“ငါးကပေးသော သင်ခန်းစာအတွေးများ”
ဒီနေ့  ညနေဘက် သူငယ်ချင်းတစ်ယောက်နဲ့  မုန့် သွားစားတော့
အလှမွေး ငါးကန်လေးတွေ လမ်းမှာ တွေ့ ခဲ့ကြသည်။
ကျွန်မက အဲသည်လို လှလှပပ လုပ်ထားတဲ့ ငါးကန်လေးတွေနဲ့  ချစ်စရာငါးလေးတွေ သဘောကျပေမယ့်
ငါးမွေးခြင်း နဲ့ ပက်သက်လို့ ပက်သက်လို့ ငါးလေးတွေ ဘက်က ခံစားပြီး အတွေးတစ်ခု အမြဲရှိခဲ့ဖူးသည်။
“ငါးလေးတွေ မွေးတာကို ကိုယ့်ဘက်က ကြည့်ရတာ စိတ်ချမ်းသာပေမယ့်
သူတို့ ငါးလေးတွေဘက်ကကြည့်ရင် မှန်အိမ်နဲ့ နေရတာ သိပ်ကို ကျဉ်းကြပ်နေရှာမှာပဲနော်….
ငါတို့ အမြင်မှာ လှလှပပလေး ခံစားဖို့  သူတို့ ခမျာမှာများ အဲသည့်နေရာ မှန်ဘောင်လေးထဲကနေ ဘယ်တော့မှ
မထွက်နိုင်ရှာတော့ဘူးလေ ”
အဲသည်လို ကျွန်မရဲ့ ခံစားချက်ကို သူငယ်ချင်းကို လမ်းလျှောက်ရင်းနဲ့ ပြောဖြစ်ခဲ့ပါသည်။
” နင်က အဲဒီလို ခံစားတာတော့ တစ်ပိုင်းပေါ့
တကယ်လို့  သူတို့ က သိပ်ကို လွတ်လပ်တဲ့ပင်လယ်ပြင်ကြီးထဲမှာနေမယ်ဆိုရင် ငါးကြီးတွေ စားတာ ခံရမှာပဲလေ..
အခုလို မှန်အိမ်လှလှလေးထဲမှာ ငါးအလှမွေးထားတာ ခံရတော့ အချိန်တန်ရင် ကောင်းကောင်း ဇိမ်နဲ့ စားရ၊
အေးအေးဆေးဆေး သူတို့ အသက် အန္တရာယ်ကိုလည်း ကာကွယ်နိုင်တယ်လေ…” ဟု သူ့ အမြင်ကို ပြောပြလေသည်။
ဒီတော့ သူမ က သူမတွေးမိသမျှကို ပြန်ပြောပြတော့ ဒါလည်း ဟုတ်ပါလားဟု ပြန်စဉ်းစားမိသွားပါတယ်။
” Big Fish Eats Little Fish ”
Big Fish eats little fish
ငါးကြီးများက ငါးသေးလေးများကို စားတဲ့ သီအိုရီကိုလည်း ပြန်သတိရမိသွားသည်။
နိုင်ငံခြား စီးပွားရေးလောကမှာ ကုမ္ပဏီကြီးတွေက ယိုင်နဲ့ လာသော ကုမ္ပဏီသေးလေးတွေကို ၀ါးမြိုတာကိုလည်း ဖတ်ဖူးခဲ့တာ မဆီမဆိုင်သွား သတိရမိပြန်သည်။
တစ်ချို့ နေရာတွေမှာ ကိုယ်က ပင်လယ်ထဲ ရောက်သွားတဲ့ ငါးလိုမျိုး ခံစားရသလို
တစ်ခါတစ်လေလည်း မှန်ဘောင်ထဲ အလှသွင်းခြင်းခံထားရတဲ့ ငါးတွေလို ခံစားရတာတွေ ရှိကို ရှိသည်။
အဲ… အလှမွေး ငါးတွေ မမွေးဖြစ်သည့်တိုင် ကိုယ်တွေရဲ့ ပတ်ဝန်းကျင်မှာ အရေးကြီးဆုံးအချက်တစ်ချက်လည်း
ကျန်သေးသည်။
ငါးဟင်း ငါးကြော်တွေစားရတဲ့အခါတိုင်း အရိုးမစူးဖို့ လည်း သတိထားရသေးသည်။ အရိုးစူးရင် ကိုယ့်ကို
ဒုက္ခပေးနိုင်သည်မို့ လေ။
ထားတော့ သူတို့ တွေက ငါးမို့ လို့ 
ကိုယ်က လူဆိုတော့ လူလို ဆက်တွေးဖို့ ပြင်မိသည်။
လူ့ လောကထဲ ငါရောက်လာတာ
လောကအတွက်
– အလှဆင်ဖို့ လား
– အသုံးဝင်ဖို့ လား
– ကိုယ့်မြေမဟုတ်တဲ့ ကျယ်ပြန့် လှတဲ့ ပင်လယ်ရပ်ခြားမှာ လွတ်လွတ်လပ်လပ် ရှင်သန်နိုင်ဖို့ လား
– ကိုယ်က သူများကို အန္တရာယ် ရှိစေနိုင်တဲ့ အရိုးစူးစေနိုင်တဲ့ လူလား
စသည် စသည် ဖြင့်.စစ်ဆေးဖို့ တွေလိုလာသည်။
ဘယ်လိုပဲဖြစ်ဖြစ်
အမှန်တော့ ဆက်တွေးရင် အများကြီး…
လျှောက်တွေးရင်းနဲ့ အချိန်တွေလည်း ကုန်လာသည်။ ခေါင်းတွေလည်း စားလာသည်။
လောလောဆယ်တော့ သိပ်မတွေးတော့ဘဲ ငါးက ပေးသော သင်ခန်းစာ၊ လူကပေးသော သင်ခန်းစာတွေနဲ
့ပတ်ဝန်းကျင်က ပေးသော သင်ခန်းစာတွေ ဆက်ပြီး လေ့လာလိုက်စားဖို့ ပြင်နေရတော့သည်။
မြလေးသျှင်
17/08/ 2014
“အမြင်ကို ပြောင်းကြည့်လိုက်ပါ”
“အမြင်ကို ပြောင်းကြည့်လိုက်ပါ”
တစ်ခါတုန်းက သန်းကြွယ်သူဌေးတစ်ယောက်ဟာ မျက်စိဝေဒနာကို ခံစားနေရတာကြောင့်
စိတ်ပင်ပန်းဆင်းရဲ လို့ နေပါတယ်။
သူဟာ နားလည်တက်ကျွမ်းတဲ့ သမားတော်တွေနဲ့ ပြသတိုင်ပင်ခဲ့ပြီး သူ့ မျက်စိရောဂါကို
ကုသခဲ့ပါတယ်။
ဝါရင့်ကျွမ်းကျင်တဲ့ သမားတော်တွေဆီက ဆေးထိုး ဆေးသောက်နဲ့ ကုသမှုများစွာကို မရပ်မနား
ခံယူခဲ့ပါတယ်။
ဒါပေမယ့် ဒီဝေဒနာက ကုသပေမယ့် မပျောက်ဘဲ ပိုဆိုးလာသလို ဖြစ်နေတယ်။
နောက်ဆုံးမှာ ဘုန်းကြီးတစ်ပါးက သူဌေးရဲ့ ရောဂါဝေဒနာကို လာ ကြည့်ပါတယ်။
လာကြည့်တဲ့အခါ ဘုန်းကြီးက သူဌေးရဲ့ မျက်စိရောဂါအခက်အခဲကို နားလည်သွားပြီး
သူရဲ့ မျက်စိအတွက် အစိမ်းရောင်တစ်မျိုးတည်းကိုသာ အာရုံစိုက်ကြည့်ဖို့ နဲ့ 
တခြားအရောင်တွေကို ကြည့်လို့ မရဘူး လို့ ပြောပါတယ်။
ရှင်းရှင်းပြောရရင် သူ့ မျက်စိရောဂါက အစိမ်းရောင်ကလွဲရင် ကျန်တဲ့ အရောင်တွေနဲ့ မတည့်တာပါ။
အဲဒီ့တော့ သူဌေးဟာ ပန်းချီဆရာများကို ခေါ်စုပြီး အစိမ်းရောင်ဆေးတွေကို စည်ပိုင်းလိုက်ကို
ဝယ်ထားပါတော့တယ်။
ပြီးတော့ ဘုန်းကြီး မိန့် မှာထားတဲ့အတိုင်း သူ့ မျက်စိနဲ့ ကြည့်မယ့် အရာဝတ္ထုတိုင်းကို
အစိမ်းရောင်တွေ ဆေးသုတ်ထားလိုက်ဖို့ ကို ညွှန်ကြားထားလိုက်ပါတော့တယ်။
ရက်အနည်းငယ်လောက်အကြာမှာ ဘုန်းကြီးက သူဌေးကို လာကြည့်ပါတယ်။
အဲဒီ့အချိန်မှာ သူဌေးရဲ့ တပည့်တပန်းတွေက အစိမ်းရောင်သုတ်ဆေးတွေ ပုံးနဲ့ ယူချလာပြီး
ဘုန်းကြီးသင်္ကန်းပေါ် လောင်းချလိုက်ပါတော့တယ်။
ဘုန်းကြီးရဲ့ သင်္ကန်းဟာ အနီရောင်ဆင်မြန်းထားတာကြောင့် သူတို့ ဆရာရဲ့ မျက်စိဝေဒနာ
ပြန်မဖြစ်ရလေအောင် အခြားသောအရောင်တွေကို မမြင်စေလိုတဲ့အတွက် ကြောင့် ပါတဲ့။
အဲ့ဒီလိုလည်း ကြားရရော ဘုန်းကြီးက ရယ်ပါလေရော ….
အကယ်လို့ သာ မင်းဟာ အစိမ်းရောင် မျက်မှန်တစ်စုံသာ ၀ယ်တပ်လိုက်မယ်ဆိုရင်
ငွေကြေးအနည်းငယ်သာ ကုန်ကျမှာဖြစ်ပြီး မင်းဒီလို နံရံတွေ ပန်းအိုးတွေနဲ့ 
တခြားသော ပစ္စည်းတွေလည်း သိပ်ပြီး အစိမ်းရောင် ခြယ်သနေစရာ မလိုတဲ့အတွက်
အကုန်အကျတွေလည်း မများတော့ဘူး။
ကမ္ဘာကြီးတစ်ခုလုံးကို အစိမ်းရောင်တွေနဲ့  မင်း ဆေးမခြယ်နိုင်ပါဘူး…
ငါတို့ အမြင်တွေကိုသာ ပြောင်းဖို့ သာ လိုအပ်တာပါ…
အဲဒါဆို ကမ္ဘာကြီးလည်း သူ့ အလိုလို ပြောင်းလဲလာမှာပါ…
ကမ္ဘာကြီးကို လှုပ်ကိုင်ဖို့ ဆိုတာ သိပ်ကို ရူးနှမ်းလွန်းပါတယ်…
ငါတို့ ကိုယ်တိုင်သာ အရင်ဆုံး လှုပ်ရှားဖို့ လိုတာပါ…
ငါတို့ အမြင်တွေကိုသာ ပြောင်းလိုက်စမ်းပါ….
