japan football”လွန်ခဲ့သော နှစ်တစ်ရာတုန်းက မြန်မာက ဂျပန်ကို သင်ပေးဖူးသော ဘောလုံးနည်းစနစ် အကြောင်း”
japan football
ဒီနေ့ ကြေးမုံသတင်းစာ  ( 23/03/2014) နေ့ သတင်းစာထဲမှာ ဖတ်ရတဲ့သတင်းကတော့ တော်တော် စိတ်ဝင်စားဖို့ ကောင်းပါတယ်။
သတင်းတွေက အကြောင်းအရာမျိုးစုံတွေ ပေမယ့် ဘောလုံးနဲ့ ပက်သက်လို့ ဘောလုံးနဲ့ ဆိုင်တဲ့ သတင်းတစ်ခုပါလာတဲ့အတွက် ပြန်လည်မျှဝေပေးချင်လို့ ပါ။
ဖတ်ပြီး ၀မ်းသာရမလို ၀မ်းနည်းသလိုလို ဖြစ်သွားသည်။
မေးမြန်းသူက ဒေါက်တာ သာစိန် ဖြစ်ပါတယ်။သူက  ဆောင်းပါးရှင်ပါ။
ဂျပန် နိုင်ငံခြားရေးဝန်ကြီး ဖြေကြားပုံက တော်တော်လေးမှတ်သားစရာကောင်းလွန်းပါတယ်။
အဲသည်လို မေးမြန်းရာမှာ ဂျပန် နိုင်ငံခြားရေးဝန်ကြီး ဖူမီရို ကီရှီဒါ က ဖြေကြားထားပုံကတော့
” မြန်မာနိုင်ငံမှာ ဘောလုံးအားကစားကို အလွန် လူကြိုက်များတယ်လို့ ကြားသိရပါတယ်။
ဂျပန်နိုင်ငံဟာ ဒီနှစ် ဘရာဇီးနိုင်ငံမှာ ကျင်းပမယ့် World cup ပြိုင်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
ဂျပန်ဘောလုံးအသင်းဟာ ဘောလုံးအပေးအယူ ခပ်စိပ်စိပ် လုပ်တဲ့ ချိတ်ဆက် ကစားဟန်ဆိုပြီး ကျော်ကြားပါတယ်။
အမှန်တော့ ဒီကစားနည်း ကစားဟန်ဟာ လွန်ခဲ့တဲ့ နှစ် ၁၀၀လောက်က မြန်မာနိုင်ငံကနေ  ဂျပန်နိုင်ငံကို ပညာတော်သင် အဖြစ် လာရောက်ခဲ့တဲ့ ကိုကျော်ဒင်က အဲဒီ့အချိန်က  ဂျပန်လက်ရွေးစင် ဘောလုံးသမားတွေကို လေ့ကျင့်သင်ကြားပေးတာကနေ အစပြုခဲ့တယ်လို့ ဆိုကြပါတယ်။ ” တဲ့ ……
အဲဒီ့အကြောင်းအရာလေးတစ်ခုပဲ ဖတ်လိုက်ရရုံ ရှိသေး ခေါင်းထဲ SEA GAME တုန်းက  ဘောလုံးအကြောင်းတွေ ပြန်ပြီး သတိရမိသည်။
ကိုယ်တို့ မြန်မာက အိမ်ရှင်အသင်းလက်ခံကျင်းပခဲ့တဲ့ SEA GAME မှာတောင် မနိုင်ခဲ့။ အမျိုးသမီးဘောလုံးအသင်းကတော့ တကယ့်ကို အားကြိုးမာန်တက် ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် အမျိုးသားဘောလုံးအသင်းမှာ အတော်လေး
အရှက်ကွဲစရာတွေ အထိတောင် ဖြစ်ခဲ့သည်။
ပြီးခဲ့တာတွေ ပြန်မစချင်ပေမယ့်  ဂျပန် နိုင်ငံခြားရေးဝန်ကြီးက ကိုယ့်မြန်မာနိုင်ငံက သင်ပေးလိုက်တဲ့ မြန်မာလူမျိုးကို ကျေးဇူးတင်တဲ့အနေနဲ့ ပြန်ပြောသွားခဲ့ခြင်းအပေါ်
အော်…ကိုယ့်နိုင်ငံက လူမျိုးတွေက တစ်ချိန်က ဒီလိုတော်ကြပါလား အသိ ပြန်ရသွားပါတယ်။
