုပ်နိုင်တဲ့အခါမျိုးမှာ ကိုယ်ဟာ မလုပ်နိုင်ဘူးဆိုရင် ကိုယ့်အရည်အချင်းတွေကိုမေ့ပြီး အားလျော့သွားတက်လို့ ပါပဲ။
အဖွဲ့ တွေတဲ့လုပ်တဲ့အခါမှာ အခြေအနေပေါ်မူတည်ပြီးလုပ်ဆောင်ရတဲ့ ခေါင်းဆောင်မှုဆိုတာ ရှိပါတယ်။
ဆိုလိုသည်မှာ လူတွေရဲ့  တစ်ယောက်ချင်းစီမှာ သူ့ အရည်အချင်းနဲ့ သူဆိုတာရှိပါတယ်။
တခါတလေ အရည်အချင်းတွေမတူတဲ့အလိုက်၊အခြေအနေအချိန်အခါတွေ မတူတာတွေအလိုက်ပေါ် မူတည်ပြီး အနိုင်အရှုံးတွေ ကွဲပြားသွားတာမျိုးပါ။
ဒီနောက်ဆုံးပုံပြင်လေးက မြန်မာစကားပုံမှာရှိတဲ့ “ရှဉ့် လည်းလျှောက်သာ ပျားလည်းစွဲသာ အခြေအနေလိုပါပဲ။
ဒီပုံပြင်ဗားရှင်းနံပါတ်လေးဟာ Win-Win situation ဆိုတဲ့ နှစ်ဦးနှစ်ဖက်အကျိုးရှိပြီး အနိုင်ရတဲ့ နည်းလမ်းလေးလည်း ဖြစ်ပါတယ်။
အပေါ်ကပုံပြင် တစ်ကနေ သုံးအထိက Win-Lose situation ဆိုတဲ့ တစ်ယောက်နိုင်ရင် တစ်ယောက်ရှုံးတဲ့သဘောတရားပုံပြင်လေးတွေပါ။  အနန္တသူရိယ အမတ်ကြီးရဲ့ “သူတည်းတစ်ယောက်၊ ကောင်းဖို့ရောက်မူ
သူတစ်ယောက်မှာ၊ ပျက်လင့်ကာသာ
ဓမ္မတာတည်း။”
မျက်ဖြေသံဝေဂ လင်္ကာ နဲ့ တူတဲ့
Win-Lose situation မျိုးထဲမှာ ကျွန်မတို့ တွေ ရုန်းမထွက်နိုင်သေးပါဘူး။
ပုံပြင်လေးကို ဖတ်ကြည့်ရင်းနဲ့ ကျွန်မကြိုးစားအတုယူနေတာတော့ ကြာနေပါပြီ။
ယုန်နဲ့ လိပ်ဟာ ခေတ်အဆက်ဆက်
အပြေးပြိုင်ကြပါသည်။။ ပြိုင်ပွဲဂိမ်းတို့ ၏ ထုံးစံအတိုင်း တစ်ယောက်နိုင်လျှင်  တစ်ယောက်ရှုံးရမည်မှာ သဘာဝကျပါသည်။ အထူးသဖြင့် အားကစားတွင် အနိုင်အရှုံးမှာ ခရာပင်ဖြစ်ပါသည်။ သို့ ရာတွင် ပြောင်းလဲလာသော ဂလိုဘယ်လိုက်ဇေးရှင်း ခေတ်ကြီးထဲတွင် နိုင်ငံရေး၊ စီးပွားရေး၊လူမှုရေးတို့ အလယ်တွင် ပြိုင်ပွဲကဲ့သို့ အနိုင်အရှုံးကိုဇောင်းပေးသော ခေတ်မှာ တဖြည်းဖြည်း လျှော့ပါးလာပါသည်။
စီးပွားရေးအနေဖြင့်ကြည့်မည်ဆိုလျှင် ကမ္ဘာ့ ထိပ်တန်းကားကုမ္ပဏီကြီးဖြစ်သော ဂျပန်တိုယိုတာကုမ္ပဏီသည် သူ၏တိုက်ရိုက်ကားပြိုင်ဘက်ဟုဆိုနိုင်သော GM ကုမ္ပဏီဖြင့် နည်းပညာဆိုင်ရာ အကျိုးမဟာမိတ်ဖွဲ့ မှုများပြုလုပ်ခဲ့သည်။ တိုယိုတာသည် Exxon Mobil Corporation ကဲ့သို့ အချင်းချင်းဆက်နွယ်သော မဟာမိတ်များ၊ အကျိုးတူပူးပေါင်းထားသော လုပ်ဖော်ကိုင်ဘက်များ၊ အစုဝင်များဖြင့် win-win အခြေအနေတည်ဆောက်နိုင်ခဲ့ပြီး ယနေ့ ကမ္ဘာ့ ထိပ်တန်းကုမ္ပဏီအနေဖြင့် ရပ်တည်နိုင်ခဲ့လေသည်။