မြလေးသျှင်
၆/၉/၂၀၁၃
(မှတ်ချက် ။ ။ ဒီပုံပြင်လေးထဲက တစ်ခုခုရသွားမယ်ထင်ပါတယ်။
အရင်ကရေးထားတဲ့ “(မင်းအလိုကျ) ကမ္ဘာကြီးကို မပြောင်းလဲလိုက်ပါနဲ့ ” ပုံပြင်သဘောတရားနဲ
့ဆင်တူပါတယ်။ ဒါပေမယ့် ဒီပုံပြင်ကိုဖတ်နေတုန်း ဘုန်းကြီးကို အစိမ်းရောင်ဆေးတွေနဲ
့လောင်းတဲ့အခန်း ဖတ်မိတော့ ကိုယ်တိုင် အရမ်းကြီး မရယ်မိတာတောင် သဘောကျပြီး ပြုံးမိပါတယ်။
တခါတလေ ကိုယ့်ပတ်ဝန်းကျင်မှာ အမြင်တွေမတူတာကို အတင်းကြီးလိုက်ပြောင်းနေလို့ မရတာတွေ ရှိပါတယ်။
အဲဒီ့အခါမှာ သူတို့ ကို လိုက်ပြောင်းလို့ ကိုယ့်ဘက်က ငွေအင်အား လူအင်အား နဲ့ လိုက်ပြောင်းလို့ ရနိုင်တာတွေ ရှိသလို
မရနိုင်တာတွေ လည်း ရှိပါတယ်။ ကိုယ့်ဘက်က မျက်စိနာဝေဒနာ ရှိရက်နဲ့  မျက်မှန်စိမ်းတပ်သင့်ရင်လည်း တက်ရမယ့် အလှည့် တွေလည်း ရှိတာကို ဒီပုံပြင်လေးက ပြောပြနေသလို ခံစားမိပါတယ်။
Change your Vision ကို ဆီလျော်အောင် မြန်မာ ဘာသာပြန်ထားပါသည်။)
(မင်းအလိုကျ) ကမ္ဘာကြီးကို မပြောင်းလဲလိုက်ပါနဲ့
ဟိုးရှေးရှေးတုန်းက ဥစ္စာဓန ကြွယ်ဝချမ်းသာစည်ပင်ဝပြောလှတဲ့ တိုင်းပြည်တစ်ပြည်မှာ
ဘုရင်တစ်ပါးအုပ်ချုပ်တော်မူပါတယ်
တစ်နေ့မှာ ဘုရင်ကြီးဟာ သူ့တိုင်းပြည်မှာ ရှိတဲ့ ဝေးလံခေါင်ဖျားတဲ့ဒေသတွေကို တိုင်းခန်းလှည့်လည်တော်မူပါတယ်
သူနန်းတော်လည်း ပြန်ရောက်ရော သူ့ခြေထောက်တွေ အရမ်းနာကျင်တယ်လို့မိန့်ကြားပါတယ်
ဘာဖြစ်လို့လဲဆိုတော့
ဒီခရီးလမ်းဟာ သူ့အတွက် ပထမဆုံး ရှည်လျားတဲ့ခရီးဖြစ်ကာ သွားခဲ့ရတဲ့ လမ်းဟာ ကျောက်ခဲတွေပေါများပြီး ခရီးလမ်းအရမ်းကြမ်းလို့ပါ
အဲဒါကြောင့် တိုင်းပြည်တစ်ခုလုံးမှာရှိတဲ့
တ တိုင်းပြည်လုံးမှာရှိတဲ့ လမ်းတွေအကုန်လုံးကို သားရေထည်တွေနဲ့ ခင်းကျင်းထားရမယ်လို့
သူ့လူတွေကို အမိန့်ထုတ်လိုက်ပါတယ်
တကယ်တမ်း သေချာ တွက်ကြည့်မယ်ဆိုရင် ဒီကိစ္စဟာ
ထောင်နှင့်ချီတဲ့ တိရိစ္ဆာန် အမြောက်အမြားရဲ့အရေခွံတွေသုံးရမှာဖြစ်သလို
ငွေလည်း ဧရာမ အများကြီးကုန်မယ့် အကြောင်းအရာမို့ပါ
အဲဒီအခါမှာ ဘုရင်ရဲ့ပညာရှိအမတ်တစ်ယောက်က ဘုရင်ကို ရဲရဲလျှောက်တင်လိုက်ပါတယ်
“အရှင်မင်းကြီး ဘာဖြစ်လို့ဒီလောက်ငွေတွေအများကြီး မလိုအပ်ဘဲ သုံးစွဲပစ်မှာလဲ
သားရေစနည်းနည်းလောက်ကိုသာ ဖြတ်ယူ သုံးစွဲပြီး
အရှင်မင်းကြီးရဲ့ခြေထောက်မှာ ဖုံးအုပ်ကာကွယ်ထားဖို့ဆိုရင်ရော ဘာလို့ မဖြစ်နိုင်ရမှာလဲ”
ဘုရင်ကြီး အံသြသင့်သွားပါတယ်
ဒါပေမယ့်လည်း ဘုရင်ဟာ သူ့အတွက် သားရေ ” ဖိနပ်” တစ်ရံပြုလုပ်ဖို့အတွက်
သူ့ပညာရှိအကြံပေးချက်ကို နောက်ဆုံးမှာ လက်ခံသဘောတူလိုက်ပါတော့တယ် I👟
ဒီပုံပြင်လေးက တကယ်တွေးကြည့်ရင် တန်ဖိုးရှိတဲ့ သင်ခန်းစာတွေပေးပါတယ်
တကယ်တော့ ဒီကမ္ဘာကြီးကို နေပျော်သာယာတဲ့ နေရာတစ်ခုအဖြစ် ဖန်တီးချင်ရင်
မင်းဟာ မင်းကိုယ်တိုင်သာ ပြောင်းလဲရမှာပါ
ကမ္ဘာကြီးကို ပြောင်းလဲလိုက်ဖို့မဟုတ်ပါ
မင်းရဲ့နှလုံးသား နဲ့ ( ဦးနှောက်) ကိုပါ …
မြလေးသျှင်
၎/၈/၂၀၁၃
Credit:
http://groups.yahoo.com/group/tionghoa-net/message/7231
Don’t Change the World ကို
ဆီလျော်အောင် ဘာသာပြန်ပါသည်။
စက်ဘီး
ဘဝဆိုတာ စက်ဘီး စီးရသလိုပဲ
ဟန်ချက်ညီညီ ကိုယ့်အားကိုယ်ကိုး နင်းရတယ်
စက်ဘီးစီး မတက်ခင်ကဆို ခဏခဏ ချော်လှဲကျ
စက်ဘီး စီးရင် အဆင်းကို လိမ့်စီးချရတာ အရမ်းကို လွယ်သလောက်
ကုန်းမြင့်ပေါ်ရောက်ဖို့ အားစိုက်နင်းရတာ ပင်ပန်း ခက်ခဲတယ်
ဖြတ်သန်းရတဲ့ ဘဝလမ်းခရီး ဟာ အပြင်မှာတော့
ဖြောင့်ချင် ဖြောင့်မယ်
ကောက်ချင် ကောက်မယ်
ဒီလမ်းတွေကို သီးခံ ဖြတ်သန်းပြီးတော့ လိုရာ ခရီးရောက်အောင်
သွားနေကြတာပဲ မဟုတ်လား …
မြလေးသျှင်
၉  . ၅. ၂၀၁၃
Image Credit : ARTIST I Christian Jequel
ကြောင်စာများ ( Cat A-Z)
ချစ်စရာကောင်းတဲ့ ကြောင်လေးတွေကို အခုတလော Facebook စာမျက်နှာများမှာ အတော်များများတွေ့ ရပါတယ်…
အမူအရာမျက်နှာအမျိုးမျိုးနဲ့ ကြောင်လေးတွေက အတော်လေး ချစ်စရာကောင်းလှပါတယ်…
အင်္ဂလိပ်စာကြောင်း A to Z အထိ ရှိတဲ့ စာကြောင်းလေးတွေကို အင်တာနက်စာမျက်နှာများမှာ မျှဝေထားတာကို တွေ့ ရပါတယ်..
ဒါကြောင့် ချစ်စရာကောင်းတဲ့ ကြောင်လေးတွေနဲ့ ပုံကို အင်တာနက်က ရှာပြီး ပုံနဲ့ စာ အဖြစ်  နှစ်ခုပေါင်းပြီးဖန်တီးကြည့်လိုက်ပါတယ်။
မှတ်သားစရာစာကြောင်းလေးတွေကို ချစ်စရာကောင်းတဲ့ကြောင်လေးတွေနဲ့ အတူ ခံစားကြည့်ကြပါနော်…
မြလေးသျှင်
၁၆.၈.၂၀၁၂
Credit : Internet
စာအုပ်ပေါ်မှ အတွေးအမြင်ပေးသော ကာတွန်းများ
ခေတ်အခြေအနေတွေကို သရော်တဲ့အထဲမှာ ကာတွန်းတွေက မပါမဖြစ်တဲ့ အနုပညာတစ်ခုလို့ ယူဆမိပါတယ်။
စာတွေပါတဲ့ ကာတွန်းတွေရော၊ စာမဲ့ကာတွန်းတွေပါ အတွေးကောင်းရင် ကောင်းသလို  နှစ်သက်မိပါတယ်။
အမှတ်မထင် MCN (Myanmar Cartoon Network) ကနေ Link လေးတစ်ခုတွေ့ လိုက်မိပါတယ်။
“The Book ကာတွန်း ပြိုင်ပွဲ ရဲ့ Finalist စာရင်းပါ.. မြန်မာပြည်က ဆုချိတ်တာတော့ မတွေ့ မိဘူးဗျ”   ဆိုပြီးတော့ အောက်ပါလင့်လေးနဲ့ ပါ…
http://www.irancartoon.ir/gallery/album536?page=1
အီရန်ကာတွန်းဆိုပြီးတွေ့ ရပါတယ်။
The Book ကာတွန်း ပြိုင်ပွဲဟာ နိုင်ငံတကာအဆင့်မို့ အတော်လေး အဆင့်မြင့်လှပတဲ့အတွေးများနဲ့ 
ကာတွန်းလက်ရာများဟာ သားနားလှပါတယ်။
မြန်မာနိုင်ငံမှ ကာတွန်းဆရာများလည်း နောင်ကျင်းပတဲ့ ပြိုင်ပွဲတွေမှာ ဆုတွေဆွတ်ခူးနိုင်ဖို့  မျှော်လင့်ဆုတောင်းမိပါတယ်။
Alireza-Safaei-Iran
ဒီကာတွန်းမှာပါတဲ့ စာအုပ်တစ်အုပ်ကို ကြွက်ကိုက်နေတဲ့ပုံဟာ လက်ရာ အတော်ပြောင်မြောက်လှပါတယ်။  ကွန်ပျူတာတွေကို  Mouse ကိုင်သုံးကာ စာအုပ်တွေနေရာမှာ အစားထိုးဝင်လာသော သဘော သဘာဝကို ထိထိမိမိရေးဆွဲထားလို့ ပါ။
Alireza-Pakdel-Iran
ဒီကာတွန်းပုံလေးကလည်း လူငယ်နဲ့ လူကြီး (မြေးအဘိုးလည်း ဖြစ်ချင်ဖြစ်မည်) စာအုပ်ဖတ်ပြတဲ့အနေအထားတွေ ပြောင်းသွားတာကို ခံစားမိပါသည်။
Yuriy-Kosobukin-Ukraine
စာအုပ်တွေကို ဆွဲနေတဲ့ အဘိုးအိုတစ်ယောက်ပုံပါ.