ဂျပန်တွေ ပုတယ် ဆိုပြီး ဆယ်စုနှစ်တွေအကြာမှာပင် ပြောင်းသွားသည်။
ဂျပန် မှာ ဘွန်ဆိုင်း သစ်ပင်ပုလေးတွေလို့ နာမည်ကြီးသည်။
ဒီအပင်သဘောတရားက ကိုယ့်တို့ မြန်မာပြည် ရောက်လာသည်။
အသက်တွေသာကြီးပြီး ဖွံ့ ဖြိုးမှုအားနည်းကာ ဒီထက်တိုးပြီး ကြီးမလာသော သစ်ပင် ကို ဘွန်ဆိုင်း ဟု ခေါ်လျှင်
ဒီအပင်မျိုး ကိုယ်တို့ တွေ မဖြစ်ပါစေနဲ့ ဟုသာ…။
သူတို့ တွေက သူများနိုင်ငံ သူများလူမျိုးတွေဆီမှ ကောင်းတဲ့ အတက်တွေ ရသလောက် ယူကြပါလား ဟူသော အသိ ပြန်ဝင်လာသည်။
ပြီးတော့ ဒီနှစ် ဘရာဇီးနိုင်ငံမှာ ကျင်းပမယ့် World cup ပြိုင်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်မှာဆိုတော့ တော်တော်ကြီးကို အဆင့်ကွာနေပြီလို့ 
အကြမ်းဖျင်း သိလိုက်ရသည်။
ဂျပန်တင်ပဲလား မဟုတ် ဟိုးအရင် တစ်ခေတ်တစ်ခါက အရှေ့ တောင်အာရှမှာတောင် မြန်မာက ရှေ့ ရောက်ခဲ့တာတွေကို ဖတ်ဖူးတော့ အားပဲ တက်ရမလိုလို …
ခေတ်ကတော့ ပြောင်းကို ပြောင်းနေသည်။
ကိုယ့်ခေတ်မှာ မမှီတော့ မယုံချင်သလိုလို ဖတ်ရမှတ်ရဖူးသည်။
စင်္ကာပူအမျိုးသားခေါင်းဆောင်ကြီး  လီကွမ်ယူက တစ်ခေတ်တစ်ခါက စင်ကာပူကို မြန်မာနိုင်ငံကို အားကျပြီးလုပ်ဆောင်ခဲ့သည်ဆိုတာကလည်း ရှိသည် ဟု ဖတ်ဖူးခဲ့သည် ။
ခေတ်တွေ စနစ်တွေ နိုင်ငံရေး စီးပွားရေးတွေ ဒါတွေ ထပ်လေ့လာရင် အများကြီး အများကြီး ရှိသေးသည်။ ကိုယ့်တိုင်းပြည်က အတော့်ကို လိုသေးသည်။
သမိုင်းက တစ်ပါတ်ပြန်လည်သွားသည် ဟု ဆိုခဲ့ပါလျှင်တောင်
သူတို့ ချည်းပဲ လည်နေလို့ မပြီး
ကိုယ့်ဘက်က ပြန်လည်ဖို့ ပဲ ရှိတော့သည်။
မြလေးသျှင်
23/03/2014
အိုဘားမားကို ဘာလို့ နိုင်စေချင်လဲဆိုရင်
အိုဘားမားကို မြန်မာပြည်သူပြည်သားတွေက ဘာလို့ နိုင်စေချင်လဲဆိုရင်…
အချက်နှစ်ချက်ပဲ ရှိပါတယ်…
တစ်-
ပညတ်သဘောတရားအရ…
အို ဘားမား ဆိုတဲ့ နာမည်မှာ ဘားမားဆိုတဲ့ ကိုယ်တို့ မြန်မာပြည်ရဲ့ နာမည်ရင်း တစ်ခုပါနေလို့  အရင်းနီးဆုံး သူစိမ်းတစ်ယောက်အေ
နနဲ့  သိပ်ကို သဘောကျနေကြလို့ ပါ
နှစ်-
ပရမတ် သဘောတရား အရ…
အိုဘားမား က ပြီးခဲ့တဲ့သက်တမ်းမှာ လက်ရှိနိုင်ငံခြားရေးမူဝါဒတွေအနေနဲ့ ရင်းနီးပြီးသားအပြင် မြန်မာပြည်ကို လာလည်မယ်လို့ ပြောခဲ့ဖူးပါတယ်…
ဒါကြောင့်ပါ အိုဘားမားကို ကြိုဆိုမိတာပါ…
ထပ်မံအရွေးခံရလို့ တကယ် ၀မ်းမြောက်ဝမ်းသာ ဂုဏ်ယူပါတယ် Mr. Obama !