သူ-နိုင်၊ ငါရှုံးသော (Win-Lose) ခေတ်တွေမှ နှစ်ဦးနှစ်ဘက်စလုံးအကျိုးရှိသော (Win-Win) Relationship မျိုးတွေတည်ဆောက်နေကြသော ခေတ်ပုံစံအား ယုန်နှင့်လိပ်ပုံပြင်ဖြင့် ခံစားမိလိုက်ရပါတော့သည်။ ။
ယောနိသောမနာသီကာရ
လေးစားလျှက်
မြလေးသျှင်
ပြောင်းလဲရမယ့် စကားလုံးများ ( Do Vs Don’t)
ကျွန်မကိုယ်တိုင်ရော ကိုယ့်ပတ်ဝန်းကျင်မှာ ကြားနေရတဲ့စကားလုံးတွေဆီကနေ ကျွန်မသင်ယူဖို့ အမြဲကြိုးစားနေလျှက်…..။ အရာရာတိုင်းမှာ ဆန့် ကျင်ဘက်ဆိုတာတွေ ရှိနေတက်ပြီး တခါတလေ သတိမပြု မိလို့  မဝေဖန် မပိုင်းခြားနိုင်တာတွေ အများကြီးဖြစ်လေ့ရှိပါတယ်။ အဆိုးနဲ့ အကောင်း၊ အောင်မြင်သူနဲ့ ရှုံးနိမ့်သူ ၊အကောင်းမြင်သူနဲ့ အဆိုးမြင်သူ ၊အဖြူနဲ့ အနက် စသဖြင့် ဆန့် ကျင်ဘက်တွေကို အထင်းသား ခွဲခြားပြီး ဟိုဘက်နဲ့ ဒီဘက် ပိုင်းခြားပြီးတော့ တွဲမြင်ဖို့ ကျွန်မကြိုးစားကြည့်ခဲ့မိပါတယ်။ ဒါကြောင့်
Versus (Vs) ဆိုပြီး စကားလုံးအနက်အဓိပ္ပာယ်နှစ်ခုကို ယှဉ်ပြီး ရေးတာမျိုး သိပ်သဘောကျခဲ့မိပါတယ်။ ဒါကြောင့် ကျွန်မ ဘလော့လေးမှာ (Vs) ဆိုပြီး ခေါင်းစဉ်မှာ အဲလိုပုံစံဖြစ်ပြီး ရေးခဲ့မိပါတယ်။
တခါတလေမှာလည်း တကယ့် ဆန့် ကျင်ဘက် အဖြူ နဲ့ အနက် လို မဟုတ်ပဲ ကြားထဲမှာ မီးခိုး ရောင်ဆိုတာမျိုးနဲ့ နှိုင်းယှဉ်လာတာမျိုးတွေရှိလာရင်တော့ ဒီလိုနှိုင်းယှဉ်မှုစကားလုံးတွေကြား Versus ချ ကြည့်ပြီး အတော်သဲကွဲအောင်သိပြီးရေးဖို့ ကြိုးစားကြည့်ချင်လာပါတယ်။
ကျွန်မဖတ်ခဲ့ရတဲ့ ဆရာ ခင်မောင်ညို ဘောဂဗေဒ ရေးထားတဲ့ လူမှုဆက်ဆံရေး နည်းဗျူဟာ စာအုပ်မှာပါတဲ့ အောင်မြင်သူ နဲ့ ရှုံးနိမ့်သူ ပုံစံလို အလားတူစာမျိုးရေးထားတဲ့ စာသားလေးကို အမှတ်မထင် အင်တာနက်ပေါ်ကနေ တွေ့ လိုက်ပါတယ်။ “မင်းစကားလုံးတွေပြောင်းလိုက်ရင် မင်းဘ၀ကိုပါ ပြောင်းလဲနိုင်ပါမယ်” ဆိုတဲ့ စာသားလေးကို Vs လုပ်ကြည့် ချင်လို့  ကျွန်မဇယားဆွဲပြီး ” Do Vs Don’t ” လုပ်ကြည့်ပြီး ဘာသာပြန်လိုက်ပါတယ်။
ဒီစကားလေးတွေက အောင်မြင်သူ နဲ့ ရှုံးနိမ့်သူ တွေ ပြောတက်တဲ့စကားလေးတွေပါ။ နှိုင်းယှဉ်ကြည့်လိုက်ပါနော် –
“Do” “Don’t”
“I haven’t yet.”
ကျွနိုပ် မလုပ်ရသေးတာပါ
“I can’t”
ကျွနိုပ် မလုပ်နိုင် ပါဘူး
” When I “
အဲ့သည့်အချိန်ရောက်ရင်
“If I”
အကယ်၍သာ
” I Will Do”
ကျွန်ုပ် လုပ်မယ်
“I Will Try”
ကျွန်ုပ်ကြိုးစားကြည့်မယ်
” That’s going to be a challenge”
ဒါဟာ စိန်ခေါ်မှုတစ်ရပ်ပါပဲ
“That’s going to be a problem”
ဒါပြဿနာတစ်ခုတော့ရှိနေပြီ
” I will find out “.
