japan football”လွန်ခဲ့သော နှစ်တစ်ရာတုန်းက မြန်မာက ဂျပန်ကို သင်ပေးဖူးသော ဘောလုံးနည်းစနစ် အကြောင်း”
japan football
ဒီနေ့ ကြေးမုံသတင်းစာ  ( 23/03/2014) နေ့ သတင်းစာထဲမှာ ဖတ်ရတဲ့သတင်းကတော့ တော်တော် စိတ်ဝင်စားဖို့ ကောင်းပါတယ်။
သတင်းတွေက အကြောင်းအရာမျိုးစုံတွေ ပေမယ့် ဘောလုံးနဲ့ ပက်သက်လို့ ဘောလုံးနဲ့ ဆိုင်တဲ့ သတင်းတစ်ခုပါလာတဲ့အတွက် ပြန်လည်မျှဝေပေးချင်လို့ ပါ။
ဖတ်ပြီး ၀မ်းသာရမလို ၀မ်းနည်းသလိုလို ဖြစ်သွားသည်။
မေးမြန်းသူက ဒေါက်တာ သာစိန် ဖြစ်ပါတယ်။သူက  ဆောင်းပါးရှင်ပါ။
ဂျပန် နိုင်ငံခြားရေးဝန်ကြီး ဖြေကြားပုံက တော်တော်လေးမှတ်သားစရာကောင်းလွန်းပါတယ်။
အဲသည်လို မေးမြန်းရာမှာ ဂျပန် နိုင်ငံခြားရေးဝန်ကြီး ဖူမီရို ကီရှီဒါ က ဖြေကြားထားပုံကတော့
” မြန်မာနိုင်ငံမှာ ဘောလုံးအားကစားကို အလွန် လူကြိုက်များတယ်လို့ ကြားသိရပါတယ်။
ဂျပန်နိုင်ငံဟာ ဒီနှစ် ဘရာဇီးနိုင်ငံမှာ ကျင်းပမယ့် World cup ပြိုင်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
ဂျပန်ဘောလုံးအသင်းဟာ ဘောလုံးအပေးအယူ ခပ်စိပ်စိပ် လုပ်တဲ့ ချိတ်ဆက် ကစားဟန်ဆိုပြီး ကျော်ကြားပါတယ်။
အမှန်တော့ ဒီကစားနည်း ကစားဟန်ဟာ လွန်ခဲ့တဲ့ နှစ် ၁၀၀လောက်က မြန်မာနိုင်ငံကနေ  ဂျပန်နိုင်ငံကို ပညာတော်သင် အဖြစ် လာရောက်ခဲ့တဲ့ ကိုကျော်ဒင်က အဲဒီ့အချိန်က  ဂျပန်လက်ရွေးစင် ဘောလုံးသမားတွေကို လေ့ကျင့်သင်ကြားပေးတာကနေ အစပြုခဲ့တယ်လို့ ဆိုကြပါတယ်။ ” တဲ့ ……
အဲဒီ့အကြောင်းအရာလေးတစ်ခုပဲ ဖတ်လိုက်ရရုံ ရှိသေး ခေါင်းထဲ SEA GAME တုန်းက  ဘောလုံးအကြောင်းတွေ ပြန်ပြီး သတိရမိသည်။
ကိုယ်တို့ မြန်မာက အိမ်ရှင်အသင်းလက်ခံကျင်းပခဲ့တဲ့ SEA GAME မှာတောင် မနိုင်ခဲ့။ အမျိုးသမီးဘောလုံးအသင်းကတော့ တကယ့်ကို အားကြိုးမာန်တက် ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် အမျိုးသားဘောလုံးအသင်းမှာ အတော်လေး
အရှက်ကွဲစရာတွေ အထိတောင် ဖြစ်ခဲ့သည်။
ပြီးခဲ့တာတွေ ပြန်မစချင်ပေမယ့်  ဂျပန် နိုင်ငံခြားရေးဝန်ကြီးက ကိုယ့်မြန်မာနိုင်ငံက သင်ပေးလိုက်တဲ့ မြန်မာလူမျိုးကို ကျေးဇူးတင်တဲ့အနေနဲ့ ပြန်ပြောသွားခဲ့ခြင်းအပေါ်
အော်…ကိုယ့်နိုင်ငံက လူမျိုးတွေက တစ်ချိန်က ဒီလိုတော်ကြပါလား အသိ ပြန်ရသွားပါတယ်။
ဂျပန်တွေ ပုတယ် ဆိုပြီး ဆယ်စုနှစ်တွေအကြာမှာပင် ပြောင်းသွားသည်။
ဂျပန် မှာ ဘွန်ဆိုင်း သစ်ပင်ပုလေးတွေလို့ နာမည်ကြီးသည်။
ဒီအပင်သဘောတရားက ကိုယ့်တို့ မြန်မာပြည် ရောက်လာသည်။
အသက်တွေသာကြီးပြီး ဖွံ့ ဖြိုးမှုအားနည်းကာ ဒီထက်တိုးပြီး ကြီးမလာသော သစ်ပင် ကို ဘွန်ဆိုင်း ဟု ခေါ်လျှင်
ဒီအပင်မျိုး ကိုယ်တို့ တွေ မဖြစ်ပါစေနဲ့ ဟုသာ…။
သူတို့ တွေက သူများနိုင်ငံ သူများလူမျိုးတွေဆီမှ ကောင်းတဲ့ အတက်တွေ ရသလောက် ယူကြပါလား ဟူသော အသိ ပြန်ဝင်လာသည်။
ပြီးတော့ ဒီနှစ် ဘရာဇီးနိုင်ငံမှာ ကျင်းပမယ့် World cup ပြိုင်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်မှာဆိုတော့ တော်တော်ကြီးကို အဆင့်ကွာနေပြီလို့ 
အကြမ်းဖျင်း သိလိုက်ရသည်။
ဂျပန်တင်ပဲလား မဟုတ် ဟိုးအရင် တစ်ခေတ်တစ်ခါက အရှေ့ တောင်အာရှမှာတောင် မြန်မာက ရှေ့ ရောက်ခဲ့တာတွေကို ဖတ်ဖူးတော့ အားပဲ တက်ရမလိုလို …
ခေတ်ကတော့ ပြောင်းကို ပြောင်းနေသည်။
ကိုယ့်ခေတ်မှာ မမှီတော့ မယုံချင်သလိုလို ဖတ်ရမှတ်ရဖူးသည်။
စင်္ကာပူအမျိုးသားခေါင်းဆောင်ကြီး  လီကွမ်ယူက တစ်ခေတ်တစ်ခါက စင်ကာပူကို မြန်မာနိုင်ငံကို အားကျပြီးလုပ်ဆောင်ခဲ့သည်ဆိုတာကလည်း ရှိသည် ဟု ဖတ်ဖူးခဲ့သည် ။
ခေတ်တွေ စနစ်တွေ နိုင်ငံရေး စီးပွားရေးတွေ ဒါတွေ ထပ်လေ့လာရင် အများကြီး အများကြီး ရှိသေးသည်။ ကိုယ့်တိုင်းပြည်က အတော့်ကို လိုသေးသည်။
သမိုင်းက တစ်ပါတ်ပြန်လည်သွားသည် ဟု ဆိုခဲ့ပါလျှင်တောင်
သူတို့ ချည်းပဲ လည်နေလို့ မပြီး
ကိုယ့်ဘက်က ပြန်လည်ဖို့ ပဲ ရှိတော့သည်။
မြလေးသျှင်
23/03/2014
Leave a comment