မြလေးသျှင်
{၇.၁၁.၂၀၁၂}
ပြည်ထောင်စုဖွား တိုင်းရင်းသားတွေ
ကျွန်မတို့ မြန်မာပြည်က တိုင်းရင်းသားလူမျိုးပေါင်းစုံတွေ ၊ မျိုးနွယ်စုတွေ အလွန်များလေသည်။
တိုင်းရင်းသားမျိုးနွယ်စုတွေ တစ်ရာကျော်လို့ မှတ်မိပြီး အတိအကျကိုတော့ မမှတ်မိတော့ ပါ။
ကိုဇော်က ၁၃၅ မျိုးရှိသည်ဟု ဖြည့်ပြီးပြောပြလေသည်။
ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင် ၊ ရှမ်း ဆိုတဲ့ အဓိက တိုင်းရင်းသားတွေကိုတော့
အလွတ်ရ မှတ်မိနေသေးပါသည်။
လက်ရာမြောက်တဲ့ တိုင်းရင်းသားပုံလေးတွေပါတဲ့ အမှတ်တရလက်ဆောင်လေးတွေဆိုရင် ကျွန်မ ၀ယ်သိမ်းထားမိပါသည်။
ဒီမြန်မာပြည်မြေပုံထဲမှ တိုင်းရင်းသားစုံတွဲရုပ်ပုံလေးတွေမှာ ချစ်စရာကောင်းလှသလို ပြည်ထောင်စုကြီးလည်း ချစ်စရာကောင်းစွာဖြင့် တည်တံ့နိုင်ပါစေ..
သတင်းစာထဲကလို ထည်ထည်ဝါ၀ါမရေးတက်လို့ အမှတ်တရ အနေဖြင့်သာ ရေးမိလိုက်ပါတော့သည်။
{၁၂၊ ၂၊ ၂၀၁၁} နေ့ မှာ ကျရောက်တဲ့ ဖေဖော်ဝါရီ ၁၂ ပြည်ထောင်စုနေ့ အတွက် အမှတ်တရ
မြလေးသျှင်
ပုံပြင်မဟုတ်တဲ့ သမိုင်း
ပုံပြင်မဟုတ်သော အဖြစ်အပျက်သမိုင်းတွေက ကျွန်မတို့ အပေါ်ဘယ်လောက်
လွှမ်းမိုးနေတာလဲကို ကျွန်မကိုယ့်ဘာသာ အဖြေရှာနေမိပါတယ်။
ကျွန်မ ကျောင်းသူဘ၀က သမိုင်းတွေသင်ခဲ့ရစဉ်က ကမ္ဘာ့ သမိုင်းနဲ့ မြန်မာ့သမိုင်းတွေ သင်ယူခဲ့ရပါတယ်။သမိုင်းဆိုင်ရာဖြစ်ရပ်တွေက အရမ်းစိတ်ဝင်စားဖို့ ကောင်းပေမယ့် တခါတလေ မှတ်ရတဲ့ခုနှစ်တွေကြောင့် စိတ်ရှုပ်ပြီး အလွတ်ကျက်ခဲ့ရတဲ့ ကျွန်မတို့သင်ကြားစနစ် ပုံစံတွေကြောင့် သမိုင်းဆိုတာကို ဖတ်ရမှာ ကျွန်မငြီးငွေ့ မိတက်ပါတယ်။
