ဖတ်မှတ်ရသော အတွေးသမား လက်စွဲစကားများ
စာအုပ်ကိုဖတ်လိုက်ရတဲ့အချိန်မှာတော့ မှတ်သားဖွယ်စရာအတိဖြစ်နေပါသည်။ ကျွန်မကြိုက်သောအတွေးအမြင်များကို စုစည်းထားသော စာအုပ်ပါလားဟု ဖတ်ရင်းမှ သိလိုက်ရပါသည်။
အဆိုအမိန့် များစာအုပ်ဟုလည်း ခေါ်နိုင်ပါသည်။ ဥပဒေသမားများကိုးကားရာ စာအုပ်လည်း ဖြစ်သဖြင့်
ဆရာ ဦးကျော်ဇေယျက ဥပဒေစကား လက်စွဲစကား ဟု နာမည်ပေးထားပုံရပါသည်။
နိုင်ငံတကာမှ ပုဂ္ဂိုလ်တို့ ၏အဆိုအမိန့် အတွေးအမြင်များအပြင် မြန်မာနိုင်ငံမှ ဆရာတော်များ၊ ပုဂ္ဂိုလ်ကျော်
များအတွေးအမြင်တို့ ပါ ထည့်သွင်းထားသဖြင့် ဖတ်မှတ်လေ့လာသင့်သော စာအုပ်တစ်အုပ်အဖြစ်
မျှဝေလိုက်ပါသည်။
ebook အနေဖြင့်လည်း Download ရယူနိုင်ပါသည်။
အပြင်တွင် ၀ယ်လို့ ရနိုင်ပါက ၀ယ်စုဆောင်းထားသင့်သော စာအုပ်လည်း ဖြစ်ပါသည်။
ကျွန်မကြိုက်သော အတွေးအမြင်များကိုပါ စုဆောင်းပြီး မျှဝေလိုက်ပါသည်။
ဒီစာအုပ်လေးကို Downloadလုပ်ချင်ရင်တော့ အောက်ပါလဒ့်မှာ ကူးယူနိုင်ပါတယ်။
လေးစားလျှက်
မြလေးသျှင်
Advertisements
အငြိမ့်လက်ရာများ
သုခမိန်လှိုင်ရဲ့ ကဗျာတွေထဲမှာ “အငြိမ့်”ဆိုတဲ့ခံစားချက်တွေနဲ့ လိုက်အောင် ဖွဲ့ ဆိုထားတဲ့ ကဗျာစာအုပ်လေးတစ်အုပ်ဖတ်လိုက်ရပါတယ်။ ကဗျာစာအုပ်လေးက အငြိမ့်ဆိုတဲ့စာအုပ်နဲ့ လိုက်အောင်ကဗျာရသခံစားမှုကိုပေးသလို စာအုပ်ထဲမှ ပန်းချီလက်ရာများကလည်း အငြိမ့်ကိုပေါ်လွင်အောင် ဖန်တီးထားပါတယ်။ အငြိမ့်ကဗျာစာအုပ်ထဲမှ ကိုနေမျိုးဆေးရဲ့ ပန်းချီလက်ရာလေးတွေပါ။ …
လေးစားလျှက်
မြလေးသျှင်
Credit to > http://www.myanmarebooks.net/
ငှက်တစ်ကောင်၏ အတွေးရနံ့ များ (၂)
“လူတစ်ယောက် ဘ၀များစွာ” ခေါင်းစဉ်ဖြစ်သည်။ ထိုထဲတွင်လည်း မှတ်သားဖို့ ကောင်းတဲ့အကြောင်းအရာတွေ၊ စဉ်းစားသင့်တဲ့အတွေးအခေါ်တွေ အများကြီးပါလေသည်။
ဆရာဘုန်းတွေးတော ငေးမောပြီး ရေးထားသည်မှာ ကျွန်မကိုယ်တိုင်ပင် ကိုယ့်ကိုကိုယ် ဆင်ခြင်သုံးသပ်ရန် သတိရသွားပါသည်။
ဆရာဘုန်းရောက်သွားသည့် စားသောက်ဆိုင်မှာ ဖိလစ်ပိုင်က စားပွဲထိုးချာတိတ်တစ်ယောက်နှင့် စကားပြောဖြစ်လေသည်။  ချာတိတ်မှာ  နေ့ ခင်းကျောင်းတက်ရင်း ညနေပိုင်းမှာ အပို ၀င်ငွေရဖို့ အလုပ်လုပ်ကြောင်း၊ ကျောင်းစရိတ်ကာမိကြောင်း ပြောပြလေသည်။
ဆရာဘုန်းက “ပင်ပန်းမှာပေါ့နော်” ဟု မေးလိုက်သောအခါ ထိုသူငယ်လေးက ” ပင်ပန်းပေမယ့် တန်ဖိုးမဖြတ်နိုင်တဲ့ အတွေ့ အကြုံတွေရပါတယ်၊ အချိန်ကို တန်ဖိုးထားတက်တဲ့ အလေ့အကျင့်တွေရပါတယ်၊ လူတစ်ယောက်မှာ စွမ်းအားဆိုတာ ညစ်ထုတ်ရင် ညစ်ထုတ်နိုင်သလောက် မကုန်မခန်းနိုင်အောင် ရှိတယ်ဆိုတာ အလုပ်လုပ်ရင်းနဲ့ မှ သိလာရတယ်။ အလုပ်များတယ်ဆိုတာ အလုပ်ရှုပ်တာထက် ပိုကောင်းပါတယ်။ အလုပ်များများလုပ်တက်တဲ့ အလေ့အကျင့်ကို ဒီနိုင်ငံက ကျွန်တော့်ကို သင်ကြားပေးနေပါတယ်။ ကျွန်တော်က “One man, Two lifeပါ” ဟုပြောပြလေသည်။
“မင်းတကယ်တော်တဲ့ လူငယ်ကလေးပဲ ” ဟု ဆရာဘုန်းက ချီးကျူးလိုက်လေသည်။
ဆရာဘုန်းတင်ပြထားသည်မှာ လူတစ်ယောက်အနေဖြင့် ဘ၀ဘယ်နှစ်မျိုးလောက်ပိုင်ဆိုင်နိုင်ကြောင်းကို
စိုင်းစိုင်းခမ်းလှိုင်၊ ရုပ်ရှင်မင်းသားဝင်းဦးတို့ ဖြင့် ဖော်ပြထားလေသည်။ “ရုပ်ရှင်မင်းသား ၀င်းဦးဆိုလျှင်
