“ငါးကပေးသော သင်ခန်းစာအတွေးများ”


 

ဒီနေ့  ညနေဘက် သူငယ်ချင်းတစ်ယောက်နဲ့  မုန့် သွားစားတော့
အလှမွေး ငါးကန်လေးတွေ လမ်းမှာ တွေ့ ခဲ့ကြသည်။

ကျွန်မက အဲသည်လို လှလှပပ လုပ်ထားတဲ့ ငါးကန်လေးတွေနဲ့  ချစ်စရာငါးလေးတွေ သဘောကျပေမယ့်
ငါးမွေးခြင်း နဲ့ ပက်သက်လို့ ပက်သက်လို့ ငါးလေးတွေ ဘက်က ခံစားပြီး အတွေးတစ်ခု အမြဲရှိခဲ့ဖူးသည်။

“ငါးလေးတွေ မွေးတာကို ကိုယ့်ဘက်က ကြည့်ရတာ စိတ်ချမ်းသာပေမယ့်
သူတို့ ငါးလေးတွေဘက်ကကြည့်ရင် မှန်အိမ်နဲ့ နေရတာ သိပ်ကို ကျဉ်းကြပ်နေရှာမှာပဲနော်….
ငါတို့ အမြင်မှာ လှလှပပလေး ခံစားဖို့  သူတို့ ခမျာမှာများ အဲသည့်နေရာ မှန်ဘောင်လေးထဲကနေ ဘယ်တော့မှ

မထွက်နိုင်ရှာတော့ဘူးလေ ”

အဲသည်လို ကျွန်မရဲ့ ခံစားချက်ကို သူငယ်ချင်းကို လမ်းလျှောက်ရင်းနဲ့ ပြောဖြစ်ခဲ့ပါသည်။

” နင်က အဲဒီလို ခံစားတာတော့ တစ်ပိုင်းပေါ့
တကယ်လို့  သူတို့ က သိပ်ကို လွတ်လပ်တဲ့ပင်လယ်ပြင်ကြီးထဲမှာနေမယ်ဆိုရင် ငါးကြီးတွေ စားတာ ခံရမှာပဲလေ..
အခုလို မှန်အိမ်လှလှလေးထဲမှာ ငါးအလှမွေးထားတာ ခံရတော့ အချိန်တန်ရင် ကောင်းကောင်း ဇိမ်နဲ့ စားရ၊

အေးအေးဆေးဆေး သူတို့ အသက် အန္တရာယ်ကိုလည်း ကာကွယ်နိုင်တယ်လေ…” ဟု သူ့ အမြင်ကို ပြောပြလေသည်။

ဒီတော့ သူမ က သူမတွေးမိသမျှကို ပြန်ပြောပြတော့ ဒါလည်း ဟုတ်ပါလားဟု ပြန်စဉ်းစားမိသွားပါတယ်။
” Big Fish Eats Little Fish ”

Big Fish eats little fish

ငါးကြီးများက ငါးသေးလေးများကို စားတဲ့ သီအိုရီကိုလည်း ပြန်သတိရမိသွားသည်။
နိုင်ငံခြား စီးပွားရေးလောကမှာ ကုမ္ပဏီကြီးတွေက ယိုင်နဲ့ လာသော ကုမ္ပဏီသေးလေးတွေကို ၀ါးမြိုတာကိုလည်း ဖတ်ဖူးခဲ့တာ မဆီမဆိုင်သွား သတိရမိပြန်သည်။

တစ်ချို့ နေရာတွေမှာ ကိုယ်က ပင်လယ်ထဲ ရောက်သွားတဲ့ ငါးလိုမျိုး ခံစားရသလို
တစ်ခါတစ်လေလည်း မှန်ဘောင်ထဲ အလှသွင်းခြင်းခံထားရတဲ့ ငါးတွေလို ခံစားရတာတွေ ရှိကို ရှိသည်။
အဲ… အလှမွေး ငါးတွေ မမွေးဖြစ်သည့်တိုင် ကိုယ်တွေရဲ့ ပတ်ဝန်းကျင်မှာ အရေးကြီးဆုံးအချက်တစ်ချက်လည်း

ကျန်သေးသည်။

ငါးဟင်း ငါးကြော်တွေစားရတဲ့အခါတိုင်း အရိုးမစူးဖို့ လည်း သတိထားရသေးသည်။ အရိုးစူးရင် ကိုယ့်ကို
ဒုက္ခပေးနိုင်သည်မို့ လေ။

ထားတော့ သူတို့ တွေက ငါးမို့ လို့ 
ကိုယ်က လူဆိုတော့ လူလို ဆက်တွေးဖို့ ပြင်မိသည်။
လူ့ လောကထဲ ငါရောက်လာတာ

လောကအတွက်
– အလှဆင်ဖို့ လား
– အသုံးဝင်ဖို့ လား
– ကိုယ့်မြေမဟုတ်တဲ့ ကျယ်ပြန့် လှတဲ့ ပင်လယ်ရပ်ခြားမှာ လွတ်လွတ်လပ်လပ် ရှင်သန်နိုင်ဖို့ လား
– ကိုယ်က သူများကို အန္တရာယ် ရှိစေနိုင်တဲ့ အရိုးစူးစေနိုင်တဲ့ လူလား

စသည် စသည် ဖြင့်.စစ်ဆေးဖို့ တွေလိုလာသည်။

ဘယ်လိုပဲဖြစ်ဖြစ်
အမှန်တော့ ဆက်တွေးရင် အများကြီး…
လျှောက်တွေးရင်းနဲ့ အချိန်တွေလည်း ကုန်လာသည်။ ခေါင်းတွေလည်း စားလာသည်။
လောလောဆယ်တော့ သိပ်မတွေးတော့ဘဲ ငါးက ပေးသော သင်ခန်းစာ၊ လူကပေးသော သင်ခန်းစာတွေနဲ

့ပတ်ဝန်းကျင်က ပေးသော သင်ခန်းစာတွေ ဆက်ပြီး လေ့လာလိုက်စားဖို့ ပြင်နေရတော့သည်။

မြလေးသျှင်
17/08/ 2014

Leave a comment