ကျွနိုပ် ရှာကြည့်မယ်
“I don’t know”
ကျွနိုပ် မသိဘူး
” What a success — > I learned something”
အောင်မြင်မှုပါပဲ— ကျွနိုပ် တစ်ခုခုသင်ယူလိုက်ရပါတယ်
” What a failure “
ရှုံးနိမ့်မှုပဲ
အောင်မြင်သူတွေဟာ “Do” ခေါင်းစဉ်လိုပဲ လုပ်ကိုလုပ်မယ်ဆိုတဲ့ အပြုသဘောဆောင်တဲ့  စိတ်ဓာတ်ခွန်အားအပြည့်ရှိသူတွေဖြစ်ပြီးတော့ ရှုံးနိမ့်သူတွေကတော့ “Don’t” ခေါင်းစဉ်အောက်ကလို အားလျှော့တဲ့စိတ်တွေနဲ့ အပျက်သဘောဆောင်တဲ့စိတ်ဓာတ် စကားလုံးတွေဖြစ်တာတွေ့ ရပါတယ်။
အောက်ဆုံးစာကြောင်းဖြစ်တဲ့ အောင်မြင်မှုပါပဲ— ကျွနိုပ် တစ်ခုခုသင်ယူလိုက်ရပါတယ် ၊ ရှုံးနိမ့်မှုပဲ ဆိုတဲ့ စကားလေးတွေဟာ ၀င်စတန်ချာချီ က ပြောခဲ့တဲ့စာလေးနဲ့ တူပါတယ်။
အဆိုးမြင်သူဟာ အခွင့်အလမ်းတွေတိုင်းကို အခက်အခဲအဖြစ်မြင်ပြီး အကောင်းမြင်သူကတော့ အခက်အခဲတွေ့ တိုင်း အခွင့်အလမ်းလို့ မြင်ပါတယ်။”
A pessimist sees the difficulty in every opportunity; an optimist sees the opportunity in every difficulty.
(Winston Churchill)
Vs တွေကို နှိုင်းယှဉ်ကြည့်ပြီး ကျွန်မတို့ တွေ ဘယ်ဆီကိုများ သွားမှာပါလိမ့် ?
ကိုယ်တိုင်မေးခွန်းတွေ မေးပြီး လမ်းမတွေပေါ်လျှောက်နေဆဲ….။
ယောနိသောမနာသီကာရ
လေးစားလျှက်
မြလေးသျှင်
အတိုင်းထက် အလွန် Vs အတိုင်းအတာ တစ်ခုထိ
          အတိုင်းထက် အလွန် Vs အတိုင်းအတာ တစ်ခုထိ
                     ဆိုတဲ့ စကားနှစ်ခွန်းကို ကျွန်မသဲကွဲအောင် အတော်ကြိုးစားယူရသည်။ နေနော် ရဲ့ ”အတိုင်းထက် အလွန်ပဲ” သီချင်းစာသားကတော့ အလွန်မိ၏။ လူတွေကို အတိုင်းထက် အလွန် သို့  အတိုင်းအတာ တစ်ခု အထိယုံသင့်ပါသလား မေးခွန်းကို ကျွန်မကိုယ့်ကိုကိုယ် အမြဲမေးမိနေသည်။ ထိုကိစ္စသည် Question တစ်ပုဒ်ပင်ဖြစ်နေသည်။
                     ဂေါတမမြတ်စွာဘုရားရှင်လက်ထက်တော်က လူသတ်ပြီး လက်ညိုးပေါင်းတစ်ထောင်လည်ပင်းမှာ သီကုံးဆွဲခဲ့တဲ့ အင်္ဂုလိမာလ ဟာ နာမည်ဆိုးနဲ့ လူသတ်သမားအဆင့်ထိရောက်အောင် ပို့ နိုင်သူဟာ သူ့ ဆရာအပြင် “
အတိုင်းထက် အလွန် ” ဆိုတဲ့ နာခံတဲ့ တပည့်ဟာ ဆရာ့အပေါ် လွန်ကဲစွာ ယုံကြည်မှု နာခံမှု သစ္စာစောင့်သိမှုလား မေးခွန်းအထိ ရောက်အောင် စဉ်းစားဖူးပါတယ်။ အင်္ဂုလိမာလကို မနာလိုလို့ တပည့်တွေရဲ့  ကုန်းချောစကားကို ယုံမိတဲ့ ဆရာကရော “အတိုင်းထက် အလွန်” ပါပဲလား စဉ်းစားကြည့်ပါတယ်။
                    အဲ့ဒီ့ခေတ်ကမို့ ဆရာပြောတိုင်း တသွေတသိမ်းလိုက်နာ တာမို့ ပြောခဲ့ရင်လည်း ဒီခေတ်ကြီးမှာ ကိုယ့်ထက် အသက်ကြီးသူ၊ ၀ါကြီးသူ ၊အတွေ့ အကြုံရှိသူ သင်ဆရာ၊မြင်ဆရာ ကြားဆရာ သမားများက သူတို့ ပြောတာ အမှန်ချည်းပဲ ယူဆပြီး ကိုယ့်ထက် အသက်ငယ်သူ ၊ ပညာ အတွေ့ အကြုံနည်းသူများအပေါ်  ငါပြောတာအမှန်ဟု နိမ့်ချဆက်ဆံ ခဲ့ပါလျှင်ရော တရားပါ၏လော ဟု မေးခွန်းထုတ်ချင်စရာဖြစ်လာပါသည်။