သေချာကြည့်လိုက်တော့ စာအုပ်ဗီဒိုပုံလုပ်ထားတဲ့ နံရံကပ်စက္ကူပုံစံပါ…
အမြင့်တက်ဖို့ လုပ်ထားတဲ့လှေကားပြုတ်ကျသွားတော့ အဘိုးအိုက အဲသည့်စာအုပ်နံရံကပ်စက္ကူကိုပဲ ဖမ်းဆွဲထားတဲ့ပုံဟာ အတော်စဉ်းစားစရာကောင်းပါတယ်…
Doru_Axinte_Romania
စာအုပ်နဲ့ ထောင်
ပြတင်းတံခါး
အလင်းမမှားစေဖို့ 
အမှောင်ထဲက လမ်းပြအောင်….
သူ့ အတွက် စာအုပ်တွေက  ပြတင်းပေါက်ထဲကပေါ်လာတဲ့ အလင်းရောင်လိုပါပဲ..။
Farhad-Bahrami-Reykani-Iran
စာအုပ်နဲ့ ဆိုဖာ
စာအုပ်က ကြီး
လူက သေး
ထိုင်ခုံ တောင် မဆံ့ပါ…။
Florian_Doru_Crihana_Romania
စာအုပ်နဲ့ ဓာတ်ပုံဘောင်ကာတွန်းကတော့ သမိုင်းထဲကလူတွေလို ဖြစ်ချင်နေတဲ့ပုံပါပဲ..။
Florian-Doru-Crihana-Romania-(1)
စာအုပ်နဲ့ ကောင်းကင်ပေါ်မှာ  အတော်ဇိမ်ကျမယ့်ပုံပါပဲ…….။
Gheorghe-Matei-Romania
လူကြီးဖတ်တာ စာအုပ်၊
ကလေးဖတ်တာ Notebook စာအုပ်နဲ့ …..
Guo-Zhong-China
ဒီကာတွန်းကတော့ အိမ်နီးချင်းတရုတ်နိုင်ငံက ၀င်ပြိုင်တဲ့ကာတွန်းပါ..
သူတို့ လျှာကို တံတွေးဆွတ်ပြီး ရေနေတဲ့ အရာတွေကတော့ မတူကြဘူးပေါ့…
Hicabi-Demirci-Turkey
စာအုပ်နဲ့ ယူနီဖောင်း။
Huseyin-Cakmak-Cyprus
ဒီကာတွန်းကိုကြည့်လိုက်တော့ စာအုပ်တစ်အုပ်မှလည်း မတွေ့ တော့ ဟုတ်မှဟုတ်ပါ့မလား စဉ်းစားနေတုန်းGoogle ဆိုတဲ့ အင်္ဂလိပ်စာလုံးကို ကွန်ပြူတာ လက်တော့ပေါ်မှ အထင်းသားတွေ့ လိုက်ရပါတယ်။ဟုတ်တော့ဟုတ်ပါတယ်…စာအုပ်တွေလို Google က အကုန်နီးပါး ရှာပေးနိုင်တဲ့ခေတ်ရောက်နေပြီကိုး။
Jugoslav-Vlahovic-Serbia
ဒီပုံမှာတော့ စာအုပ်ကြီးသမားတွေ ချီတက်လာပါပြီလား ဆိုတာ ဝေခွဲမရဖြစ်နေပါတယ်။
ရှေးဆန်တဲ့လူတွေကို စာအုပ်ကြီးသမားတွေလို့ ခေါ်တာကို ကြားဖူးနေလို့ ဖြစ်ပါတယ်။
နောက်တမျိုးစဉ်းစားမိတာကတော့ မိမိတို့ ကိုယ်ပိုင်စာမျက်နှာတွေဖြင့် ချီတက်လာသော လူအုပ်ကြီးဟုလည်း ယူဆမိပါသည်။
Marcin-Bondarowicz-Poland
ပိုလန်က ကာတွန်းဖန်တီးသူကတော့ ပဟေဠိ  စာမျက်နှာများကို တင်ဆက်လိုက်တာပါပဲ။
ကောင်းကင်နဲ့ မြေကြီးအောက်မှာ ကျွန်မတို့ ဘ၀စာမျက်နှာတွေက တကယ့်ကို ၀င်္ဂဘာလမ်းတွေလိုပါပဲ…
ဒါဟာ အကွေ့ အကောက်များစွာနဲ့  ၀င်္ဂဘာစာအုပ်ကြီးတစ်အုပ်လည်း ဖြစ်သည်မို့ လေ…
သူတင်ပြပုံလေးက တကယ့်ကို လှပပြီး စိတ်ဝင်စားစရာပါပဲ…
ကျွန်မကတော့ ဒီကာတွန်းလေးတွေကြည့်ပြီး ကဗျာဆန်တဲ့စကားလုံးတွေ အလိုလိုဝင်လာတော့တာပါပဲ…
Mehdi-Mohammadi–Rouzbahani-Iran
စာအုပ်နဲ့ အကျဉ်းသား
ရဲသားကြီးက ထောင်ပေါက်ဝကနေ ချောင်းကြည့်လိုက်တဲ့အခါ
စာအုပ်ဖတ်နေတဲ့ အကျဉ်းသားခမျာ
ရာသီဥတုဟာ…ဒီလို..ဒီလိုပါတဲ့…။
Mello-Brazil
စာအုပ်ကို ၀ါးစားမယ့် လူကြီးက အတော်အစားပုတ်တာပဲ..။
Mohammad-Hossein-Akbari-Iran
ဒီကာတွန်းကလည်း ထူးဆန်းပါတယ်..
စာအုပ်ကြီးတစ်အုပ်ကို နွားမလို သဘောထားပြီး နို့ ရည်ညှစ်ယူနေတဲ့ပုံပါ။ ပုံမှန်အမြင်နဲ့ မတူတာကတော့ နို့ ခံယူနေတဲ့ နို့ ထည့်တဲ့ပုံးက လူ့ ခေါင်းဖြစ်နေတာပါပဲ..
ဒါမျိုး ဆင်တူအတွေးပါတဲ့ ခေါင်းက ဗလာနဲ့  မျက်နှာတွေက တစ်နေရာစီဖြစ်နေတဲ့ မျက်နှာပုံတွေ ပန်းချီမျိုးကို ကျွန်မတို့ မြန်မာပြည်က ပန်းချီဆရာတစ်ယောက်ဖြစ်တဲ့
ပန်းချီကျော်ထူး ဆွဲတာကို မြင်ဖူးပါတယ်..
တွေးစရာပန်းချီကားများ ဆိုပြီး ကျွန်မရေးဖူးပါတယ်။
စဉ်းစားရမယ့် အတွေးအခေါ်တွေတော့ အများကြီးပါပဲ…
Naser-Moghadam-Iran
စာအုပ်စင် နဲ့ ပန်းရံသမား
တိုက်တွေဆောက်တာကလည်း ဆောက်ပေါ့…၊
စာအုပ်ဗီဒီလေးလည်း ပါအောင်လုပ်နော်…..။
Natalia-Forcat-Brazil
ဒီပုံက စာအုပ်ရဲ့ ကျေးဇူးကြောင့် ကမ္ဘာကြီးကိုတောင် ထင်ဟပ်စေတဲ့ အဆင့်မြင့်မြင့်ကာတွန်းပါပဲ..
အိုင်ဒီယာအတွေးအခေါ်တော့ ကောင်းတာမှန်ပေမယ့်
ကျွန်မတို့ မြန်မာနိုင်ငံမှာတော့ စာအုပ်ကို ခြေထောက်နဲ့ မတော်လို့ တက်နင်းမိရင်တောင်
အရိုအသေပျက်မှာစိုးလို့ ထိုင်ကန်တော့မိတဲ့အတွက်
အဲသလို ကာတွန်း ရဲရဲတင်းတင်းဆွဲဖို့  မဖြစ်နိုင်ပါ။
Natalia-Vartchenko-Cyprus
စာအုပ်နဲ့ ကြိုးဆွဲချခြင်း
ကဲ… စာမဖတ်ချင်ရင်တော့ သေပြီဆရာ….
Paolo-Dalponte-Italy
စာအုပ်နဲ့ ဖလင်လိပ်…..
သူ့ ပုံက ရှင်းလွန်းတော့ ကျွန်မလည်း ဘာသာမပြန်တက်တော့။
eyman-Edalati-Iran
စာအုပ်ကို ထိုးဆိတ်နေတဲ့ Angry Birds များဒီ Angry Birds ဂိမ်းကလည်း နေရာတကာပါတယ်။ အခုတလော လူကြိုက်များတဲ့ ဂိမ်းမို့ ထင်ပါတယ်…Angry Birds နဲ့ ခဲတံချွန်စက်တွေတောင် အဲသည့်ငှက်ရုပ်တွေဖြစ်နေပြီကိုး…အဲသည့်ငှက်ရုပ်တွေကလည်း စိတ်ဆိုးနေတဲ့ နာမည်ပေးထားပေမယ့် ရုပ်လေးတွေက် ချစ်စရာတော့ကောင်းပါသည်။
ဂိမ်းတော့ မကစားဖြစ်ပါ။
Saeid-Farhangian-Iran
သူတို့ စာအုပ်တွေဖတ်ပြီးတော့ မီးလှုံနေတဲ့ပုံက ကျွန်မတို့ ဆီက ဖိုးတောင်သူကြီး တဲဖျက်တာနဲ့ တူနေသလိုပါပဲ…။
Saman-Ahmadi-Iran
စာဖတ်ပြီးတော့ စစ်တိုက်သော သူရဲကောင်းနှစ်ယောက်ဟာ ဆက်လက်ပြီးတော့ တိုက်ပွဲမ၀င်တော့ဘူးလား…
ပုံလေးကလည်း စဉ်းစားစရာပါပဲ။…။
Sevket-Yalaz-Turkey
ဒီကာတွန်းပုံကတော့ ခေတ်ကို အထင်ဟပ်ဆုံး ကာတွန်းပုံလေးပါပဲ..
စာအုပ်ဖတ်လို့ ရတဲ့ iPad, (Pdf) ebook readers တွေပေါ်လာတော့  စာဖတ်နေတဲ့လူကြီးများ ခေတ်နောက်ကျသွားပြီလား..