“One man, Five life” ပေါ့ ။လူကတော့ တစ်ယောက်တည်း  ဘ၀ငါးခုကို ပိုင်ဆိုင်ထားသည်။ ၀င်းဦးဟာ စာရေးဆရာလည်း ဖြစ်တယ်။ စန္ဒာ မဂ္ဂဇင်းစာအုပ် ထုတ်ဝေသူလည်း ဖြစ်တယ်။ ရုပ်ရှင်သရုပ်ဆောင် တစ်ယောက်လည်းဖြစ်တယ်။ အဆိုတော် တစ်ယောက်လည်းဖြစ်တယ်။ စစ်ဗိုလ်တစ်ယောက်လည်း ဖြစ်ခဲ့တယ်” တဲ့။  စဉ်းစားကြည့်လျှင် အခြားသော ဘ၀မျိုးစုံပိုင်ဆိုင်သည့် ပုဂ္ဂိုလ်ကျော်အများအပြားရှိပါသေးသည်။ ကျွန်မတို့ လေ့လာရင်လေ့လာနိုင်သလောက် ဘ၀မျိုးစုံတို့ တွေ့ ကြပေလိမ့်မည်။
ဆက်လက်ပြီး တင်ပြထားသည်မှာ မိခင်ဘာသာစကားအပြင် တခြား ဘာသာစကားကိုလည်း သင်ကြားသင့်ကြောင်းပါ။ ဆရာဘုန်းကိုယ်တိုင်ဝန်ခံထားသည်မှာ “ကျွန်တော်ကတော့ “One life, One Man” ပါပဲ။ ဘ၀တစ်ခုပဲ ပိုင်ဆိုင်ပြီး လူတစ်ယောက်စာပဲ အလုပ်လုပ်နိုင်တယ်။ “ဆရာကိုယ်တိုင် အင်္ဂလိပ်စကားကို ကျွမ်းကျွမ်းကျင်ကျင်မပြောတက်ပါ။
သို့ သော် ဆရာတို့ ကို ခရီးသွားပြသပေးသောလမ်းညွှန်မှာတော့ ဘာသာစကားလေးမျိုးတက်ကြောင်း တင်ပြထားပါသည်။ ” ဒီတော့ သူဟာ “One life, Four Men” ဖြစ်ကြောင်း၊ သူကတော့ ဘ၀ကတော့ တစ်ဘ၀တည်းပါ။  ဒါပေမယ့် လူလေးယောက်စာ အလုပ်လုပ်နိုင်နေတယ်။
ဒါကြောင့် နိုင်ငံခြား ဘာသာစကားတစ်မျိုးမျိုးကို တက်ကျွမ်းဖို့ လိုတယ်ဆိုတာ တွေးမိလာတယ်။
မိခင်ဘာသာစကားအပြင် အခြားစကားများကို တက်ကျွမ်းတဲ့သူဟာ သူများတွေထက် ပေါင်းသင်းဆက်ဆံရေးမှာ အသာစီးက ရနိုင်သလို စီးပွားရေး၊ကြီးပွားရေး၊ လူမှုရေးတွေအထိ အများကြီး လုပ်ဆောင်နိုင်စွမ်းရှိမှန်း ခရီးသွားမှ သတိပြုမိလာတယ် “
ဒီစာသားတွေကို အတိအကျဖော်ပြရခြင်းမှာ ကျွန်မတို့ ကိုယ်တိုင် ပြန်သုံးသပ်စဉ်းစားဖို့ လိုနေသည့်အချက်များစွာပါဝင်သောကြောင့်ဖြစ်ပါသည်။ ဆရာကတော့ လူတစ်ယောက်ကို ဘ၀တွေဖြင့် ၊ ဘ၀တွေကို လူဘယ်နှစ်ယောက်စာအဖြစ် သေသေချာချာကြီးကို တွက်ပြနေသည်။ ဆရာအတွေးအရေးတွေက နိုင်ငံခြားတိုင်းပြည်တွေမှာ  အတုယူ အားကျဖို့ ကောင်းတဲ့ အချက်များစွာတွေကို ထောက်ပြနေလေသည်။ ခေတ်လူငယ်တစ်ယောက်အနေဖြင့် ဘယ်လိုကြိုးစားသင့်ကြောင်း ဒီစာအုပ်လေးဖတ်ပြီးမှ အတော်လေးရှက်မိပါသည်။
“ကျွန်တော်တို့ မှာ….စွမ်းအားတွေရှိတယ်  ( သံယံဇာတ စွမ်းအင်မဟုတ်ပါ)
ကျွန်တော်တို့ မှာ .. အတွေးအခေါ်ရှိတယ်။ (ကိုယ်တိုင်ပိတ်ဆို့ ထားသော အတွေးအမြင်ကျဉ်းမဟုတ်)
ကျွန်တော်တို့ မှာ…အချိန်ပိုတွေရှိတယ်….( အပိုချိန်တွေမဖြစ်အောင် အချိန်ကို စနစ်တကျသုံးတက်ရအောင်)
ဒါပေမယ့် …” ဟုသာ ဆရာဘုန်းက နိဂုံးချုပ်ထားလေသည်။
ကျွန်မကိုယ်တိုင် အဲသည့် “ဒါပေမယ့် …” ဆိုတာကြီးကို ဆက်ချင်နေသည်။ သို့ ပေမယ့် အဲဒီ့အတွက် ဆက်ရန် အင်အားမရှိသေးသည့် အတွက် ဆရာဘုန်းအတွေးတွေ ရေးထားတဲ့ အနီရောင်စာစုဘေးမှာ အပြာရောင်ကွင်းစကွင်းပိတ်ဖြင့်သာ ဆက်ရေးထားမိပါသည်။ တစ်နေ့ နေ့ တစ်ချိန်ချိန်ရောက်လျှင်ဖြင့်
အဲသည့် “ဒါပေမယ့် …”  မှ လွတ်ကင်းပြီး ကျွန်မတို့ ပျံသန်းရာ အိပ်မက်များ အကောင်အထည်ဖော်နိုင်လိမ့်မည် ထင်ပါတော့သည်။
ယောနိသော မနာသီကာရဖြင့်
လေးစားလျှက်
မြလေးသျှင်
ငှက်တစ်ကောင်၏ အတွေးရနံ့ များ (၁)
ဒီနေ့ စာအုပ်ဆိုင်တွင် ၀င်မွှေနေရင်း စာအုပ်စင်တွင်  ဦးဘုန်း ၊ဓာတု၊ မန္တလေး ဆိုတဲ့ နာမည်လေးကို မြင်လိုက်ရသည်။ ဦးဘုန်း နာမည်ကို ကြားသာကြားဖူးပါသည်။  စာတွေကိုတော့ မဖတ်ဖူးပါ။ နာမည်ကြားဖူးလိုက်သည်နှင့် ရင်းနှီးသွားခဲ့ခြင်းမှာ အင်တာနက်စာမျက်နှာပေါ်မှ တဆင့်ဖြစ်ပါသည်။ ပြီးခဲ့သည် ရက်ပိုင်းအတွင်းက အင်တာနက်မှ မျှဝေမှုများ ကျေးဇူးဖြင့် ဆရာဘုန်း၊ ဓာတု နာမည်ဖြင့်  မော်လမြိုင်စာပေဟောပြောပွဲအသံဖိုင်လေးကို နားထောင်ခဲ့ရ၍ ရင်းနှီးသွားခြင်းဖြစ်ပါသည်။ ထိုဟောပြောပွဲအသံဖိုင်ကို နှစ်သက်လို့ တဆင့် မျှဝေသူများကိုလည်း ကျေးဇူးတင်မိပါသည်။ ဟောပြောပွဲအသံဖိုင်ထဲတွင် ဆရာဘုန်းရဲ့ အသံမှာ ရင်ဘတ်ကြီးထဲမှ အော်သံတွေအလား အသံဝင်သွားမတက် ဟောပြောရင်းမောနေသည့် ဂရုဏာသံတွေကို ကျွန်မကြားခဲ့ရ ၍ ဆရာ့နာမည်ကို စာတွေမဖတ်ဖူးပေမယ့် မှတ်မိနေရခြင်းဖြစ်လေသည်။