နေရာတကာတွင် အကျိုးအကြောင်းရှိပါသည်။ အကျိုးအကြောင်း အချက်အလက် ခိုင်လုံစွာနဲ့ တင်ပြနိုင်ပါက
အတိုင်းထက် အလွန် မဟုတ်တော့ပါ။ အကိုးအကားအချက်အလက် မှန်ကန်ပါက တင်ပြသူ နှစ်ဦးနှစ်ဖက်ခံသာ မြင်သာ သော အတိုင်းအတာ တစ်ခုထိ ရရှိနိုင်ပါတော့တယ်။
                      ကျွန်မရဲ့ အယူအဆတစ်ရပ်မှာ ကျွန်မကိုယ်တိုင် ကျွန်မထက် ငယ်သူပင် ဖြစ်စေ သူ့ ဆီမှာ ကိုယ်မသိတဲ့ပညာ အယူအဆ အတွေးအခေါ်ရှိနေရင် အဲ့သူ ကို ဆရာတင်ဖို့ ဝန်မလေးပါ။ နောက် အသက်ကြီးခဲ့သူ ဖြစ်ပါကလည်း ကိုယ့်ထက် တော်လျှင်ဖြစ်စေ အသက်အရပဲ ဖြစ်စေ လေးစားတက်ပါတယ်။
ငယ်သူဖြစ်စေ ၊ ကြီးသူ ဖြစ်စေ အဲဒီ့လူက ကိုယ့်ကို တစ်ခုခု ဆုံးမသင်ပေးဖူးရင် သူတို့ ကို အမြဲကျေးဇူးတင်နေတက်ပါသည်။
                      သို့ သော် တစ်နေရာရာတွင် ကျွန်မ မကြိုက်တဲ့ အယူအဆ လမ်းကြောင်း သွေဖီချင်လာသော ထိုဆရာသမားများကို ပြန်ရင်ဆိုင်တွေ့ ပါက အရင်က ကျေးဇူးနဲ့ ဘယ်တော့မှ ပြန်မချေတက်ပါ။ ကျေးဇူးရှိတာက တပိုင်းစီထားတက်ပါတယ်။ သင်ပေးဖူးတဲ့ အရင်ကိစ္စမှာ အတိုင်းအတာတစ်ခုအထိ ဆရာတွေဟာ မှန်ချင် မှန်နေမယ်။ အမြဲတမ်း မမှန်နိုင်ဘူး ဆိုတာ ကျွန်မလက်ခံထားပါတယ်။ ဒါကြောင့် မေးခွန်းလိုပုံစံ ကျွန်မ ပြန်ထုတ်တက်ပါတယ်။ အဲသည့်အခါမှာ ဖြေရတဲ့သူ အကြံခက်ပြီး အမြင်ကပ်တက်ပါတယ်။ ကျွန်မဆိုလိုရင်းမှာ ရန်သူမိတ်ဆွေမရှိပါ။ အမှန်အမှားအပေါ် ဘယ်လို ရူ့ မြင်သလဲ မေးခွန်းနဲ့ သူတို့ ရဲ့ ဆွေးနွေးတင်ပြချက် အကြောင်းအရင်းပေါ်တွင်ပဲ အခြေခံပါသည်။ ဘယ်သူ့ ကိုမှ မေတ္တာမပျက်ပဲ ရူ့ မြင့်ချက် မတူတဲ့ ရူ့ ထောင့်အပေါ်သာ
ကြည့်ရူ့ နေမိခြင်းဖြစ်ပါသည်။ ကျွန်မ မှားခဲ့သည်ရှိသော် ကျွန်မလက်ခံလောက်တဲ့ အခြေအနေအကိုးအကားတွေနဲ့ တင်ပြပါကလည်း လက်ခံဖို့ ဝန်မလေးပါ။
” မြန်မာတွေဟာ
ဦးနှောက်အခြောက်ခံမယ့် စဉ်းစားစရာမျိုးဆို ဆန်အိတ်တစ်အိတ် ဟိုနားနဲ့ ဒီနား ပြေးထမ်းချင် ထမ်းမယ်၊ ဦးနှောက်အလုပ်ပေးဖို့ ဘယ်တော့မှ မစဉ်းစားချင်ဘူး၊ ခေါင်းရှုပ်စိတ်ရှုပ်မခံချင်တာကိုး” လို့ ပြောဖူးပါတယ်။
                    အင်္ဂုလိမာလ ဟာ အလွန်တော်ပြီး ရိုးသားအေးဆေးတဲ့ တပည့်ကျောင်းသားဘ၀ကနေ ဆရာဖြစ်သူရဲ့ ပရိယာယ်လှည့်စားချက်ကြောင့် ရက်စက်ကြမ်းကြုတ်တဲ့ လူသတ်လက်ညှိုးဖြတ်ဘ၀ကို ရောက်ခဲ့တာ မတော်တဆ မဟုတ်ပါဘူး။ ဆရာ့ကို ယုံကြည်အားကိုးလေးစားလွန်း အတိုင်းထက် အလွန် ထိ ဖြစ်သွားတာကြောင့်ပါ။
                    တစ်ချို့ သောကိစ္စတွေသည် အစွန်းရောက်ခြင်းသည် မကောင်းပါ။ သို့ ပေမယ့် အတိုင်းအတာ တစ်ခုထိ ဆိုတာ ကလည်း ရှိပါသည်။ လူတစ်ယောက်အပေါ် ပြောသောစကား စနောက်သောစကား၊ ယုံသင့်မယုံသင့် ချင့်ယုံ မယုံ ဆိုတာတွေ မှာလည်း အတိုင်းအတာ တစ်ခုထိ ရှိပါတော့တယ်။ အခြေအနေ  အခြေအခါအရ လိုက်လျောညီထွေမှုရှိပြီး အချက်အလက်ဘယ်လောက်ခိုင်လုံကြောင်း တင်ပြမှုသည်သာ အတိုင်းအတာ တစ်ခုထိ ကို အဖြေပေးပါလိမ့်မည် ဖြစ်ပါတော့သည်။ မည်သည့် ကိစ္စမဆို