Sevket-Yalaz-Turkey-(1)
စာဖတ်နေတဲ့ ရေတွင်းလိုနက်ရှိုင်းတဲ့ဂုရုကြီးပုံက ခရစ်စမတ်စ် ဘိုးဘိုးကြီးပုံနဲ့ လည်းတူပါတယ်။
Seyran-Caferli-Azerbaijan
ခါးပတ်ကွင်း နှင့်  စာဖတ်ခြင်း
ဒီကာတွန်းလေးကိုကြည့်လိုက်တော့  သူစာဖတ်နေတဲ့ ထိုင်ခုံအောက်မှာ ခါးပတ်ကွင်းက စည်းတားနေသလိုလို၊ ကျွန်းလေးပေါ်မှာတစ်ယောက်တည်းပုံစံလို ခံစားမိပါတယ်။
စာဖတ်နေပြီးတော့ ကိုယ့်ဘာသာကိုယ် စည်းဘောင်မကျော်နိုင်တဲ့ မြင်ကွင်းလို့ လည်း ယူဆမိပါတယ်။
Shahram-Rezaei-Iran
ထိုင်ခုံနဲ့ လွတ်ထွက်သွားသော စာဖတ်သူကြီးပေါ့…
သူလွတ်တာကလည်း တည့်တည့်လွတ်တာတောင်မဟုတ်…
ထိုင်ခုံပေါ်တောင် ခြေထောက်တင်လိုက်သေးတယ်။
( စာဖတ်တာ အောက်ခြေမလွတ်ဖို့ တော့ လိုတယ်နော်…ဆိုတဲ့အတွေးမျိုးလေး ဒီကာတွန်းကတဆင့် ရမိပါတယ်..)
Sidnei-Marques-Brazil ဒီကာတွန်းကလည်း Angry Birds လိုပါပဲ..စာအုပ်ပုံပေါ်တက်ထိုင်ပြီး ဂိမ်းဆော့နေတဲ့ ကလေးလေးပါ.
ဂိမ်းတအားဆော့တဲ့ကလေးတွေ စာအုပ်တွေကို မျက်ကွယ်ပြု ဖင်ခုထိုင်ပြီး ဂိမ်းစက်နဲ့ ဂိမ်းပဲဆော့နေကြတာကို အထင်းသားတွေ့ ရပါတယ်။
Toso-Borkovic-Serbia
စာမျက်နှာတွေကို ဆေးသုတ်၊
မခြောက်သေးခင်လည်း  အလုပ် လုပ်
ဘ၀ဟာ စာအုပ် တစ်အုပ်။
Touraj-Saberivand-Iran
ဒီကာတွန်းပုံလေးက ဒီဇိုင်းပညာဘက်က အသက်ဝင်တဲ့ ကာတွန်းလေးပါ။
Media Player တွေမှာ ရှိတဲ့ Play နဲ့  Pause ကို စာအုပ်အသွင် ဖန်တီးယူထားတဲ့ ပုံလေးပါ။
အတော် နှစ်သက်မိပါတယ်။
Valentin-Druzhinin-Russia
စာအုပ်ကိုလှမ်းယူဖို့ တားနေသည့် ကွန်ပျူတာကြိုးများ လို့  နာမည်ပေးချင်ပါတယ်။
Valentin-Druzhinin-Russia-(1)
ကျိုးပဲ့သွားသော Tablet စာအုပ်လေး ကလည်း နည်းပညာခေတ်ထဲက eBooks တွေကို ဆိုလိုခြင်းဖြစ်ဟန်တူပါတယ်။
စာအုပ်တွေကို စိတ်ဝင်စားတဲ့ စာအုပ်သရဲ တစ်ယောက်မို့ 
ဒီကာတွန်းတွေထဲက အတွေးအမြင်တွေ အများကြီးပါတာမို့ စိတ်ဝင်စားပြီး ကျွန်မခံစားနားလည်မိတဲ့အတွေးများနဲ့ တဆင့် ပြန်လည် မျှဝေလိုက်ခြင်းဖြစ်ပါတယ်။
ယောနိသောမနာသီကာရဖြင့်
လေးစားလျှက်
မြလေးသျှင်
(၃၀/ ၁၀/ ၂၀၁၁)
အေးမြသော ပူအိုက်ခြင်းတစ်မျိုး
ဒီနေ့ (၂၃/ ၁၀/ ၂၀၁၁) ညနေတုန်းက ဂျာနယ်ဝယ်ပြီး လမ်းမှာ မထင်မှတ်တဲ့ အဖြစ်အပျက် စကားသံတချို့ ကို အိမ်အပြန်လမ်းတစ်လျှောက် ကြားယောင်မိခဲ့ပါတယ်။
အဲသည့်စကားသံများကို မျှဝေချင်လို့  ဒီစာမျက်နှာလေးက တဆင့်ရေးမိတာပါ။
အိမ်အပြန်လမ်းမှာ မုန့် ဝယ်ဖို့ စဉ်းစားမိပြီး လမ်းဘေးမုန့် ဆိုင်မှာ မုန့် တွေရှာနေတုန်း ပူအိုက်လို့ ဝယ်လာတဲ့ဂျာနယ်နဲ့ ယပ်တောင်သဘောထားကာ ယပ်ခပ်နေမိခဲ့ပါတယ်။
ဆိုင်က မုန့် ထုပ်တွေများလို့ ဘာယူရမလဲ စဉ်းစားနေရင်း ဂျာနယ်နဲ့ ယပ်ခပ်မိနေခြင်းရယ်ပါ။
ပြီးတော့ ပါလာတဲ့ပိုက်ဆံနဲ့ ဘယ်လောက်ဝယ်ရမလဲ ချိန်နေတုန်း အမှန်တော့ ကိုယ်တိုင် ယပ်ခပ်မိနေတာကိုတောင် ကိုယ့်အာရုံနဲ့ ကိုယ် လုံးဝသတိမထားမိပါ။
ကိုယ့်ဘာသာကိုယ် မုန့် တွေရွေးနေတုန်း အနားက ဘယ်သူ ဖြတ်သွားမှန်းလည်း သတိမထားမိပါ။
ကျွန်မ မုန့် တွေ ဘာယူရမလဲ ရွေးနေတုန်း ကျွန်မဘေးမှာ လာပြောသည့် တစ်စိမ်းတစ်ယောက် အသံကို မထင်မှတ်ဘဲ ကြားလိုက်ရပါသည်။
သူပြောလိုက်သည့်အသံမှာ
“ဟဲ့…နင်တစ်ယောက်တည်း ဒီလောက်ချမ်းတဲ့အချိန်မှာ ပူနေရတယ် ”  ဟူသော အပြစ်တင်လေသံ ဖြစ်ပါသည်။
အစက ကျွန်မကို ပြောမှန်း မသိသေးပါ..သူပြောတာလည်း သိပ်နားမလည်ပါ…
ကျွန်မကို အဲသည်လိုပြောနေသူကို ကြည့်လိုက်တော့ အသားဖြူဖြူအဘိုးကြီးတစ်ယောက် တုတ်ကောက်တစ်ချောင်းကိုင်လျက် အနွေးထည်အနက်ကြီးဝတ်ထားသည်။
အဘိုးကိုလည်း ကျွန်မမသိပါ၊
သူပြောတာကို သဘောပေါက်ဖို့ မုန့် ရွေးနေတဲ့အချိန်အတောအတွင်းမှာ မနည်းစဉ်းစားလိုက်ရသည်။
“အသက်အရွယ်ကြီးသူများမှာ အသက်ကြီးလာရင် အအေးဒဏ်ကို လူငယ်တွေလောက် မခံစားနိုင် ” ဟူသော ကျန်းမာရေးဗဟုသုတကို အဲသည့်အချိန်တိုလေး အတွင်းမှာ ကျွန်မဦးနှောက်ထဲ အပြေးဝင်လာမိသည်။
ဟုတ်ပေမည်…ကျွန်မက ဂျာနယ်တစ်စောင်ကိုကိုင်လျက် မုန့် ရွေးရင်း ယပ်တောင်ခပ်နေသည်ကိုး…..
သူပြောမှ ကိုယ့်ကိုကိုယ် ခံစားမိတာပြန်ကြည့်လိုက်တော့  အတော်ပူလို့  ကျွန်မအင်္ကျီမှာစိုရွှဲမတက်ဖြစ်နေသည့် ခန္ဓာကိုယ်မှာ ချွေးတွေရှိနေပါသည်။
အဘိုးစကားကြောင့် ကိုယ်တိုင် ကြောင်တောင်တောင်ဖြစ်သွားမိပါတယ်။ ကိုယ်က တကယ်ပူအိုက်နေတာကိုး..။
သူဝတ်လာသည့်  အနွေးအင်္ကျီက သူဘယ်လောက်ချမ်းကြောင်း သက်သေပြနေသည်။
တုတ်ကောက်တစ်ချောင်းကို အားပြုပြီး ကျွန်မဘေးကဖြတ်သွားရင်းနဲ့ တောင် ကျွန်မကိုကြားစေချင်လို့ ကို ထပ်ခါတလဲလဲ ကြည့်ပြီး ပြောသွားသည်မှာ
“နင်တစ်ယောက်တည်း ဒီလောက်ချမ်းတဲ့အချိန်မှာ ပူအိုက်နေတယ် ဒီမှာဖြင့် ချမ်းလိုက်တာတုန်လို့ ” ဟူသော အပြစ်တင်လေသံပါသော အသံကို နားထဲစွဲစွဲမြဲမြဲကြားလိုက်ရပါသည်။
ကျွန်မလည်း ဘာပြောရမှန်းမသိတော့ဘဲ
“ဟို…လမ်းလျှောက်လာရလို့ ” ဟုသာ တိုတိုလေးပြန်ဖြေမိသည်။
ဆက်လည်း မငြင်းချင်တော့ပါ။
ဘေးဘီကလူတွေအားလုံးကို ကြည့်လိုက်တော့ အင်္ကျီအတိုလေးတွေနှင့်သာဖြစ်သည်။
ချမ်းအေးပြီး အနွေးထည် ၀တ်ထားသောသူမှာ အဘိုးအိုတစ်ယောက်တည်းသာရှိသည်။
ကျွန်မကိုပြောသော အဘိုးအိုမှာ နေမကောင်းနေလို့ လည်းဖြစ်ချင်ဖြစ်နေနိုင်ပါသည်။ အနီးအနားမှာ ဆေးခန်းနှင့် ဆေးဆိုင်က အသင့်ရှိနေသည်။
သို့ သော် ၀တ်ထားသည်မှာလည်း အတော်ကောင်းကောင်းမွန်မွန်ဝတ်ထားသောကြောင့် တောင်းဖို့ ပြောနေခြင်း မဖြစ်နိုင်တာတော့ သေချာပါသည်။
ဒါပေမယ့် သူဘာကြောင့် ဒီလိုပြောလဲဆိုတာ ကျွန်မသိချင်နေပါသည်။
ငွေကြေးကြောင့် မဟုတ်ရင် သူပြောသည်မှာ ခံစားချက်ကြောင့်သာ  ဖြစ်နိုင်ပါသည်။
သူချမ်းနေသည် …
ပတ်ဝန်းကျင်ကလူများကလည်း သူ့ လို အရမ်းချမ်းလိမ့်မည် ဟု တွက်ဆနေပေလိမ့်မည်။
ဒီကြားထဲမှာမှ လမ်းဘေးသူဖြတ်သွားတုန်း ကောင်မလေးတစ်ယောက် မုန့် ဆိုင်မှာ ယပ်ခပ်နေသည့်ပုံကို
အမြင်မတော်တော့လို့  အခုလို ထပ်ခါတလဲလဲ ပြောနေမိခြင်း ဖြစ်တော့မည်။
ကျွန်မအဘိုးအရွယ်လူကြီးတစ်ယောက်ခံစားချက်ကို ကျွန်မ၀င်ပြီး ခံစားကြည့်မိပါသည်။
အဘိုးကို ဦးနှောက်မမှန်လို့ အဲသည်လို လာပြောခြင်းလို့ ကျွန်မ မပြောရက်ပါ။
သို့ ပေမယ့် အဘိုးရယ်…ဘက်စ်စကား နှစ်မှတ်တိုင်လောက် ဝေးတဲ့ ခရီးကို ကိုယ်ပိုင် ကိုယ့်ခြေထောက်နဲ့ ကိုယ် လမ်းလျှောက်နေတဲ့ ကျွန်မမှာ အင်္ကျီနောက်ကျောမှာ ချွေးတွေစိုလို့ ….. ကိုယ်တိုင်ဝယ်လာတဲ့ ယပ်ခပ်စရာ ဂျာနယ်ကိုပဲ တကယ် ပူအိုက်လို့ ယပ်ခပ်မိတာ အဘိုးအမြင်မှာတော့ ၀င်မခံစားနိုင်တာ အပြစ်မတင်ရက်တော့ပါ။
အဘိုးကိုလည်း ချမ်းအေးတာကို တစ်ယောက်တည်းခံစားနေလို့ သနားမိပါတယ် …..