စာအုပ်ဆိုင်ထဲတွင် ဦးဘုန်း ၊ဓာတု၊ မန္တလေး နာမည်ဖြင့်ရေးထားသော စာအုပ်သုံးအုပ်တွေ့ ရလေသည်။  ဈေးနှုန်းမှာ တစ်အုပ် တစ်ထောင့်ငါးရာစီ ဖြစ်သည်။  စာအုပ်သုံးအုပ်စလုံးကို လိုချင်မိသော်လည်း ရွေးထားသည့် တခြားစာအုပ်တွေ များနေသောကြောင့် ငှက်တစ်ကောင်၏  အတွေးရနံ့ ခေါင်းစဉ်ပါ စင်္ကာပူ၊ မလေးရှား ခရီးသွား အတွေးရသစာစု ခေါင်းစဉ်ပါတဲ့  ဦးဘုန်းရေးတဲ့စာအုပ်တစ်အုပ်ကိုသာ ရွေးချယ် ၀ယ်ယူဖြစ်ခဲ့သည်။ ပုံနှိပ်သည်မှာ – ၂၀၁၀ ခုနှစ်၊ အောက်တိုဘာလ(ပထမအကြိမ်) ဖြစ်သည်။
ငှက်တစ်ကောင်၏  အတွေးရနံ့ စာအုပ်ခေါင်းစဉ်ကြည့်ပြီး စာကြောင်းနှစ်ကြောင်း သွားသတိရမိသည်။ ရေးသူကိုတော့ မမှတ်မိပါ။ စာကြောင်းမှာ တိုသော်လည်း မှတ်မိနေသည်။ ” ငှက်တို့ သည် ပျံရင်း သေကြရသည်၊ လူတို့ သည်လည်း ကြံရင်း သေကြရသည်။” လူတို့ သည် ကြံစည်တွေးတောလုပ်ကိုင်ရင်း သေဆုံးကြသည်ကို ငှက်တို့ ပမာ ခိုင်းနှိုင်းထားသောကြောင့် ထိုစာကြောင်းကို ကျွန်မနှစ်သက်မိ၍  မှတ်မိနေခြင်းဖြစ်ပါသည်။
ဦးဘုန်း (ဓာတု) မှာ အတွေးသမားအဖြစ် သတ်မှတ်ထားကြောင်း ဆရာကျော်ရင်မြင့်က အမှာစကား ပါးထားလေသည်။။ ဆရာက အတွေးအမြင်အကြောင်းနှင့် ပက်သက်၍   ” လူတွေမှာ တစ်ယောက်နဲ့ တစ်ယောက် အတွေးအမြင် မတူနိုင်သလို တစ်ခုကို ကြိုက်ခွင့်၊ မကြိုက်ခွင့်လည်း ရှိတာပဲ။ ကျွန်တော်က တွေးတက်တဲ့လူကို ကြိုက်တယ်။ တွေးတက်တဲ့လူတွေကြောင့် လောကကြီး တိုးတက်ပြောင်းလဲလာတာကို ကျွန်တော် ယုံကြည်ပါတယ်။ ခူးပြီး ခပ်ပြီးသား ထိုင်စားနေတဲ့သူတွေများလာရင် လောကဆုတ်ယုတ်မှာပါ။” ဟူ၍ ဆရာဘုန်းအပေါ်အမြင်အပြင် သူ့ အတွေးအမြင်ပါ သုံးသပ်တင်ပြထားလေသည်။ အမှာစကားထည့်ရေးပေးတဲ့ ဆရာကျော်ရင်မြင့်ကိုယ်တိုင် သူ့ ကိုယ်တွေ့ နိုင်ငံခြား အတွေ့ အကြုံများကို ကျစ်ကျစ်လျစ်လျစ်ဖြင့် ထည့်သွင်း ရေးသားပေးသောကြောင့် ဖတ်ရသည်မှာ အကျိုးများလှပါသည်။
ဆရာဘုန်းရဲ့  ခရီးသွား အတွေးစာစုများကို  မာတိကာတွင် အမှတ်စဉ်မတပ်ထားသဖြင့် ရေတွက်ကြည့်သောအခါ  စုစုပေါင်း (၁၇)ပုဒ်ပါဝင်ကြောင်း တွေ့ ရပါသည်။
ထိုစာစုများထဲမှ ကျွန်မကြိုက်နှစ်သက်သော အတွေးအမြင်များကို ခံစားတင်ပြလိုက်ပါသည်။
ပထမဆုံး ဖတ်ရသည်မှာ “အုန်းမှုတ်ခွက်” ခေါင်းစဉ်ဖြစ်သည်။ ဆရာဘုန်းတစ်ယောက်ဟာ စင်္ကာပူ ချန်ဂင်လေဆိပ်ကိုရောက်သောအခါ “မျက်လုံးထဲမှာ မြင်သမျှဟာ ဆန်းကြယ်နေတယ်၊ တွေ့ သမျှဟာ လတ်ဆတ်နေတယ်” ဆိုတဲ့အကြောင်းကို  “အုန်းမှုတ်ခွက်” ပုံပြင်လေးတစ်ပုဒ်နဲ့ ခိုင်းနှိုင်းတင်ပြခဲ့ပါသည်။
၎င်းပုံပြင်အစအဆုံးကို ဖတ်ပြီးသောအခါ ကျွန်မဖတ်ဖူးသည့် “ရေတွင်းထဲမှ ဖားသူငယ်” ပုံပြင်နှင့်အတူတူဖြစ်ကြောင်း သိလိုက်ရပါသည်။ ဆရာဘုန်းရဲ့ ဖားကလေးကတော့ ရေတွင်းထဲကမဟုတ်ဘဲ “အုန်းမှုတ်ခွက်” ထဲက ဖားလေးပါ။
ဆရာခံစားရေးထားသည်မှာ
” ကျွန်တော်ဟာ အဲ့ဒီဖားကလေးနဲ့ တူတယ်။
ကျွန်တော့်ဘ၀ဟာလည်း အုန်းမှုတ်ခွက်နဲ့ တူတယ်။
ကျွန်တော်ရဲ့ အောင်မြင်မှုကို  အဟုတ်ကြီးထင်နေမိတယ်။
ကျွန်တော့်ရဲ့ သိကျွမ်းမှုကို ပြည့်စုံပြီးလို့ သတ်မှတ်ထားမိတယ်။
ခရီးသွားလိုက်တဲ့အခါ..