သျှင်
အောင်မြင်သူ Vs ရှုံးနိမ့်သူ
အောင်မြင်သူ Vs ရှုံးနိမ့်သူ အကြောင်း ဇယားလေးကို ဆရာ ခင်မောင်ညို ဘောဂဗေဒ ရေးထားတဲ့ လူမှုဆက်ဆံရေး နည်းဗျူဟာ စာအုပ်မှ ကူးယူတင်ပြထားပါတယ်။
အောင်မြင်သူ Vs  ရှုံးနိမ့်သူ  
အောင်မြင်သူ ရှုံးနိမ့်သူ
ကျွန်တော် ကံကောင်းပါတယ် ကံကို ဆိုးပါတယ်ဗျာ
ကျွန်တော် အချိန်လုပြီး လုပ်လိုက်ပါ့မယ် ကျွန်တော့်မှာ အချိန်ရှိမယ်ထင်လား
ကဲ ၊ ပြဿနာကို အခြေခံက စလိုက်ကြရအောင် အဲဒီက ပြောရမှာကို ခက်ပါတယ်
ကျွန်တော်တို့ မြင်ပုံမြင်နည်းချင်း ကွာနေကြတယ် ကျွန်တော်ကတော့ ကျွန်တော့်စိတ်ကို ပြောင်းမှာ မဟုတ်ဘူး
ကျွန်တော်ကတော့ ကောင်းတယ် ထင်တာပဲ၊ ဒါပေမယ့် ဒီထက်ကောင်းအောင် လုပ်နိုင်ပါသေးတယ် ကျွန်တော်က သူများလောက်တော့ မဆိုးသေးပါဘူး
ကျွန်တော့်ကို ပြောပြဦးလေ ကျူပ်ကတော့ ထပ်ခါတလဲလဲ ပြောပြီးပြီ
ပိုကောင်းတဲ့နည်း ရှိဦးမှာပါ ဒီနည်းအတိုင်း ကျွန်တော်တို့ လုပ်ပြီးပြီပဲ
အလျော့အတင်း ရှိပါသေးတယ် မှတ်တမ်းက ဒီအတိုင်း ပြောထားတယ်
စီမံခန့် ခွဲသူတွေကို တင်ပြဖို့ ပြင်ဆင်ကြရအောင် စီမံခန့် ခွဲရေးအဖွဲ့ က ဘယ်တော့မှ သဘောတူမှာ မဟုတ်ဘူး
ခင်ဗျားကတော့ တစ်နေ့ ကို တစ်မျိုးလေ့လာတက်မြောက် ကျုပ်အတွေ့ အကြုံတွေ ဘယ်သွားထားမလဲ
ဒီတစ်ခါ အလုပ်ဖြစ်အောင် ကြိုးစားကြည့်ကြတာပေါ့ ကြိုးစားနေလို့ ၊ ဘာမှ ဖြစ်လာမှမဟုတ်ဘူး
အဲဒီအပြောင်းအလဲလေးက စိတ်ဝင်စားဖို့ ကောင်းပါတယ် ဘာလို့ တစ်ချိန်လုံး ပြောင်းပစ်နေရတာလဲဗျ
ဒီဇယားလေးကိုတော့ လုပ်ပုံလုပ်နည်းသင်ပြပေးတဲ့သူကတော့ ကိုလင်းထက် ဖြစ်ပါတယ်။
သူ MMG မှာပဲ ပိုစ့်တင်ပြီး ဒီပိုစ့်မှာ http://multiplygroups.multiply.com/journal/item/61 ရေးပြီး သင်ပေးခဲ့တာပါ။
ကျေးဇူးတင်လျှက်
သျှင်
ဒိုင်ယာလော့’ Vs့ ‘ ဒီဘိတ်’
”    ‘ ဒိုင်ယာလော့’ နဲ့  ‘ ဒီဘိတ်’ ကွာပုံကို ဆရာ ကျော်ဝင်းရေးတဲ့  အတောင်ပံပါသော စကားလုံးများ စာအုပ်မှ ကူးယူတင်ပြလိုက်ပါတယ်။          ‘ ဒီဘိတ်’ မှာလည်း အားနည်းချက်ရှိသလို အားသာချက်တွေ ရှိပါတယ်။ ကျွန်မကိုယ်တိုင်        ‘ ဒိုင်ယာလော့’ နဲ့  ‘ ဒီဘိတ်’ နှစ်မျိုးစလုံးကို ကြိုက်ပါတယ်။ အခု MRTV 4 မှာလာနေတဲ့ Sunday Talk ဟာ ကျွန်မစိတ်ထဲမှာတော့   ‘ ဒိုင်ယာလော့’ သဘောဆောင်ပါတယ်။ အခုလာနေတဲ့ တီဗီက “စကားနဘမ်း” အစီအစဉ်ကတော့ ‘ ဒီဘိတ်’ သဘောဆောင်တာ တွေ့ ပါတယ်။ အစီအစဉ်တွေဟာ တစ်မျိုးစီ ကောင်းတာတွေ့ ရပါတယ်။ အားလုံး ဆွေးနွေးအကြံပြုရင်းနဲ့ ပိုပြီး တန်ဖိုးရှိတဲ့ အစီအစဉ်တွေ ပေါ်ထွက်လာမယ်လို့ ယုံကြည်နေပါတယ်။ လေးစားစွာဖြင့်……သျှင် ”
{ဆရာ ကျော်ဝင်းရေးတဲ့  အတောင်ပံပါသော စကားလုံးများ စာအုပ်မှ –
Dialogue
မူရင်းဂရိစကားက ” ဒိုင်ယာလိုဂို” (Dialogos) ပါ။
‘ Dia’ ဆိုတာက Through လို့ အဓိပ္ပါယ်ရတယ်။ ဖောက်ထွက်တာ၊ အပြန်အလှန် စီးမျောတာလို့ ယူနိုင်ပါတယ်။