လူတိုင်းရင်ထဲ ရင်ဘတ်ထဲမှာ ရာသီတွေ မတူညီတာကို ကျွန်မနားလည်မိပါသည်။
ကျွန်မ ပူအိုက်နေတာမျိုး အဘိုးကိုလည်း မခံစားစေချင်ပါ…
အပြင်မှာ ရာသီဥတုက ဘယ်လိုလဲ ကျွန်မ စဉ်းစားကြည့်နေမိပါသည်။
ထိုအထဲမှာမှ အသက်အရွယ်မတူတဲ့အမြင်တွေ ကျွန်မ ခံစားနားလည်လိုက်ပါသည်။
ကံ၊ စိတ်၊ ဥတု၊ အာဟာရ ဟူသော ကျန်းမာရေးအမြင်တွေကိုလည်း ကျွန်မလေ့လာဖို့ ကြိုးစားရအုံးမည်။
နောက်ဆုံးတော့ လူတိုင်းလူတိုင်း အားလုံးအဆင်ပြေပါစေ လို့ ပဲ ဆုတောင်းနေမိတော့သည်။
ယောနိသောမနာသီကာရဖြင့်
လေးစားလျှက်
မြလေးသျှင်
(၂၃/ ၁၀/ ၂၀၁၁)
မြစိမ်းရောင်မှတ်စုများ
ကျွန်မသိမ်းထားသော မှတ်စုတွေ၊ ကဗျာ၊ ဓာတ်ပုံတွေ၊ သီချင်းတွေ၊ စာအကိုးအကား အဆိုအမိန့် တွေ ထဲတွင်
အစိမ်းရောင်များသည် လှလှပပကြီးနေရာယူထားနေလေသည်။
တကယ်တမ်း အစိမ်းရောင်နဲ့ ပက်သက်လာလျှင် ကျွန်မမှာ ပြောစရာတွေအများကြီးရှိနေသည်။
ဝန်ခံရလျှင် အစိမ်းရောင်ကို သာမန်အရောင်အနေနဲ့ ကြည့်လိုက်စဉ်  ငယ်ငယ်က မကြိုက်ခဲ့ပါ။ သို့ သော် အစိမ်းရောင်ကို
မကြိုက်သည့်အဆင့်မှ တဖြည်းဖြည်းလက်ခံသဘောကျသည့်အဆင့်သို့ ကူးပြောင်းသွားသောအခါ
အမြင်များသည် တော်တော်လေးပြောင်းကုန်ပါသည်။
တက္ကသိုလ် ဘုန်းနိုင်ရဲ့ “စိမ်းနေအုံးမည့် ကျွန်တော့်မြေ” ဖတ်ခဲ့မိ၍လည်း အစိမ်းရောင်ကို မကြိုက်နိုင်သေးပါ။
ကျောင်းစိမ်းဝတ်နေချိန်ဖြစ်ခဲ့သော ဆယ်ကျော်သက်အရွယ်အထိ အစိမ်းရောင်ကို သိပ်ကြည့်လို့ မရပါ။ ကျောင်းတက်တုန်းကျောင်းဝတ်စုံအဖြူနဲ့ ကျောင်းစိမ်းစကပ်၊ လုံချည်တွေကို ၀တ်သာဝတ်နေပေမယ့် အစိမ်းရောင်သည် ကျွန်မအတွက် အရင်းနှီးဆုံး သူစိမ်းသာဖြစ်နေသေးသည်။
ငယ်စဉ်ကတည်းက ယခုအချိန်အထိ ကျွန်မအကြိုက်ဆုံးအရောင်မှာ အဖြူရောင်သာဖြစ်သည်။
သို့ သော် ယခုအချိန်မှာတော့ အစိမ်းရောင်ကို ကျွန်မနှစ်သက်တဲ့အရောင်ထဲတွင် အကြောင်းအရင်းများစွာကြောင့် ထည့်သွင်းမိပါတော့သည်။
အစိမ်းရောင်နှင့် ကျန်းမာရေး
အစိမ်းရောင်မကြိုက်သော ကျွန်မမှာ အသက်နှစ်ဆယ်ကျော်လာသောအခါ ပတ်ဝန်းကျင်မှ တွန်းအားများစွာက အစိမ်းရောင်ကို ခင်တွယ်လာအောင် ဖန်တီးပေးနေပါတော့သည်။ အရင်ဆုံး ကျန်းမာရေးဘက်က စမည်ထင်သည်။ အစိမ်းရောင်သည် မျက်စိအေးစေသည် ဟူသောအချက်ပင်။ အစိမ်းရောင်သစ်ပင်တွေကလည်း မျက်စိအေးစေပြီး ကျန်းမာရေးအတွက် နွယ်မြက်သစ်ပင် ဆေးဖက်ဝင်စေသည် မဟုတ်ပါလော။
အစိမ်းရောင်ဟူသည်မှာ ပင်ကိုယ်အရောင်မဟုတ်။
အ၀ါနှင့်အပြာ ပေါင်းစပ်ထားသောအရောင်၊ တစ်နည်း- နှစ်ရောင်စပ် အရောင်။
ထို့ ကြောင့်လည်း အစိမ်းရောင်ကို အသေအချာကြည့်ပါ။
အစိမ်းရောင်အဖြောင့်မှာ အလွန်တွေ့ ရခဲ၏။
အ၀ါသမ်းသည့်အစိမ်း။
အပြာသမ်းသည့်အစိမ်း။
တစ်နည်း အ၀ါနှင့်အပြည်တစ်ခု(သို့ မဟုတ်) တစ်ခုသို့ ကူးနေလူးနေသည့်အစိမ်းများကိုသာ
အတွေ့ ရများ၏။ ဤသဘောကို မြန်မာနိုင်ငံ ကျောက်စိမ်းအရောင်းအ၀ယ်လုပ်နေသူများ ပိုသိ၏။
ဥရောပ၌မူ အစိမ်းကို သစ်ရွက်များ၏အရောင်။
နွေဦးရာသီ၏အရောင်။
မျှော်လင့်ခြင်းနှင့် ရင်တွင်း၌ ခံစားရခြင်းများကို မျှတအောင် ပြုပေးနိုင်သော အရောင်အဖြစ်
သတ်မှတ်၏။
လုံခြုံမှုကို ပေးနိုင်စွမ်းသော အရောင်ဟုလည်း သတ်မှတ်၏။
ထို့ ကြောင့် ကမ္ဘာ့ နိုင်ငံအများ၏ ငွေစက္ကူများမှာ အစိမ်းရောင် ရှိကြ၏။
ဥပမာ...အမေရိကန်ဒေါ်လာ (ကျွန်မတို့ မြန်မာနိုင်ငံက အမေရိကန်ဒေါ်လာကို အစိမ်းဟု ချစ်စနိုး
ခေါ်ကြသည် မဟုတ်ပါလော)။
အစိမ်းသည် အချစ်ကိုလည်း ကိုယ်စားပြုသည့် အရောင်ဖြစ်၏။
အစိမ်းသည် အချစ်ကို ကိုယ်စားပြုသဖြင့် တစ်ခေတ်က ဥရောပ၌ လက်ထပ်မင်္ဂလာပွဲများ၌
သတို့ သမီးဝတ်ဆင်သည့်အရောင်မှာ အစိမ်းရောင် ဖြစ်၏။ မင်္ဂလာပွဲဝတ် အထိမ်းအမှတ်အရောင်
အဖြစ်သုံး၏။ မျိုးဆက်ပွားခြင်းကို ဖြစ်နိုင်စွမ်းသော အရောင်ဟုလည်း ခေါ်၏။
အစိမ်းရောင် အ၀တ်အထည်မှာ ဥရောပ၌ သမိုင်းထုံးတမ်းစဉ်လာအရပင် အထူးဝတ်စုံများအဖြစ်
အသုံးချခံခဲ့ရဖူး၏။
အိုင်းရစ်လူမျိုးတို့ ၏ အမျိုးသားအရောင်မှာ အစိမ်းဖြစ်၏။
ဗြိတိသျှသမိုင်း၌ ထင်ရှားခဲ့ဖူးသော တောပုန်းကြီး(ရောဗင်ဟု)နှင့် သူ၏ပြောက်ကျားများ၏၀တ်စုံမှာ
အစိမ်းဖြစ်၏။ သစ်ရွက်နှင့် သဏ္ဌန်တူသော ၀တ်စုံများကို ၀တ်ဆင်ပြီး ဘုရင့်တပ်မတော်သားများ
မမြင်ရန် တောတွင်း၌ ကိုယ်ရောင် ဖျောက်ခဲ့ဖူး၏။
အမေရိကန်လွတ်မြောက်ရေးစစ်ပွဲ၌ အမေရိကန်တော်လှန်ရေးသမားတို့ ၏ စစ်ဝတ်စုံမှာလည်း အစိမ်း
ရောင်ပင်ဖြစ်၏။ ယနေ့ ခေတ်အမေရိကန်တပ်မတော်၌ ထင်ရှားလှသော (Green Beret) တပ်ဖွဲ့ 
မှာ ထိုခေတ်ထိုအခါကပင် စတင်တည်ထောင်ခဲ့သော သမိုင်းရှည်လျားစွာရှိခဲ့သည့် တပ်ဖွဲ့ ဖြစ်၏။
အစိမ်းရောင်ကို အဆိုးပိုင်းအမြင်မှလည်း သတ်မှတ်ထားရှိသည်များ ရှိ၏။
အစိမ်းရောင်မျက်လုံး...။
မနာလိုသူ...။
မကောင်းဆိုးဝါးနှင့်တူသူဟု အဓိပ္ပာယ် ရ၏။
အံ့စရာဖြစ်၏။ 
အစိမ်းရောင်ချစ်သူများ
အစိမ်းရောင်ချစ်သူများမှာ ပညာတက်များ၏။
ကျော်ကြားသူများ၏။
ယဉ်ကျေးပြီး စိတ်ထားမှန်သူများ ဖြစ်တက်၏။
ထို့ ကြောင့်လည်း အစိမ်းရောင်ချစ်သူများသည် အိမ်နီးချင်းကောင်းဖြစ်၏။
အနုပညာများကို အားပေးအားမြှောက်ပြုတက်သူများ ဖြစ်၏။
အစိမ်းရောင်ချစ်သူများမှာ လူလတ်တန်းစားနှင့် စီးပွားရေးသမားများဖြစ်တက်၏။
သာသနာရေး၊ လူမှုရေးအသင်းအဖွဲ့ များကို ခေါင်းဆောင်ရတက်၏။ အစ...ရှိသည်ဖြင့်။
မြစိမ်းရောင် မင်းသမီးတွေရှိပါတယ်နော်…..