တစ်နေရာကို ရောက်သွားတဲ့အခါ..
ကျွန်တော်ဟာ စကားမတက်တဲ့ ကလေးတစ်ယောက်ဖြစ်သွားတယ်။
ကျွန်တော့်ကျွမ်းကျင်မှုတွေ ဘာမှ အသုံးမကျတော့ဘူး။ ကျွန်တော်သိနားလည်သမျှဟာ သေးသေးလေးဖြစ်သွားတယ်။”
ယောနိသော မနာသီကာရဖြင့်
လေးစားလျှက်
မြလေးသျှင်
“၂၁ ရာစု သားရွှေဥ” စာအုပ်အညွှန်း
ဒီစာအုပ်လေးနဲ့ ပက်သက်ပြီး  မှတ်မှတ်ရရ အတွေးလေးတစ်ခု ကျွန်မတစ်ယောက်တည်း တွေးခဲ့ဖူးပါသည်။ အခုတော့ ချရေးကြည့်ပါတော့မည်။ စာအုပ်ဆိုင်ထဲရောက်သောအခါ ကိုယ်အရမ်းနှစ်သက်တဲ့စာရေးဆရာစာအုပ်ဆို လက်မလွတ်တမ်း ၀ယ်တက်ကြသည်မှာ စာအုပ်ဂျပိုးတို့ အလုပ်လည်းဖြစ်ပါသည်။ ပါလာသမျှပိုက်ဆံလေးဖြင့် လောက်မလောက်ကိုတော့ နောက်မှ ထပ်စဉ်းစားရသည်။ ကျွန်မအလွန်ကြိုက်နှစ်သက်သော ဆရာကျော်ဝင်းစာအုပ်တွေဆို အကုန်နီးပါးရသလောက် ၀ယ်စုဖြစ်သည်။
တခါတုန်းက စာအုပ်ဆိုင်ထဲတွင်  ဆရာကျော်ဝင်းစာအုပ်တွေကိုရှာဝယ်မည်ဟု လုပ်သောအခါ  “၂၁ ရာစု သားရွှေဥ” စာအုပ်ကို အထင်းသား သွားတွေ့ ပါသည်။ ဆရာကျော်ဝင်းရဲ့ စာအုပ်ဆိုပြီး ၀ယ်မည်ဟု လက်က ကိုင်ပြီးမှ ပြန်ချလိုက်သည်။  စာအုပ်ဈေးနှုန်းကြောင့် မဟုတ်ပါ။ ဟဲဟဲ… စာအုပ်ခေါင်းစဉ်ကြောင့်ဖြစ်ပါသည်။ ကျွန်မက မိန်းကလေးဆိုတော့ ယောင်္ကျားလေးတွေအတွက်သာရည်ရွယ်သည့် သားရွှေဥဟူသော စာလုံးကြောင့်  “၂၁ ရာစု သားရွှေဥ” ဆိုတာ ငါနဲ့ မဆိုင်ပါဘူးဟု ထင်ပြီး ပြန်ချခဲ့လေသော စာအုပ်ဖြစ်လေသည်။
စာအုပ်ဆိုင်တိုင်းတွင် “၂၁ ရာစု သားရွှေဥ”စာအုပ်ကို တွေ့ သောအခါတိုင်း ဒီစာတွေဟာ “ငါနဲ့ မဆိုင်ပါဘူး”ဟု ဆိုပြီး ကိုယ့်ဘာသာကိုယ်အတွေးလွန်ခဲ့လေသည်။ ဒီလိုနှင့် မ၀ယ်ဖြစ်ခဲ့သည့်စာအုပ်သည် အကြိမ်ကြိမ်ဝယ်ယူရန် ငြင်းပယ်ခြင်းခံရပြန်လေသည်။
သို့ သော်လည်း သင်တန်းတွင် ဆရာတစ်ယောက်က Sean Convey ရဲ့ 
Habits of Highly Effective Teens:
စာအုပ်မှ လမ်းညွှန်ချက်များအလွန်ကောင်းကြောင်းPowerpoint slide များဖြင့် ရှင်းပြသောအခါ အတော် သဘောကျမိသည်။ အဲသည့် အကြောင်းအရာများဖြင့် ဆက်လက်ပြီး စာသင်သောအခါ  “ဒီစာအုပ်ကို ဆရာကျော်ဝင်းက
‘၂၁ ရာစု သားရွှေဥ’ ဆိုပြီး မြန်မာဘာသာပြန်ထားတယ် “ဟု  ဆိုသောအခါ
အံသြသွားမိပါသည်။ သင်တန်းပြီးပြီးချင်းညနေတွင်ပင် ကျွန်မအိမ်သို့ တန်းမပြန်သေးဘဲ အသည်းအသန် စာအုပ်ဆိုင်ထဲပြေးဝင်ပြီး “၂၁ ရာစု သားရွှေဥ”စာအုပ်ကို မဆိုင်းမတွ ပြေးဝယ်မိပါတော့သည်။
ဖတ်ကြည့်သောအခါ ရုပ်ပုံလေးများဖြင့် ကြည့်လို့ ကောင်းပြီး စာအုပ်နာမည်အရ ဆယ်ကျော်သက်အရွယ်တွင်ကျင့်သုံးသင့်သည့်အလေ့အထများကိုသာမက လူကြီးများအတွက်ပါ ဖတ်သင့်သော စာအုပ်ဖြစ်ကြောင်း တွေ့ ရှိလိုက်ရပါသည်။ ဖတ်ပြီးမှ ဒီစာအုပ်ဖတ်ရတာ နောက်ကျသွားတယ် ဟု အတွေးလည်း ဆက်ပြီး တွေးမိပါသည်။
စာအုပ်တစ်အုပ်လုံးသည် ဆယ်ကျော်သက်များအတွက် ရည်ရွယ်ပြီး ပေါ့ပေါ့ပါးပါး ရေးထားသော်လည်း လက်တွေ့ လုပ်ဆောင်ရန်အတွက်မူ လူကြီးများအတွက်တွင်တောင်မှ ခက်ခဲနေသည့်အချက်များရှိနေပါသည်။
ပြောရလျှင် ကိုယ်တိုင် တကယ့်လက်တွေ့ ကျင့်ဖို့ ခက်ခဲသော အတွေးအခေါ်များလည်း ပါရှိပါသည်။
စာအုပ်တစ်အုပ်လုံးမှာ မူရင်းအနှစ်သာရကို ဘာသာပြန်သူ ဆရာကျော်ဝင်း အရေးအသားများကြောင့် ဖတ်လို့ အလွန်ကောင်းသည့်အပြင် မှတ်သားဖွယ်ရာများစွာ ပါရှိပါသည်။
ပြီးခဲ့သောအပါတ်က The Voice ဂျာနယ်မှ “၂၁ ရာစု သားရွှေဥ”စာအုပ်အညွှန်းလေးကိုလည်း ပူးတွဲ ဖော်ပြလိုက်ပါသည်။
“၂၁ ရာစု သားရွှေဥ” စာအုပ်မှာ ရောင်းရသောကြောင့် ယခုအခါတွင် ဒုတိယအကြိမ်ထုတ်ဝေသော စာအုပ်ဖြစ်ပါသည်။  စာအုပ်ထဲမှ မှတ်သားစရာစကားများစွာပါသောကြောင့် သဘောကျနှစ်သက်မိသော စာအုပ်အဖြစ် တင်ပြလိုက်ရပါသည်။
ယောနိသော မနာသီကာရ ဖြင့်
လေးစားလျှက်
မြလေးသျှင်
ရယ်မော လွမ်းဆွတ်ရင်း ကြည်နူးဖွယ်ကောင်းသော ဂျီဟောသူ
ပြီးခဲ့သည့်ရက်ပိုင်းက “မစန္ဒာ”ရဲ့ “ဂျီဟောသူ” စာအုပ်လေး ၀ယ်လို့ ရခဲ့လေသည်။
ဟိုးအရင်က စာအုပ်ဆိုင်တို့ တွင် ကုန်သွားပြီ ဆိုပြီး ၀ယ်လို့ မရခဲ့သော ဖတ်ချင်သော စာအုပ်လေးတစ်အုပ်ကို လက်ဝယ်တွင် ဖတ်ရူ ရသောအခါ…………..