‘ Logos’ ဆိုတာကတော့ words သို့ မဟုတ် Meaning လို့ အဓိပ္ပါယ်ပေါက်တယ်။ ဒါ့ကြောင့် ‘ ဒိုင်ယာလော့ ‘ ဆိုတာ လူတွေကြား၊ ထင်မြင်ယူဆချက်တွေ အပြန်အလှန် လွတ်လွတ်လပ်လပ်စီးဆင်းစေတာ လို့ ယူနိုင်ပါတယ်။ A free flow of meaning between people လို့အဓိပ္ပါယ်ဖွင့်ကြပါတယ်။
ဒီတော့ ‘ ဒိုင်ယာလော့ ‘ မှာ ပြောတဲ့အပိုင်းနဲ့ နားထောင်တဲ့ အပိုင်းဆိုပြီး နှစ်မျိုးရှိနိုင်ပါတယ်။
ပါဝင်တဲ့ ဘက်အသီးသီးက ပြောလဲ ပြောကြမယ်။ နားလဲ နားထောင်ကြမယ်ပေါ့။ ပြောသူသာ ရှိပြီး နားထောင်သူမရှိရင် ‘ ဒိုင်ယာလော့’ မဟုတ်ပါဘူး။ ‘မိုနိုလော့’ (Monologue) သာ ဖြစ်ပါတယ်။ များသောအားဖြင့် လူဆိုတာ နားထောင်ရတာထက် ပြောရတာကို ခံတွင်းတွေ့ ကြမှာပါ။ ဒါနဲ့ အမျှ ကိုယ်ပြောတာကို နားထောင်မယ့် ပရိသတ်ကိုလဲ မျှော်လင့်ကြမှာပါပဲ။ ဒီသဘာဝကို ကိုယ်ချင်းစားစိတ်နဲ့ ဆင်ခြင်နိုင်ကြရင် ပြောသူတိုင်းဟာ နားထောင်သူလဲ လုပ်နိုင်ကြပါလိမ့်မယ်။ တကယ်တော့  ‘ ဒိုင်ယာလော့ ‘ ဆိုတာ အလှည့်ကျ ပြောတဲ့ ဖြစ်စဉ်ပါ။ တပြိုင်နက်တည်းမှာ အလှည့်ကျ နားထောင်ကြတာလဲ ဖြစ်ပါတယ်။
ဘက်နှစ်ဖက် ‘ဒိုင်ယာလော့’ ကြပြီဆိုရင် ဒိုင်ယာလော့ မဖြစ်ပဲ ‘ ဒီဘိတ် ‘ ဖြစ်သွားတက်တာမျိုးတွေ ရှိတက်ပါတယ်။
Debate
ဒီဘိတ် ( Debate) က ‘ထိပ်တိုက်စနစ်’ ( Adversary System) နဲ့ အပြန်အလှန်စကားရည် လုကြတာပါ။ တစ်ဖက်ရဲ့ အရှုံးဟာ ကိုယ့်အတွက် အနိုင်ဆိုတော့၊ တစ်ဖက်ရဲ့ အရှူံးစာ ကိုယ့်အတွက် အနိုင်ဆိုတော့၊ တစ်ဖက်ရဲ့ အားနည်းချက်ကို ဖော်ထုတ်ရေးက အဓိက ဖြစ်လာပါတယ်။ ဒီလိုနဲ့ ပြဿနာဖြေရှင်းဖို့ ထက် ဖော်ထုတ်ဖွင့်ချရေးက လွှမ်းလာတော့တယ်။
ခေတ်သစ် * ဂိမ်းသီအိုရီ *( Game Theory) အလိုအရတော့ ဒါမျိုးဟာ ‘ သုညဆက်ဆံရေး (Zero Sum Game) သာ ဖြစ်ပါသတဲ့။ အရှူံးအနိုင် ထေလိုက်ရင် အဖြေဟာ သုညမို့  တစ်ခုလုံးအတွက် အကျိုးမရှိပါဘူး။ ‘ ဒိုင်ယာလော့’ ကတော့ ( Non-Zero Sum Game) လို့ ဆိုပါတယ်။ သူမနာ ကိုယ်မနာ ဆက်ဆံရေးပေါ့။ ဒီလို ဖြစ်နိုင်ဖို့ အတွက်  ‘ ဒိုင်ယာလော့’ ဟာ ပြဿနာ ပြေငြိမ်းရေးကို ဦးတည်ကြရပါလိမ့်မယ် (Case Orientate)၊ ကိုယ့်လိုအင် ဆန္ဒကို တောင်းဆိုတာမျိုး (Demand) နဲ့ ချဉ်းကပ်လို့ မရပါဘူး။ နှစ်ဖက်ညှိနှိုင်းယူရမယ့် အဆိုပြုချက် (Proposal) တွေနဲ့ သွားဖို့ လိုပါတယ်။ သူ့ ရဲ့ ရည်မှန်းချက်ဟာ ဘက်တစ်ဖက်ရဲ့ မဟာဗျူဟာကို အကောင်အထည်ဖော်ဖို့ မဟုတ်ပါ၊ ‘ကြားအဖြေ’ (Compromise) တစ်ခုရဖို့ ဖြစ်ပါတယ်။
ဒီနေ့ ခေတ်ပြိုင်ကမ္ဘာမှာ ရေပန်းစားနေတာကတော့ ‘ယဉ်ကျေးမှုဒိုင်ယာလော့’ တွေ ဖြစ်ပါတယ်။ ယဉ်ကျေးမှုချင်း ထိပ်တိုက်တွေ့ မယ့် အန္တရယ်ကို ရှောင်ရှားဖို့ တစ်ခုတည်းသော နည်းလမ်းလို့ ဆိုကြပါတယ်။ ပြောရရင် ယဉ်ကျေးမှုနယ်ပယ်မှာမှ မဟုတ်ပါဘူး။ ဂလိုဘယ်လိုက်ဇေးရှင်း (Globalization) ခေတ်မှာ ‘ ဒိုင်ယာလော့’ နဲ့ သာ ဖြေရှင်းလို့ ရနိုင်မယ့် ပြဿနာတွေ များသထက် များလာနေပါပြီ။ }