အစိမ်းရောင်ကို အရင်က မကြိုက်မဲ့သာ မကြိုက်တာ ကျွန်မနာမည်ကို ပြန်စစ်ဆေးကြည့်လိုက်တော့ အစိမ်းရောင်ပါနေပြန်သည်။ ကျောက်စိမ်းကတော့ အစိမ်းရောင်ကျောက်ဖြစ်ပေမယ့် “မြ” ကိုပိုနှစ်သက်မိသည်။
 "မြ"မှာ အစိမ်းရောင် ရှိသော ကျောက်များတွင် အထင်ရှားဆုံးဖြစ်၏။ အလှဆုံးဖြစ်၏။ တန်ဖိုးအရှိဆုံးဖြစ်၏။
 "မြ"ကို လက်ဝတ်ရတနာအဖြစ်သာမဟုတ်။ အဆောင်လက်ဖွဲ့ အဖြစ်လည်းသုံး၏။ ဆေးအဖြစ်လည်း သုံး၏။
အဖျားတက်နေသူ၏ှလျှာအောက်၌ မြကျောက်ကို ထားရှိလျှင် အဖျား အမြန်ကျနိုင်စွမ်း၏။ ထို့ အပြင် "မြ"
သည် အဆိပ်အတောက်ကို ပြေစေ၏။ ထိခိုက်ဒဏ်ရာရသည့် ဝေဒနာများကို ပျောက်ကင်းစေ၏။
ဆယ့်သုံးရာစုခေတ် အိန္ဒိယနိုင်ငံ၌ မြသည် ၀က်ရူးပြန်ရောဂါကို ပျောက်စေနိုင်သည်။ အစာစားချင်စိတ်ကို
ပေါ်စေနိုင်စွမ်းသည်။ 
မြကို ၀တ်ဆင်သူသည် အနာဂတ်ကို မြင်နိုင်စွမ်းသည်။ ဇ၀နညဏ်ကို ထက်သန်စေသည်။ မှတ်ညဏ်ကို တိုးပွားစေသည် ဟု ဆို၏။ မြကျောက်ကို ရတနာကို ချစ်မြတ်နိုးသော အနောက်တိုင်းပညာရှင်များလောက၌ အချစ်(Love)၊ ငြိမ်းအေးခြင်း(Peace)၊ ပျော်ရွှင်ခြင်း(Joy) တို့ ကို ပေးနိုင်သော ကျောက်ရတနာအဖြစ် မှတ်ယူထားကြ၏။
 သဘာဝပတ်ဝန်းကျင်နှင့် အစိမ်းရောင်
ကျွန်မတို့ နေထိုင်ရာကမ္ဘာကြီးမှာ အစိမ်းရောင်ကို သိသာထင်ရှားစေသည့် အရေးကြီးသောအချက်တစ်ချက်လည်းရှိပါသေးသည်။
သဘာဝပတ်ဝန်းကျင်ဆိုင်ရာအကြောင်းအရာများနှင့် ပက်သက်လာပါက အစိမ်းရောင်ကိုသာ သုံး၍ ကိုယ်စားပြုလေသည်။
လေ့လာ မှုများအရ စင်ကာပူနိုင်ငံတွင် လူတစ် ယောက်အတွက် အစိမ်းရောင်နယ်မြေ၆၆ စတုရန်းမီတာရှိပါတယ်။ ကျန်မြို့ များရဲ့ ပျမ်းမျှနှုန်းဟာ ၃၉ စတုရန်း မီတာ ဖြစ်သည်။။ စင်ကာပူ မြို့ကိုလည်း အာရှ တိုက် အတွင်း သဘာဝ ပတ်ဝန်း ကျင် စိမ်းလန်း စိုပြည်ရေး ထိန်းသိမ်း မှု အကောင်း ဆုံး အစိမ်းရောင် မြို့တော် အဖြစ် သတ်မှတ် လိုက်ကြောင်း သိရ ပါသည်။
စီးပွားရေး နှင့် အစိမ်းရောင်နယ်မြေ
အမေရိကန်ဒေါ်လာကို အစိမ်းဟု မြန်မာနိုင်ငံမှာ အခေါ်များလေသည်။ ထို့ ကြောင့် တိုင်းပြည်စီးပွားရေးတွင် ထိုသို့ သော အစိမ်းရောင် အရင့်အဖျော့ ဆိုနိုင်သော ဒေါ်လာဈေးအတက်အကျက အတိုင်းအတာတစ်ခုအနေဖြင့်  ခြယ်လှယ်နေလေသည်။ အမေရိကန်ငွေကြေးများကို  (Green backs) ဟုခေါ်လေသည်။
နောက်တစ်ခုမှာ အစိမ်းရောင်နယ်မြေ (Greenfield) ဆိုလျှင် ဘာမှမလုပ်ရသေးသော နယ်မြေ အသစ် ဟုခေါ်ကြသည်။ သူနှင့်ဆန့် ကျင်ဘက်မှာ လုပ်ငန်းများလုပ်ကိုင်ပြီးသား အခြေချပြီးသား (Brownfield) အညိုရောင်နယ်မြေ ဖြစ်သည်။ ထိုစကားလုံးများမှာ ဆောက်လုပ်ရေးဝေါဟာရမှဆင်းသက်လာသော စကားလုံးများဖြစ်ပြီး စီးပွားရေးလုပ်ငန်းများတွင် ဘာမှမစရသေးသော လုပ်ငန်း၊ အဆောက်အုံအသစ် အနေအဖြစ်  ပြောဆိုသုံးစွဲလာကြသည်။
အင်္ဂလိပ်တွင်တော့ မီးပွိုင့်များတွင် မီးစိမ်းပြမှ သွားလို့ ရသလို လုပ်ငန်းများတွင်လည်း တစ်ခုခုကို စတင်လုပ်ကိုင်ခွင့်ပြုပြီဆိုလျှင် မီးစိမ်းပြပြီ (Green Light) ဟု တင်စားပြောဆိုကြသည်။
တီထွင်ဖန်တီးနိုင်စွမ်းသော အစိမ်းရောင် ဦးထုပ်နှင့် ဖိနပ်
“ဦးထုပ်ခြောက်လုံး” စဉ်းစားတွေးခေါ်နည်းဟာ (EDWARD DE BOND)ရဲ့နည်းဖြစ်ပြီး ကမ္ဘာပေါ်က ထင်ရှားကျော်ကြားတဲ့ ကုမ္ပဏီကြီးအတော်များများကို အကျိုးပြုခဲ့သလို အဲဒီစဉ်းစားတွေးခေါ်နည်းကို အခြေခံပြီး ဆောင်ရွက်လုပ်ကိုင်ခဲ့ကြလို့ အောင်မြင်မှုတွေရကြပါသည်။
ဦးထုပ်ခြောက်လုံးရှိသည့်ထဲတွင်ဦးထုပ်စိမ်းဆောင်းသူကတော့ ဘာမဆို အကောင်းဘက်ကရှုမြင်ဖို့ကြိုးစားသူ၊ အကြံကောင်း၊ ဉာဏ်ကောင်းနဲ့ တီထွင်ဆန်းသစ်နိုင်မယ့် အလားအလာကောင်းတွေကို ပေးဖို့ဝန်မလေးတဲ့သူပေါ့။
“ဦးထုပ်ခြောက်လုံး” နဲ့ “ဖိနပ်ခြောက်ရန်” ဟာ ကိုယ်လုပ်ကိုင်ဆောင်ရွက်မယ့် လုပ်ငန်းရဲ့ပကတိဖြစ်ရပ်များကိုအခြေခံပြီး အစစအံဝင်ခွင်ကျ ဆောင်ရွက်ကြဖို့ညွှန်ပြထားတဲ့ နည်းလမ်းများပဲဖြစ်ပါသည်။  ဒီအထဲမှာမှ အစိမ်းရောင် ဦးထုပ်နဲ့ ဖိနပ်ဟာ တစ်ခုအပါအ၀င်ပေါ့။
“ဦးထုပ်ခြောက်လုံး” စဉ်းစားတွေးခေါ်နည်းကို ဒီနေရာမှာ http://troths.multiply.com/journal/item/44/44တင်ထားပါသည်။
ကျွန်မနှင့် အစိမ်းရောင် ကဗျာများ
ကျွန်မကိုယ်တိုင် အစိမ်းရောင်ကိုခံစားမိပြီး ကဗျာနှစ်ပုဒ်ရေးခဲ့ဖူးပါသည်။
တစ်ပုဒ်က “သူငယ်ချင်း” တွေအတွက်ပါ။ ဒီနေရာလေးမှာ http://troths.multiply.com/journal/item/337/337 လေးမှာ အရင်က ရေးခဲ့တာပါ။
သူငယ်ချင်း
ဒီလိုနဲ့ ဖြတ်သန်းလာတဲ့  အတိတ်နေ့ ရက်တွေကြား
ရာသီတွေတောင် ပြောင်းကုန်ပြီ…..
ပတ်ဝန်းကျင်ကြောင့် မင်းငါ့ကို ခင်တဲ့အရာတွေ ပြောင်းလဲမှာလား?
သျှင့်အပေါ်ကို အဲလိုထင်တက် သွားသူတွေအတွက်
တို့ ရဲ့ ခင်မင်မှုဟာ..မပြောင်းလဲပါဘူး…..
မင့်းဟာ ဘယ်လိုပဲဖြစ်ဖြစ်…..