စက်မှုတက္ကသိုလ်ကိုနောက်ခံထား၍ ကျောင်းသားအဆောင်များကို အေ-ဘီ-စီ တပ်၍ ခေါ်သောအခါ စုစုပေါင်းခြောက်ဆောင်ရှိလေသည်။ သတ္တမမြောက် အဆောင်သည် မိန်းကလေးအဆောင်ဖြစ်လေသောကြောင့်
“ဥတ္တရဆောင်” ဟု အမည်ပေးထားသော်လည်း နံပါတ်စဉ်အရ “G” ဖြစ်သောအဆောင်မို့ “ဂျီဟော” ဟု အခေါ်များလေသည်။
ထို “ဂျီဟော” တွင်နေသော အဆောင်နေကျောင်းသူတို့ သည် စာအုပ်နာမည်အတိုင်း ဂျီဟောသူများ ဖြစ်လာတော့သည်။
“ဂျီဟောသူ” ဇာတ်ကောင်တို့ ကို ဖော်ပြရလျှင်………
  • မာနကြီးသော်လည်း ဂရုဏာကြီးတက်သော ညိုထွေး
  • စိတ်ကူးယဉ်အတွေးလွန်တက်သော ခင်ချို (သို့ သော် ဒီဇာတ်လမ်းတွင် သူမက တရားသူကြီး)
  • မြင်မြင်သမျှ ရယ်စရာလုပ်ပြီး ဘရုတ်ကျလေ့ရှိသော ဝေေ၀ နှင့်မော်မော်
  • အစားကြီးပြီး ကြောက်တက်သော မိ
  • ဒေါသကြီးတက်သော မ၀ါ (ဆယ့်နှစ်လရာသီ မဒေါကန်ဟု ထောပနာပြုထားသည်)
  • ကလေးဆန်သော ထွေးထွေး
  • လူကြီးအဆန်ဆုံးသော မမခင်
ဂျီဟောသူများမှာ အလှသိပ်မပြင်၊ သနပ်ခါးရေကျဲလိမ်းပြီး ကျောင်းတက်ကြသူများမို့ အလှပြင်ချိန် ငါးမိနစ်ခန့် သာ လုံလောက်သည် ။ တစ်ရာလျှင် တစ်ယောက်လောက်သာ ရေမွှေးသုံးတက်ကြသည် ထင်၏။ နှုတ်ခမ်းနီ မိတ်ကပ်သုံးလေ့ရှိသော ခင်ချိုပင် ဂျီဟောဆောင်သို့ ရောက်သောအခါ သနပ်ခါးရေကြဲအုပ်စုဝင်ဖြစ်သွားတော့သည်။ ခင်ချို၏ ရယ်ဗလွန် နှုတ်ခမ်းနီဘူးလေးများ မှိုတက်လုနေပြီဟု ထင်သည်။
အထက်ပါ မြန်မာမှုကို ထိမ်းသိမ်းသော သနပ်ခါးရေကြဲ ပုံစံများကို ဆရာမ မစန္ဒာက သိမ်မွေ့ လှပစွာရေးဖွဲ့ ထားလေသည်။
ဂျီဟောသူများ အလှသိပ်မပြင်သည့်အတွက် စက်မှုကျောင်းသားများက ဂျီဟောသူတွေ မလှဘူးဟု အပြောခံရလေသည်။ ထိုအခါ ဂျီဟောသူများ ဆွေ့ ဆွေ့ ခုန်လေတော့သည်။ မခံချင်မှန်းသိလို့ လည်း ပြောသူက ပိုပြောကြသည်။ သို့ သော်လည်း ဂျီဟောသူတို့ သည် သနပ်ခါးရေကြဲကို လိမ်းမြဲ လိမ်းကြလေသည်။ ဤသို့ မခံချင်စိတ် ဖြင့် တစ်ဖက်နှင့် တစ်ဖက်အပြန်အလှန်စနောက် ဖြစ်လာသောအခါ
ဂျီဟောသူတို့ ဘက်မှ မိန်းမမာနကို ထိပါးလာသောကြောင့် နှလုံးသားမြှားပစ်ခွင်းရန် ဇာတ်လမ်းထွင်ရန် အလောင်းအစားပြုလိုက်ပါတော့သည်။
ထိုအလောင်းအစားသည် မခံချင်စိတ်မှဖြစ်ပေါ်လာသော လက်ဖတ်သုတ်ဝိုင်းမှ စတင်လေသည်။
“ယောင်္ကျားနှင့်မိန်းမ ပြိုင်ပြောစတမ်းဆိုလျှင် မိန်းကလေးကပဲ ရှုံးရမှာပေါ့” စကားအပေါ် မကျေနပ်သော ညိုထွေးသည် ဝေေ၀၊မော်မော်၊ မိ နှင့် မ၀ါတို့ လေးယောက်နှင့် ငြင်းခုန်ရင်း အလောင်းအစားလုပ်ခဲ့ကြလေသည်။ ကြားနေ၀ါဒကို လက်ကိုင်ထားသော ဒိုင်လူကြီးအဖြစ်ကား ခင်ချို ဖြစ်လေသည်။
သူတို့ လောင်းကြေးအတွက် အလျှော်အစားများ သတ်မှတ်ပြီးသော အခါ အားလုံး လက်ဖတ်စားပြီး သစ္စာပြုခဲ့ကြလေသည်။
“မိန်းမမာယာ သဲကိုးဖြာ” ဟု ကြားဖူးပါသည်။ ထို့ အတူ “ယောင်္ကျားမာယာ သောင်ကိုးရာ” ဟုလည်း ကြားဖူးသည် မဟုတ်ပါလော။
ဂျီဟောသူတို့ ကား အဆောင်နေ လက်ဖက်စားပွဲမှ အတည်ပြုလိုက်သော အလောင်းအစားမှသည် စက်မှုကျောင်းသားတစ်ယောက်ဖြစ်သော ကိုရင်မောင် ၏ နှလုံးသားကို မာနရှင်ညိုထွေးက  မြှားပစ်ခွင်းရန် သဲကိုးဖြာမှ သဲတစ်ဆုပ် ၊ သဲတစ်မှုန်ထုတ်ယူ သုံးမသုံးကိုမူ ဇာတ်လမ်းတွင် သိမ်မွေ့ နူးညံ့စွာရေးထားသောကြောင့် စိတ်ထဲတွင် အတော်လေး ခံစားရပြီး မစန္ဒာခေါ်ရာ စာအုပ်နောက်သို့ 