အဆင်းကို ဘီးတပ်ခြင်းလား အပေါ်ကို တွန်းတင်ခြင်းလား (Up Vs Down)
          တခါတရံ ကိုယ့်ကိုကိုယ် မေးခွန်းမေးမိသည်။ ငါ အောက်အဆင်းကို ဘီးတပ်မှာလားအပေါ်ကို တွန်းတင်မှာလားဟု။
                      အပေါ်ကို တွန်းတင်ရန် အလွန်ခက်လှပါသည်။ အပေါ်ကို အဆင်သင့်ရောက်ပြီးသူများသည် နယ်မြေသစ် ရှာဖွေပြီး ဆက်တက်ဖို့ ကြိုးစားနေသူများလည်း ဖြစ်ကောင်းဖြစ်ပေမည်။
                      အဆင်းကို ဘီးတပ်ဖို့ ဆိုသည်မှာ အလွန်လွန်ကူသော ကိစ္စဖြစ်သည်။ တစ်ချို့ အောက်ဘက်ကို မဆင်းချင်ရရှာပဲ ဘေးက တွန်းထုတ်လိုက်သောကြောင့် အလိုအလျှောက် အောက်ကို လိမ့်ဆင်းသွားသူများလည်း ရှိရှာပေသည်။
                      မည်သို့ ပင် ဖြစ်စေကာမူ သံသရာ ဆိုသော Cycle သဘောသည်  အတက်အကျမှာ အမြဲတမ်း ရပ်မနေတက်ပါ။ အပေါ်သို့ တက်ရန် အားယူရန် မိမိမှာ အများဆုံးတာဝန်ရှိပေသည်။ မည်သို့ ပင် အောက်ကို တွန်းချသော အခြေအနေပင် ရှိလင့်ကစား၊ ကိုယ်တိုင် အောက်သို့ တောက်လျှောက် ဆင်းသွားရန် ဆန္ဒ မရှိပဲ အပေါ်ကို အားသာသော တနေ့ တွင် ပြန်တက်ရန်သာ အရေးကြီးပါသည်။
                      မြင်နေကြားနေရ အသံများသည် တခါတလေတွင် အဆင်းကို ဘီးတပ်ဖို့ ကြိုးစားနေသကဲ့ဖြစ်နေသည်။ အပေါ်ကိုတွန်းတင်ရန် စာသားနဲ့ ပင် ခက်လှရုံသာမက တွန်းတင်ရန်ကြိုးစားသူများမှာ အဆင်းကိုပဲ အာရုံပြုနေကြသည်။ အပေါ်ကို ဘယ်သို့ ဘယ်ပုံ ဘယ်နည်းလမ်း ဖြင့် တက်မည်ဟု တကယ်ထိရောက်တဲ့ စဉ်းစားပုံမျိုးနဲ့ မချဉ်းကပ်ကြ။ သူတို့ သည် အဆင်းကို သာ အာရုံ ပြု နေကြသည်။ အောက်ခြေတွင် ဘယ်သို့ ဘယ်ပုံဆင်းရဲ ဒုက္ခရောက်ကြောင်းသာ ငြီးညူနေကြသည်။ ခိုလိုပါပဲ ။ တကယ်လည်း အင်မတန်လည်း ဆင်းရဲလှပါသည်။ အောက်ခြေရောက်နေမှတော့ မဆင်းရဲ ပဲ နေပါ့မလား။  သို့ သော် အရမ်းလွယ်သော အဆင်းကို ဘီးတပ်ရုံမှ မထွက်ကြ။
                      အပေါ်သို့ တွန်းတင်ရန်သည် ကာယနဲ့ လည်း မလုံလောက်ပါ။ ညဏပါ တွဲသုံးရန်လိုအပ်ကြောင်း အထူးပြောစရာမလိုပါ။ Knowledge Based Society ခေတ်ကြီးထဲတွင် မိမိမှာ သင်ယူထားသည့် ပညာသည် မလုံလောက်ရုံသာမက Continue Learning အဆက်မပြတ်လေ့လာစူးစမ်း သင်ကြားရန် လိုအပ်ကြောင်း လူတွေတဖွဖွပြောရုံမှမဆုံးသေးခင် Unlearning လုပ်ရပါမည်တဲ့။ ဘာလဲ Unlearning လဲ ဆိုတော့။လုံးဝ လေ့လာသင်ယူမူမပြုကြရတော့မည်လား ဟု အဓိပ္ပါယ်ကောက်လွဲသွားလျှင် သွားပြီ။ Unlearning လုပ်ဖို့ ဆိုရာမှာ
မိမိသင်ယူထားတာရော၊ ဆက်လက်လေ့လာထားတာတွေရော ပညာတွေကို အစွမ်းကုန် လေ့ လာ ၊ ပြီးတော့ ဒီပညာတွေဟာ ဟုတ်မဟုတ် ပြန်လည် စမ်းစစ်ရမည်တဲ့။ ကျွန်မတို့ မြတ်စွာဘုရား ဟောထားတာတွေနဲ့ တထပ်တည်း ကိုက်နေပါသည်။ ဘယ်ပညာရှိ ဘယ်လို ဟောပေမယ့် ဒီဟာတွေ ဟုတ်မဟုတ် လေ့လာ စမ်းစစ် ဝေဖန်ကြည့်ရန် Unlearning လုပ်ရန် လိုလာပါတော့သည်။ ပညာတက် လား ပညာတန့် နေပြီလား ဆိုတာ ကိုယ့်ကိုကိုယ် ဝေဖန်မိပါသည်။ ကျွန်မ ဆက်လေ့လာ သုံးသပ် စူးစမ်း ဆင်ခြင်ရန် အမြဲ မပြတ်လိုလာပါတော့သည်။