ငါ့နဲ့ မတူလို့ မခင်နိုင်တဲ့ သတ်မှတ်ချက်တွေဆိုတာက ရေစုန်မျောလို့ 
ခင်မင်သွားခဲ့တဲ့ ငါ့စိတ်ကို ဟောင်းနွမ်းသွားအောင်ကို လုပ်လို့ မရခဲ့ဘူး…..။
သူငယ်ချင်းတွေရေ……..ငါ့အတွက် မင်းတို့ ဟာ  အမြဲစိမ်းပါပဲ.………..
လေစိမ်းတွေတော့ မတိုက်ပါနဲ့ တော့ကွာ…….
သဘာဝတရားကို မြတ်နိုးလို့  စိမ်းလန်းနေတဲ့ သစ်ပင်သစ်တောတွေလိုပဲ
ငါတို့ ရဲ့ ခင်မင်မှုတွေ အမြဲစိမ်းပါရစေ.….
သူငယ်ချင်း
အတိတ်တွေသာ ကားလိပ်ချ
ဥတုတွေကလည်း ပုံပြောင်း
မဟောင်းနွမ်းသေးတဲ့ ငါ့စိတ်နဲ့ 
“မင့်း” ကို ခင်နေတယ်………………..။
(သူငယ်ချင်းအားလုံးအတွက်ပါ)
အဲသည့်တုန်းက နင့်ကို ခင်နေတုန်းဆိုတာကို ပိုပြီးဖိပြောချင်လို “မင့်း” လို့ သုံးလိုက်တာပါ။
နောက်တစ်ပုဒ်က သူငယ်ချင်းတစ်ယောက်ရိုက်ထားတဲ့ဓာတ်ပုံပေါ်တွင်ရေးထားပါသည်။
အစိမ်းရောင် ပုံရိပ်များ
အစိမ်းရောင်သီချင်း
အစိမ်းရောင်ကိုပိုပြီး ပေါ်လွင်စေရန် Westlife အဖွဲ့ ရဲ့ Evergreen သီချင်းလေးကို ကူးယူတင်ပေးလိုက်ပါသည်။
သီချင်းလေးကို Download လုပ်ချင်ရင် ဒီနေရာမှာယူပါ။
သူငယ်ချင်းတို့ ရေ…
အစိမ်းရောင်မှတ်စုတွေဖတ်ပြီး ခပ်စိမ်းစိမ်းတော့မနေပါနဲ့ နော်…အမြဲစိမ်းချင်စိမ်းလိုက်ပါကွယ်……….
ယောနိသောမနာသီကာရဖြင့်
လေးစားလျှက်
မြလေးသျှင်
စာညွှန်း   ။
၁။ ဦးလှဝင်း(လေသူရဲတစ်ဦး) – ကျွန်တော်ရတနာကုန်သည်
၃။ တက္ကသိုလ်ထင်ကြီး- ဖြူနီဝါပြာနှင့် အခြားအင်္ဂလိပ်ဝေါဟာရများ
၎။ http://www.yoyarlay.com/international-news/international-news/asia/4285-2011-03-16-04-21-15
၅။ http://troths.multiply.com/journal/item/44/44
၆။ http://www.acmv.org/forum/viewtopic.php?f=14&t=159
“ညငါးလုံး” ရှောင်ကာပုန်း
(၁) မညည်းနဲ့ 
ညည်းညူတာဟာ မကောင်းပါဘူး။ ကျွန်မတို့ ပတ်ဝန်းကျင်မှာ တစ်ယောက်ယောက်က စိတ်မချမ်းမြေ့ဖွယ်ပြောဆိုနေပြီဆိုရင်  “ခိုလိုမညည်းပါနဲ့ ဟယ်”ဟုပြောလေ့ရှိကြပါသည်။
ဘယ်လိုအခက်အခဲပဲတွေ့ တွေ့ ရဲရဲဝံ့ဝံ့ရင်ဆိုင်ပြီး ပြဿနာအခက်အခဲကို ဖြေရှင်းကျော်လွှားရမှာပါ။ ညည်းညူနေလို့  အကျိုးမရှိဘူး ဟု ဆိုလိုချင်တာပါ။ လုပ်စရာရှိတာ ဖြေရှင်းစရာရှိတာတွေကို ညည်းညူမနေတော့ဘဲ ပြတ်ပြတ်သားသား ဖြေရှင်းဖို့ ကို ဆိုလိုတဲ့ မညည်းနဲ့ ဆိုတဲ့ အဆုံးအမလေးပါ။
ထပ်တွေးကြည့်တော့လည်း ဟုတ်တော့ဟုတ်သား။ ညည်းညူနေတဲ့ လူဟာ တစုံတရာအပေါ်မှာ စိတ်ပျက်လက်ပျက်ရှိနေလို့ သာ ညည်းနေတာပဲလေ။ ဒီတော့ သူ့ စွမ်းအင်တွေဟာ အကျသဘောဘက်ဆောင်နေတော့ ဘယ်လာကောင်းတော့မှာလဲ။ ဒါကြောင့် စိတ်ပျက်ကာ ညည်းညူနေမယ့်အစား မညည်းညူဘဲ လုပ်စရာရှိတာ ဆက်လုပ်ဖို့ ပဲလိုပါတယ်။ ညည်းညူနေပြီး စိတ်ဓာတ်ကျသွားရင် ကိုယ့်မှာရှိတဲ့ (Energy) စွမ်းအင်တွေကုန်တာပဲ အဖတ်တင်ပါတယ်။
(၂) မညစ်နဲ့ 
ဒီစကားလေးကတော့ လူသားအချင်းချင်းစာနာထောက်ထားပြီး ရန်သူပင်ဖြစ်လင့်ကစား မညစ်ရဘူးလို့ ဆုံးမထားတဲ့ အဆုံးအမလေးပါ။ မည်သူ့ ကိုမဆို တမင်သက်သက် အနိုင်မကျင့်ရဘူး၊ မညစ်ပတ်ရဘူးလို့ 
လူကြီးတွေ အမြဲဆုံးမနေတဲ့ စကားလေးပါ။ ဘယ်သူ့ ကိုမှ မညစ်သင့်ဘူးလေ။ ညစ်ပတ်တယ်ဆိုမှတော့ ဘယ်လိုမှ မဖြူစင်တော့ဘူးလေ။
(၃) မညှစ်နဲ့ 
ဒီအဆင့်လေးက မညစ်နဲ့ ဆိုတာထက်ပိုပါတယ်။ သူများအပေါ်မညစ်ရဘူး ဆိုတဲ့ ဖြူစင်စိတ်ထား ထားဖို့ အပြင် နောက်ထပ် မညှစ်နဲ့ ဆိုတဲ့အဆင့်လေးကလည်း သတိချပ်စရာပါ။ ပတ်ဝန်းကျင်တွင် ကိုယ်ပြောရင်ရတယ်ဆိုပြီးမညှစ်နဲ့ ၊ ကိုယ်တောင်းရင် ရတာပဲ ဆိုပြီး မတရား  မညှစ်နဲ့  ၊ အလှူဒါနများပြုကြရာတွင်လည်း အတင်းကြီး အလှူခံရင် သဒ္ဓါလန်သွားတက်လေသည်။ ဒီအဆင့်လေးမှာ အရာရာအတွက် သတိထားကြည့်ရင် သဒ္ဓါလွန်မသွားစေဖို့ အတင်းကြီးအားတက်သရော မဖိညှစ်မိစေရန် ဆုံးမထားတဲ့ အဆုံးအမလေးပါ။ အတော်လေးကို အရေးကြီးပါတယ်။
(၄) မညာနဲ့ 
လိမ်တာညာတာမှာ မိမိကိုယ်တိုင်ရော သူတစ်ပါးကိုပါ မညာသင့်ပါ။ သူတစ်ပါးကို ညာချင်ညာလို့ ရမယ်၊ မိမိကိုယ်တိုင်ကတော့ သိနေတာမို့ လိမ်တာညာတာဟာ အစကတည်းက ပြစ်မှုမြောက်ပြီးသားပါ။
ဒီတော့ ပြစ်မှုကျပြီးသား တရားခံတစ်ယောက်ဟာ လောကအလယ်မှာ ရဲရဲဝံ့ဝံ့ ယုံကြည်ချက်အပြည့်နဲ့ လျှောက်လှမ်းနိုင်ပါမည်လော။ ယုံကြည်ချက်အပြည့်နဲ့ ကိုယ့်လိပ်ပြာကိုယ် သန့် စင်သောလူတစ်ယောက်ဖြစ်မြောက်ဖို့ အတွက် လိမ်ညာခြင်းကင်းရန်လိုအပ်လှပါသည်။ အရေးကြီးသည်မှာ ဘယ်သူ့ ကိုမှ  မညာဘဲနဲ့  မိမိယုံကြည်ချက်ဖြင့် လမ်းမှန်ကို လျှောက်လှမ်းနိုင်ဖို့ ပဲလေ။ ဒီတော့ ဘယ်သူ့ ကိုမှ မညာနဲ့ နော်။
(၅) မညှာနဲ့ 
ဒီ မညှာနဲ့  ဆိုတဲ့ စကားလေးဟာ ပြောလိုက်တာက လွယ်ပေမယ့် တကယ်တမ်းလက်တွေ့ မှာ ပင်ပန်းဆင်းရဲမှုတွေ ကြံ့ကြံ့ခံပြီး  မိမိကိုယ်ကို မညှာဘဲ တိုက်တွန်းထားတဲ့ အဆုံးအမလေးပါ။ ရေသာခိုအချောင်လိုက် လမ်းစဉ်ဖြစ်တဲ့ မိမိကိုယ်ကို ညှာတာသနားပြီး အနစ်နာမခံရင် ရှေရှည်အတွက် ဘယ်လိုမှ မသားနားနိုင်ပါ။ ကျွန်မဖတ်မှတ်ဖူးတဲ့ စကားဆောင်ပုဒ်လေးတစ်ခုရှိပါသည်။ “ငယ်စဉ်က မိမိကိုယ်ကိုမခိုင်းလျှင် ကြီးလာသောအခါ သူများက ကိုယ့်ကိုခိုင်းလိမ့်မည်” ဟု မှတ်သားရပါသည်။ နက်နက်တွေးရင် ရေးရေးသာမြင်ပါသော်လည်း ဒီစကားစုလေးကို အလွတ်ရနေမိသည်။  မိမိကိုယ်ကို သက်ညှာ၍ နောက်လိုက်ငယ်သားများကို ဦးစားမပေးလျှင်လည်း လေးစားအားကိုးရသော ခေါင်းဆောင်ကောင်းများ မပေါ်ထွန်းနိုင်ပေ။ တရားဘာဝနာများ အားထုတ်ရသော အချိန် ၌ပင် မိမိခန္ဓာကိုယ်ကို ညှာတာ၍ တရားရှာမည်ဆိုပါကလည်း တရားမရနိုင်သည်မှာ အထင်အရှားဖြစ်ပါသည်။
ညငါးလုံးအကျဉ်းချုပ်မှာ :
(၁) မညည်းနဲ့ 
(၂) မညစ်နဲ့ 
(၃)  မညှစ်နဲ့ 
(၄) မညာနဲ့ 
(၅) မညှာနဲ့ 