လိုက်ပါသွားရပြန်ပါသည်။
“သဲတစ်မှုန် နှစ်မှုန်ပါ မ၀ါရယ်၊ တစ်ဆုပ် မကုန်ပါဘူး” ဟု ညိုထွေးက ဖြေခဲ့လေသည်။
ကိုရင်မောင် ခွေးကိုက်ခံရသောအခါ ညိုထွေးသည် သူ့ စာအုပ်ကြားထဲတွင်ညှပ်ထားသော လက်ကိုင်ပ၀ါအဖြူလေးကို အနာစည်းရန် ကမ်းပေးလိုက်သည်။
ညိုထွေးခေါင်းခါပြလေးသည်။
“ဒီတစ်ခါ တကယ့် စေတနာနဲ့ ပေးလိုက်တာပါ ခင်ချိုရယ်၊ ညိုထွေးထွင်တာမဟုတ်ပါဘူး” ဟု ဆိုသော ညိုထွေးရဲ့ ဂရုဏာရောင်မျက်လုံးတွေကို တွေ့ သယောင် ထင်ရသည်။
ကိုရင်မောင်ခွေးကိုက်ဒဏ်ရာပျောက်ပြီးနောက် လမ်းတွင် ညိုထွေးတို့ သူငယ်ချင်းအုပ်စုတွေနဲ့ တွေ့ ကြပြန်လေသည်။ ညိုထွေးက ကိုရင်မောင်နဲ့ စကားရှည်ရှည်မပြောချင်သေးဘူး ဟုပြောသောအခါ ဝေေ၀တို့ 
အံသြသွား၍ မေးသောအခါ
“သြော်..ဝေေ၀ရယ်…စစ်ပွဲဆိုတာ အမျိုးမျိုးရှိတယ်၊
ထိုးစစ်ရှိတယ်
ခံစစ်ရှိတယ်
ဆုတ်စစ်ရှိတယ်…” ဟု ညိုထွေးက ဆိုလေသည်။
ညိုထွေးသည် ကိုရင်မောင် သူနှင့် စကားရှည်ရှည် ပြောချင်သည်ကို သိသဖြင့် မသိမသာလေး ဆုတ်လိုဟန်ရှိသည်။ တစ်ဖက်က ဆုတ်လျှင် လူ့ သဘာဝအရ တစ်ဖက်က တက်စမြဲပင်တည်း။
သို့ သော် ထိုးမည့်ဆင်သည် နောက်သို့ တစ်လှမ်းဆုတ်လေ့ရှိသည်ကို ခင်ချိုက မြင်နေသည်။
တက္ကသိုလ်နောက်ခံကားများကို လှလှပပကြီး စာစီပြပြီးသောအခါ လွမ်းဆွတ်ဖွယ်ကောင်းသော ကျောင်းပိတ်ချိန် ခွဲခွာချိန် ရောက်လုချိန်ဝယ်
သြော်တစ်နေ့ တစ်နေ့ ၊ တရွေ့ ရွေ့ နှင့်
နှင်းငွေ့ သိုင်းခြုံ၊ ဆောင်းနှင်းကုန်၍
ခါနွေ၁ာက်သို့ ကူးခဲ့ပြီ။
နွေအဦးမို့ ၊ လေရူးမြူးပျော်
ဥသြကျော်လျက်၊ ကံ့ကော်တွေလဲဖူးခဲ့ပြီ။
ဖူးပုရစ်စီ၊ ကသစ်နီနှင့်
ရာသီအခါ ငုဝါ၀ါတို့ 
မကွာပျော်လျက် မော်ကြသည်။
ရွှေစင်သော်မော်၊ ကသစ်ပျော်လည်း
သံကျော်ဥသြ၊ တေးသီပြောလည်း
စိတ်မောဗျာဝေ၊ သောကပွေသည်
ဒို့ တွေ ခွဲခွာရဦးမည်။ ။
ဟု ကဗျာဝါသနာပါသော မိက ကဗျာလေးပုဒ်ကို စပ်ဆိုခဲ့လေသည်။
အားလုံးကျောင်းတွေပြီး၍ ဘွဲ့ ယူကြသောအခါ ကိုရင်မောင်ရော၊ ညိုထွေးပါ အစမ်းလေ့ကျင့်ပွဲသို့ မလာကြချေ။ သို့ သော်လည်း နောက်ဆုံးအပြီးသတ် ဇာတ်လမ်းတွင် ဂျီဟောသူ သည် အားလုံးအတွက် ကြည်နူးဖွယ်ဖြစ်ခဲ့လေသည်။
စိန်ခေါ်နေသော စာမျက်နှာများ
စာရေးဆရာတစ်ယောက်ကို ကြိုက်ပြီဟေ့ ဆိုရင် သူထွက်သမျှ စာအုပ်တွေ ၀ယ်ဖတ်၊ ၀ယ်စုကြသည်မှာ
စာအုပ်ဂျပိုးတို့ အလုပ်ဖြစ်သည်။ တစ်နည်းအားဖြင့် စာရေးဆရာစွဲ ရှိသည် ဟု ပြောကြသည်။ စာရေးဆရာစွဲ ရှိသည်ကို အစကတော့ ကျွန်မသိပ်လက်မခံချင်ပေမယ့် ဆရာနေဇင်လတ် စာများကို ဖတ်ရသောအခါတွင်
ထိုအစွဲကို ကျေကျေနပ်နပ်ကြီး လက်ခံမိနေသွားပါသည်။  ဆရာ့ထွက်သမျှစာအုပ်တွေကို ကျွန်မ
တွေ့ တိုင်းဝယ်ဖြစ်သည်။