                   သင်ရော အောက် အဆင်းကို ဘီးတပ်ခြင်းမှာလားအပေါ်ကို တွန်းတင်မှာ လားဟင်
သျှင်
Specialist Vs Generalist
( ဒီနေ့ ရေးတဲ့ စာလေးကတော့ နေဇင်လတ်ရေးတဲ့ လူတော်လား လူကောင်းလား စာအုပ်ထဲက  Specialist နဲ့  Generalist အကြောင်းရေးထားတာ ကြိုက်လို့ ကူးယူဖော်ပြလိုက်ပါတယ်-)
                            အတက်အကျဆိုတာ နေရာတကာတိုင်းမှာဖြစ်ပါတယ်။ ကုန်သွယ်ရေးကောင်းတဲ့အချိန်၊ ထုတ်လုပ်မှုသာတဲ့အချိန်၊ ၀န်ဆောင်မှု ပြုံးပန်းဝေတဲ့အချိန်  စသဖြင့်ပေါ့၊ ဘယ်ကဏ္ဌကမှ အမြဲတမ်း ပန်းပန်နေရတာမရှိပါဘူး၊ စီးကရက်လောကမှာ ဘုရင်ဖြစ်တဲ့ Philip Morris လို  ဧရာမ Company   ကြီးတောင် ဒီနေ့  Kraft လို အစားအသောက် Company ကို ၀ယ်ပြီး လိုင်းပြောင်းဖို့  ကြိုးစားနေတာဟာ တစ်စုံတစ်ခုတည်းပေါ်မှာ ရပ်တည်လို့ မရတော့ဘူးဆိုတာ မီးစိမ်းပြပေးနေတာ ဖြစ်ပါတယ်။ 
                          Specialist ဆိုတာ သင်္ချာ  မှာ အမှတ်(၁၀၀)ပြည့် ရတဲ့လူလိုပါပဲ၊
                          Generalist ဆိုတာ ဘယ်ဘာသာမှာမှ အမှတ်ပြည့် (၁၀၀) မရပေမယ့် ဘာသာရပ်တိုင်း ဂုဏ်ထူး ထွက်တဲ့သူလိုပါပဲ၊
                          စီးပွားရေးရဲ့  ကဏ္ဌတစ်ခု ရှင်သန်ရင် Generalist တွေ ရပ်တည်နေ နိုင်ကြပါတယ်။
                          Specialist က Development ကို အားပြုပြီး သူ့ ကဏ္ဌမရှင်သန်ရင် မရပ်တည်နိုင်ပါဘူး၊ Survival မရှိဘူးပေါ့၊
                          Generalist က အနည်းဆုံး ရှင်သန်ခွင့် (Survival) ရမှာဖြစ်ပြီး အခြေကောင်းတယ်ပေါ့၊
                          Development က ဒုတိယ မဟာဗျူဟာ ဖြစ်ပါတယ်။  (Marathon) မာရသွန် ပွဲမှာ Generalist တွေ ပန်းဝင်တက်ကြပါတယ်၊
                         IT ဆိုတဲ့ Information Technology ခေတ်စားတာ ပြောလို့ တောင် မပြီးသေးပါဘူး ၊ ကမ္ဘာမှာ IT ကို အထူးပြုတဲ့ Company တွေ တဖြုတ်ဖြုတ်ကြွေကုန်ကြပါပြီ၊ အခု Bio-Tech  ခေတ်ရောက်နေပါပြီ။ Specialization ရဲ့ သဘောကို ပြောတာပါ၊ Changes ဆိုတဲ့ အပြောင်းအလဲ ဟာ ကမ္ဘာဦးကစပြီး ဒီနေ့ အထိ စဉ်ဆက်မပြတ်ရှိနေပါတယ်။ လူ့ သဘာဝအရ အပြောင်းအလဲကို တောင့်တ အလိုရှိတက်ကြပါတယ်။ အဲ့ဒီ့အပြောင်းအလဲမှာ ရှင်သန်နိုင်ဖို့ Specialist ဖြစ်သင့်သလား  Generalist ဖြစ်သင့်သလား ၊ အဖြေသီးခြား ပေးစရာလိုမယ် မထင်တော့ပါဘူး၊
                        Specialist ဆိုတာ Technician တွေနဲ့ ပိုထိုက်တန်ပြီး Management လူတွေ အားလုံး Generalist ဖြစ်ရင် ပိုကောင်းပါတယ်၊ Company အဖွဲ့ အစည်းတွေ ဦးဆောင်တဲ့သူ အားလုံး အကျုံးဝင်နိုင်ပါတယ်။