ကျွန်မတို့ မှာရှိတဲ့ ညအမှောင်ညများတွေလည်း ရှောင်ပုန်းသင့်ပြီမို့ .အလင်းရောင်များကိုလိုက်ရှာရင်း
ယောနိသောမနာသီကာရဖြင့်
လေးစားလျှက်
မြလေးသျှင်
လှမ်းချင် ကမ်းတင်နေသည့် အနာဂါတ်အမြင်
ကျွန်မအာရုံထဲတွင် လျှံထွက်နေသည့်အကြောင်းအရာ တစ်ခုရှိပါသည်။ အဲသည့်အကြောင်းမှာ အနာဂါတ်ဖြစ်ပါသည်။ အနာဂါတ်သည် လူတို့ အတွက် မတွေးချင်လို့ လည်း မရ၊ ကြိုတင်ဘွားကနဲပေါ်ပေါက်လာမည့် အရာလည်း မဟုတ်။ သို့ သော် အနာဂါတ်သည် ကြိုတင်ခန့် မှန်းခွင့်ရကြပြီး လူတွေ မျှော်လင့်တကြီးစောင့်စားတက်ကြသည်၊ ဒီလိုမဟုတ်ရင် စိုးရိမ်စရာတွေအတွက် တွေးပြီး ပူပင်တက်ကြသည်ပေါ့။
ခေတ်မှီသော ညဏ်အမျှော်အမြင်ရှိသော နိုင်ငံတိုင်း၊ လူမျိုးတိုင်း အနာဂါတ်ကို မျှော်လင့်တကြီး စီမံခန့် ခွဲတက်ကြလေသည်။ ထိုအထဲတွင်မှ မျှော်လင့်ချက်သည် ကိုယ့်အတွက်သာမဟုတ်ဘဲ ရေရှည် တိုင်းပြည်နဲ့ လူမျိုး အတွက် မျှော်ကြည့်တက်ကြလေသသည်။ အနောက်နိုင်ငံများတွင် အချိန်ကိုစီမံခန့် ခွဲမှုလုပ်ကာ နှစ်ပေါင်းရာချီကို ပြေးမြင်ပြီး ကြိုတင်စီမံချက်များ ချမှတ်ကြလေသည်။ ကျွန်မဖတ်ဖူးသော စီမံခန့် ခွဲမှုစာအုပ်တစ်အုပ်ထဲတွင် ဂျပန်ကုမ္ပဏီတစ်ခုရဲ့ အနာဂါတ်မျှော်မှန်းထားသည့် ကြိုတင်စီမံချက်ထဲမှာ နောင်နှစ်ပေါင်းရာချီ စီမံကိန်းအတွက် ပါဝင်ကြောင်း တွေ့ လိုက်ရပါသည်။ ရေတိုကို မကြည့်ပဲ ရေရှည်ကို သူတို့ ထည့်တွက်ကြည့်သည်မှာ သာမန်လူတစ်ယောက် သက်တမ်းထက်ပင်ကျော်လွန်နေပြီး သားစဉ်မြေးဆက် စီမံကိန်းထိတောင် ရောက်သွားပါသည်။ ထိုသို့  နှစ်ပေါင်းကြာရှည်စွာ အောင်မြင်အောင် ထိမ်းသိမ်း နိုင်ရန် ဘိုးသက်ရှည်ဂျပန်ကုမ္ပဏီများမှာ အနာဂါတ်ကောင်းကောင်းကို ဖန်တီးစီမံ၍ ကြိုတင်စီမံကိန်းများဖြင့် အနာဂါတ်အမြင်တည်ဆောက်ကြသည်မှ အတုယူအားကျဖွယ်ကောင်းလှပါသည်။
အနာဂါတ်အမြင်အကြောင်းတွေးနေရင်း  ကျွန်မတို့ ငယ်စဉ်က သင်ကြားခဲ့ရသော ပုံပြင်လေးတစ်ပုဒ်ကို သွားသတိရမိပါသည်။ ပုံပြင်ကို အားလုံးလည်း သိကြပါမည်။ အတိအကျမဟုတ်တောင် အဓိကအကြောင်းအရာတော့ မှတ်မိနေပါသည်။  အဘိုးအိုတစ်ယောက် အပင်စိုက်နေသည်ကို လမ်းတွင်တွေ့ သောလူက ထူးဆန်းပြီး မေးမြန်းသောအခန်းဖြစ်ပါသည်။ အဘိုးအိုမှာ သေဆုံးခါနီးအရွယ်ဖြစ်သည့်အတွက် အဘယ့်ကြောင့် အပင်ပန်းခံပြီး စိုက်ပျိုးနေရသနည်း ဟုမေးမြန်းချက်အပေါ်  နောင်လာနောင်သား ဖြစ်သည့် သားသမီးမြေးမြစ်များအတွက် စိုက်ပျိုးနေရပါသည် ဟု အဘိုးအိုဖြေကြားချက် အာဘော်မှာ ကျွန်မအခုထက်ထိ နှစ်သက်သဘောကျတုန်းဖြစ်ပါသည်။
အကယ်လို့ များ ဒီ  “၂၀၃၀ “ကဗျာပုံကို နားလည်လားမေးရင် “အင်း…” ဟု မအူမလည်တော့ဖြေဖြစ်မည် ဖြစ်ပြီး ရှင်းပြဟုဆိုလာခဲ့ရင် “ဟင့်အင်း” ဟု
အလောတကြီးဖြေကြည့်မည့် ကဗျာတစ်ပုဒ်ဖြစ်ပါသည်။ မယုံလျှင် ဖတ်ကြည့်ပါနော်..
ဒီကဗျာပုံ နမိတ်ဟာ ဘာကို ဆိုမလဲ? .. ဒီကဗျာထဲမှာ ဘာတွေပါလဲ? ဒီကဗျာရဲ့ အကြောင်းဟာ လူတစ်ဦးတစ်ယောက်အကြောင်းလား ၊ လူမှုရေးအကြောင်းလား တိုင်းပြည်တွေအကြောင်းလား စသည် စသည် စမ်းစစ်ကြည့်လျှင် ၀င်္ကပါပုံကဗျာကဲ့သို့ ပင် ရှုတ်ထွေးသွားပါသည်။ ဒါပေမယ့် ဒီကဗျာကို သဘောကျလားဆိုတော့ ကိုယ့်ကိုကိုယ်ဝန်ခံလိုက်ရပါသည်။ ဟုတ်ကဲ့..ဒါကြောင့်မို့ ဒီအနာဂါတ်အကြောင်း ရေးချင်စိတ် လုံးဝဖြစ်သွားပြီး ရေးချမိလို့ ပါပဲ။
အနာဂါတ်အကြောင်းတွေက ဘယ်နှစ် ဘယ်သက္ကရာဇ်ရောက်ရင်ကမ္ဘာပျက်မည်၊ ကမ္ဘာကြီးမှာ ဘာဖြစ်မည် စသော  2012 Movie တွေအစ ပေါ်ထွက်လာသည်။ ဗေဒင်တွေဟောကြ ၊ သက်ပြင်းတချချနဲ့  လူတွေတော့အငြင်းအခုန်ပြုကြသည်။  ကျွန်မကတော့ ဖြစ်လည်း တစ်ယောက်တည်းဖြစ်တာမှမဟုတ်တာ၊ အများနဲ့ ဖြစ်တာပဲ ဘယ်တက်နိုင်ပါ့မလဲ ဟုသာ ယူဆမိသည်။ ဒီလိုကျတော့လည်း ဖြစ်ချိန်တန်ဖြစ်၊ ပျက်ချိန်တန်ပျက် တရားသဘောသာ မှတ်ယူမိပါသည်။
ခုနှစ်သက္ကရာဇ်တွေအကြောင်းပြောရင် 2050 ရောက်ရင် ကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံတွေအလိုက် တန်းစီလိုက်ပါက ဂျီဒီပီ(GDP) အများဆုံး နံပါတ်တစ်နေရာကနေ ဗိုလ်ဆွဲမည်မှာ တရုတ်နိုင်ငံ ဖြစ်ကြောင်း ဖတ်ဖူးလိုက်ရသည်။  ခုနှစ်အလိုက် ကိန်းဂဏန်းတွေဖြင့် စနစ်တကျတွက်ချက်ထားသော ဒီအကြောင်းကို ပညာရှင်များက အနာဂါတ်ကို တွက်ချက်ရာ ကျွမ်းကျင်လှပါလား ဟု အံသြငေးမောနေမိသည်။ ကြာကြာအံသြချိန်မရတော့၊ တရုတ်နိုင်ငံက မြန်မာနိုင်ငံရဲ့ ဘေးချင်းကပ်၊ ဒါဆို ငါတို့ မြန်မာနိုင်ငံရော ဆိုပြီး…
ကျွန်မကိုယ်တိုင် ဆက်မတွက်တက်သဖြင့် ဒီနေရာတွင် အစဖော်ပြီးရပ်ထားလိုက်ပါသည်။
ကျွန်မနားထဲ ပလူပျံနေသော စကားများစွာလည်း ရှိပါသေးသည်။
“အနာဂါတ်နဲ့ တွေးမပူကြနဲ့  ၊ အခုလောလောဆယ် လုပ်စရာရှိတာကိုသာ ဆက်လုပ်”
အင်္ဂလိပ်လိုတော့ အမြဲလိုလိုကြားဖူးမြင်ဖူးတဲ့ စာသားက
“Yesterday is history, tomorrow is mystery, and today is a gift; that’s why they call it the present.”
အခုလက်ရှိအချိန်သာလျှင် အဖိုးတန်ဆုံးသော အချိန်ဟု ပြောနိုင်တဲ့ စကား၊
သမိုင်းသင်တာ မအအောင်လို့ ဆိုတဲ့ ဒေါက်တာသန်းထွန်းပြောခဲ့တဲ့စကား
အတိတ် သမိုင်းကို စာအုပ်ကြီးထဲမှာပဲ ချထားလို့ မရတဲ့ အမှားအမှန်ပေါင်းများစွာ ကိုယ်တိုင်ဆင်ခြင် သုံးသပ်ကာ ပြင်ဆင်တိုးတက်အောင် လုပ်နိုင်ပါမှ တော်ကာကျမယ့် ဘ၀မှာ
အခုလက်ရှိအချိန် ဒီနေ့ ဟာ လက်ဆောင်လေးပဲဆိုတာခံယူပြီး
အနာဂါတ်ကိုတော့ လှမ်းမျှော်ကြည့်ကြပါစို့ ။ လူဆိုတာ မျှော်လင့်ချက်နဲ့ အသက်ရှင်နေတာ မဟုတ်ပါလား။
အတိတ် ပစ္စုပ္ပန် အနာဂတ်  ဒီသုံးရပ်မှာ ၀ဲဂယက်လို ကျင်လည်နေဆဲ….သို့ သော်လည်း လှမ်းချင် ကမ်းတင်နေသည့် အနာဂါတ်အမြင်ဖြင့် ခံစားမိလိုက်ပါသည်။
ယောနိသော မနာသီကာရဖြင့်
လေးစားလျှက်
မြလေးသျှင်