တစ်ခါတုန်းက သူငယ်ချင်းတစ်ယောက်ထံမှ ဆရာနေဇင်လတ်ရဲ့ စိန်ခေါ်မှုများနှင့် မဟာဗျူဟာ စီမံခန့် ခွဲမှု” စာအုပ်ကို တွေ့ လိုက်ရသောအခါ ကျွန်မ မဖတ်သေးသည့် စာအုပ်ဖြစ်သည့်အပြင် စာမေးပွဲဖြေမည့်စာများသင်ခမ်းစာများကိုပါ ရှင်းလင်းထားသည့်အတွက် မ၀ယ်မဖြစ် ၀ယ်ရမည်ကို သဘောပေါက်သွားပါသည်။ စာအုပ်ဆိုင်များတွင် မူးနောက်အောင် လိုက်ရှာပြီး ၀ယ်သော်လည်း ထိုစာအုပ်မှာ ထွက်ထွက်ခြင်းပြတ်လပ်သွားသောကြောင့် ၀ယ်မရခဲ့ပါ။ အဲသည့်စာအုပ်ကို အရမ်းလိုချင်နေတဲ့ ကျွန်မအတွက် လုပ်ရန်နည်းလမ်းတစ်နည်းပဲရှိပါသည်။
သူငယ်ချင်းထံမှ စာအုပ်ငှားလိုက်ပြီး မိတ္တူဆွဲ ကော်ပီစာအုပ်အဖြစ်သာ လက်ခံလိုက်ရပါသည်။
အခုတော့ အဲသည့်စာအုပ်ကို စိတ်ကူးချိုချိုစာအုပ်တိုက်မှ ဖောဖောသီသီထပ်မံရိုက်နှိပ်သည့်အတွက်
ဆရာ့စာအုပ်တွေ အတော်လေး ၀ယ်လို့ ရနေပါသည်။ မူရင်းရော မိတ္တူရော ၀ယ်ပြီးလက်ခံထားသည့်  စာအုပ်များသည် ကျွန်မအတွက်တော့ စိန်ခေါ်နေသော စာမျက်နှာများ ဖြစ်တော့သည်။ အဘယ်ကြောင့်ဆိုသော် ၀ယ်လို့ မရဘူးဟု စိတ်ညစ်ပြီး စာအုပ်ကို မိတ္တူလေးဆွဲ လက်ခံထားပြီးခါမှ ပုံနှိပ်တိုက်တွေက စာအုပ်အဖုံးလေးသားသားနားနားဖြင့် စာအုပ်အသစ်တွေ ထပ်မံရိုက်နှိပ်သောအခါ
စာအုပ်အသစ်တွေမြင်ရင် မနေနိုင်တဲ့ ကျွန်မက ဒီစာအုပ် အရင်က အရမ်းရှားတာ ၀ယ်လို့ တောင်မရဘူး ဟု ယူဆကာ ထပ်ပြီး ၀ယ်မိသောကြောင့် စာအုပ်လိုချင်စိတ်ကြောင့် နှစ်ခါနာရသလို ဖြစ်သွားပါသည်။
ဆရာနေဇင်လတ်ရဲ့ စာအုပ်တွေ ဇွန်လနှင့်ဇူလိုင်လအတွင်းမှာပင် သုံးအုပ်လောက် ထပ်ထွက်ပါသည်။
အဲသည့်အထဲမှ “ရွေးချယ်မှုနှင့် စိတ်ဆန္ဒ” စာအုပ်ထဲတွင် ကျွန်မကြိုက်တဲ့ နိုင်ငံတကာ၊ စီးပွားရေးဆောင်းပါးများအပြင် ဆရာနေဇင်လတ် ငယ်စဉ်က ရေးခဲ့သော ကဗျာတစ်ပုဒ်ကို ဖတ်လိုက်ရသည်။ “ဟိုစဉ်အရေး၊ ဟိုစဉ်အတွေးတို့ ကြောင့် မလုံမလဲဟုလည်း ပြုံးမိပြီး ခံစားရသည် …. ” ဟု ဆရာကိုယ်တိုင်ဝန်ခံထားပါသည်။ နိုင်ငံရေး၊ စီးပွားရေး ဆောင်းပါးများရေးသော ဆရာ့ စာများဖတ်နေရင်းမှ
ဆရာ့ ကဗျာတစ်ပုဒ်ကို ဖတ်လိုက်ရသောအခါ …………
ဒီကဗျာဖတ်ရသော ကျွန်မအတွက် တယ်ထိ၊ တယ်မိ၊ တယ်မိုက်တဲ့ စာသားတွေပဲဟု ကဗျာကို ကြိုက်မိသည်။ ဆရာရေးခဲ့သော ကဗျာများကို စာအုပ်အနေနဲ့ ဖတ်ချင်မိပါသည်။ လုံးချင်း ကဗျာစာအုပ်အနေဖြင့် သီးသန့် ထွက်ရှိရန် မျှော်လင့်မိပါသည်။ ထိုအထဲမှ ဆရာနေဇင်လတ်ရဲ့ “ရွေးချယ်မှုနှင့် စိတ်ဆန္ဒ” စာအုပ်ထဲမှ “အချစ်စာမျက်နှာ” ကဗျာတစ်ပုဒ်ဖြင့် စိန်ခေါ်နေသော စာမျက်နှာများ ထပ်မံဖြစ်ပေါ်လာတော့လေသည်။
ယောနိသောမနာသီကာရ
လေးစားလျှက်
မြလေးသျှင်
အတွေးစာအုပ်တစ်အုပ်
ဒီစာအုပ်မှာ အတွေးအမြင်အယူအဆတွေကို ကွဲလွဲတာတွေ၊ သုံးသပ်ချက်တွေပါသလို တရုတ်ဇာတ်လမ်းတွဲ မျောက်မင်းစွန်းဝူခွန်း ၀တ္တုဇာတ်လမ်းထဲက ဇာတ်ကောင်တွေအမျိုးမျိုးဟာ ဘယ်လိုမျိုးကိုယ်စားပြုပြီး ဇာတ်လမ်းထဲမှာ ဖော်မပြထားတဲ့ အတွေးအမြင်ကို ဖွင့်ဟသုံးသပ်ထားတာတွေ့ ရလို့ စိတ်အစာကျွေးချင်တဲ့အတွေးသမားတွေ အတော်အတွေးဘ၀င်မိနိုင်တဲ့ စာသားတွေပါ။ တချို့ စာသားတွေသည် သူပြောထားသလိုချည်း မဟုတ်ပဲ ဆက်တွေးဖို့ ပါအလုပ်ဖြစ်နိုင်တဲ့ စာများဖြစ်ပါတယ်။
ဒီစာအုပ်ကို ကျွန်မဖတ်တာ တစ်လတောင်ကျော်ပါပြီ။အခုပြန်ဖတ်ကြည့်တော့ စဉ်းစားဖို့ ကောင်းတုန်းစာ ဖြစ်နေပြန်ပါတယ်။
အဲသည်ထဲက ကြိုက်နှစ်သက်တဲ့ တွေးလို့ ကောင်းတဲ့ စာသားအချို့ ကို တင်ပြရသော်…….
“ဂုဏ်သိက္ခာရာဇ၀င်သည် လူ့ ယဉ်ကျေးမှုရာဇ၀င်နှင့် မျဉ်းပြိုင်ဖြစ်ပါသည်။
ဂုဏ်သိက္ခာ မျဉ်းထိုးဆင်းသွားတဲ့အခါ ယဉ်ကျေးမှုမျဉ်းလည်း လိုက်ပါ ကွေးညွှတ်သွားတက်ပါသည်။ “
” မိမိရဲ့ အတွေးကို ပိုင်နိုင်စွာ ထိမ်းချုပ်နိုင်သူသာ အတွေးရဲ့ သခင်ဖြစ်နိုင်ပါသည်။ လေးနက်ခြင်းဆိုသည်မှာ ” အားစိုက်နေရသေးသည်” ဆိုတဲ့ သဘောဖြစ်သည်။ ထို့ အတူ ” ကျွမ်းကျင်မှုမရှိသေး” ဟူသော အဓိပ္ပာယ်လည်း ဆောင်ပါသည်။”
“အနိမ့်ဆုံးတော့ ဖရိုဖရဲ ဖြစ်နေတဲ့ ဆံပင်တွေကို ကျော်နောက်ဘက်မှာ စုချည်ထားတာမျိုးဖြစ်နိုင်ပါသည်။ သူမအတွက်ကတော့ ဒီလိုပြင်တာ ဆင်တာများသည် ဘ၀လုံခြုံရေး၊ တည်တံ့ရေးအတွက် နည်းလမ်းများသာ ဖြစ်သည်။ ဒီနည်းလမ်းကို ” မာယာ”ဟုပြောလိုကပြောနိုင်သည်။ အမှန်အားဖြင့် သက်ရှိသတ္တ၀ါတိုင်းသည် မိမိတို့ တည်တံ့နိုင်ရေးအတွက် နည်းပရိယာယ်တစ်ခုခုကို အသုံးပြုနေကြရပါသည်။”
ကျွန်မရင်ကိုလာထိသော စာပုဒ်တစ်ပုဒ်ရှိပါတယ်။ အဲဒါကတော့
” အားထုတ်လေ့လာနေသော ကာလများတွင် လေ့လာနေသူသည် အကြောင်းအရာများကို ကျေညက်စေရန် ခေတ္တရပ်နားလိုက်သော အချိန်တိုလေးများလိုအပ်ပါသည်။ အလုပ်သမားတွေကို လက်ဖက်ရည်သောက်ဖို့ အနားပေးလိုက်တဲ့ သဘောဖြစ်သည်။ ရပ်လိုက်တဲ့အချိန်တိုလေးများတွင် လေ့လာနေသူတစ်ဦးသည် အင်အားသစ်တွေပြည့်တင်းလာသလို သင်ယူခဲ့တဲ့အရာများကိုလည်း ပြန်လည်သုံးသပ်ခွင့်ရလိုက်ပါသည်။
လေ့လာသင်ယူမှုများအနက် ဘ၀ကို သင်ယူခြင်းသည် ခက်ခဲနက်နဲသည်နှင့်အမျှ အချိန်များစွာလည်း ပေးရပါသည်။ မှန်ကန်စွာလေ့လာသင်ယူတက်သူတစ်ဦးဆိုလျှင် ခေတ္တ “တန့် ”လိုက်သော အားလပ်ချိန် များတွင် ” ငါဘာလုပ်နေတာလဲ” ” ငါဘာပြောနေတာလဲ” ဟူသော မေးခွန်းများကို မိမိကိုယ်ကို ပြန်မေးတက်ကြပါသည်။”
“ရိုးသားမှုသည် ကျေညက်ခြင်းနဲ့ ရင့်မှည့်မှုကို ဖြစ်ထွန်းစေပါသည်။”
“ဟာသသည် ပြေပြစ်ခြင်းနဲ့ လတ်ဆပ်မှုကို ဖြစ်ထွန်းစေသည်”
အတော်ထိမိကောင်းမွန်တဲ့စာပုဒ်တစ်ပုဒ် ဒီစာအုပ်ထဲမှာ ကျွန်မ ပြန်တွေ့ ရှိလိုက်ပါတယ်။အကြိုက်ဆုံး အတွေးအခေါ်လည်း ဖြစ်ပါတယ်။
ရေးထားသည်မှာ-
‘ ဆန် ‘ မင်းဆက်မှစပြီး တရုတ်ပြည်ကျောင်းများတွင် သင်ကြားခဲ့တဲ့ အတွေးအမြင်တစ်ခုရှိပါသည်။
သန့် စင်၍ ညီညွှတ်မျှတသော စာရိတ္တကို အလိုရှိသူများသည် ဦးစွာ အမျိုးသားရေးဘ၀ကို စီမံရ၏။
အမျိုးသားရေးဘ၀ကို စီမံရန်လိုလားသူများသည် မိသားစုဘ၀ကို စနစ်ကျရ၏။
မိသားစုဘ၀ကို စနစ်ကျလိုသူသည် မိမိဘ၀ကို ပြုစုပျိုးထောင်ရ၏။
မိမိဘ၀ကို ပြုစုပျိုးထောင်ရန်လိုလားသူသည် မိမိနှလုံးသားကို တည့်မတ်ရ၏။
မိမိနှလုံးသားကို တည့်မတ်လိုသူသည် မိမိစိတ်ကို ဖြူစင်ရ၏။
မိမိစိတ်နှလုံးကို ဖြူစင်လိုသူသည် မှန်ကန်စွာ သိမြင်ရ၏။ 
မှန်ကန်စွာသိမြင်လာသည့်အခါ မိမိစိတ်သည် သန့် စင်လာ၏။
မိမိစိတ်သည် သန့် စင်လာသောအခါ မိမိနှလုံးသားသည် တည့်မတ်လာ၏။
မိမိနှလုံးသား တည့်မတ်လာသည့်အခါ ပုဂ္ဂလိကဘ၀ ရှင်သန်ဖွံ့ ဖြိုးလာ၏။
ပုဂ္ဂလိကဘ၀ ရှင်သန်ဖွံ့ ဖြိုးလာသည့်အခါ အမျိုးသားရေးဘ၀သည် ညီညွှတ်မျှတလာ၏။
အမျိုးသားရေးဘ၀ ညီညွှတ်မျှတလာသည့်အခါ ကမ္ဘာ့ ငြိမ်းချမ်းရေးလည်း ‘ တည် ‘ လာတော့၏။ ”
“အင်ပါယာအရှင်မှ လူသာမန်အထိ ပုဂ္ဂလိကဘ၀ကို ပြုစုပျိုးထောင်ခြင်းသည် အရင်းခံကျတဲ့အချက်ဖြစ်သည်။ ကြုံလှီသေးငယ်တဲ့ ပင်စည်မှာ ကြီးမားတဲ့အကိုင်းအခက်များနှင့် အရွက်အလက်များ မရှိနိုင်ပါ။ အရာဝတ္တုတိုင်းတွင် အကြောင်းတရားနှင့် နောက်ဆက်တွဲရှိသလို
လူ့ အရေးအရာများတွင်လည်း အစနဲ့ အဆုံးရှိပါသည်။
နေရာအထားအသိုကို စနစ်တကျသိခြင်းသည် အသိညဏ်ရဲ့ အစပင်ဖြစ်ပါသည်။”
ယောနိသောမနာသီကာရဖြင့်
လေးစားလျှက်
မြလေးသျှင်