အယူအဆမတူမှုများကြောင့် ဖြစ်ပေါ်လာရသော ဘာသာရေးစစ်ပွဲများ၊ နိုင်ငံရေးစစ်ပွဲများကြား အကြောင်းအရာပေါင်းများစွာကို သမိုင်းက သက်သေခံနေပါတယ်။
ပြဠာန်းထားတဲ့ သမိုင်းစာအုပ်တွေထဲမှာ မသင်ရတဲ့ မှတ်သားဖို့ ကောင်းတဲ့ သမိုင်းတစ်ပုဒ်ကို ကျွန်မဖတ်လိုက်ရပါတယ်။
မတူတဲ့နိုင်ငံနှစ်နိုင်ငံကြား၊ ဘာသာမတူတဲ့သူတွေကြားမှာ ရှိတဲ့
လွန်ခဲ့သော နှစ်ပေါင်း ၅၀ ကျော်လောက်က ဖြစ်ပါသည်။ အိန္ဒိယနိုင်ငံ သြရိသပြည်နယ်မှ ပြည်နယ်ဝန်ကြီးချုပ် ဘီဂျူးပတ်နိတ်သည် ကလင်ကာလေကြောင်းမှ လေယာဉ်တစ်စီးနှင့် အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာသို့ ဦးတည်ပျံသန်းလျှက်ရှိသည်။ မအားလပ်သော အလုပ်တာဝန်များကြးမှ ဤခရီးကို မဖြစ်မနေလာခဲ့ခြင်းဖြစ်သည်။ မလာလို့ မဖြစ်။ သူ၏မိတ်ဆွေကြီး စူကာနိုက သူ့ ကို တခုတ်တရဖိတ်ထားသည်။ ထိုစဉ်က အင်ဒိုနီးရှား သမ္မတကြီး စူကာနိုမှာ သမီးဦးမွေးကာစ ၊ ဖခင်ဘ၀အစ ဖြစ်သည်။
စံအိမ်ထဲသို့ သူဝင်လိုက်သည်နှင့် စူကာနိုက သူ့ ကို ဆီးကြို ပြီး၊ ရင်းရင်းနှီးနှီး အကူအညီတောင်းတော့သည်။
ဟေ့လူ…….ကျုပ်သမီးကို နာမည်လှလှလေးရွေးပေးဗျ
ပုခတ်ထဲတွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေသော ကလေးငယ်ကို သူကြည့်လိုက်သည်။ ခရီးလမ်းတွင်ကြုံခဲ့ရသော တိမ်ဆုပ်တိမ်ဆိုင်တွေကို ဖျတ်ခနဲ အမှတ်ရသည်။ ဟုတ်ပြီ……”မမိုးတိမ်”ပေါ့။
မိုးတိမ် ဟု အဓိပ္ပာယ်ရသော သင်္သကရိုက်စကားလုံးကို ရွေးလိုက်သည်။
”မေဃ၀တီ…….ဘယ့်နှယ့်လဲ”
”ကောင်းတယ်ဗျို့ ၊ ကြိုက်တယ်”
သည်လိုနှင့် ကမ္ဘာတွင် မွတ်စလင်လူဦးရေ အများဆုံးနိုင်ငံမှ ခေါင်းဆောင်ကြီး၏ သမီးငယ်မှာ ဟိန္ဒူနာမည်ရသွားတော့သည်။ နောင်တွင် မေဃ၀တီ သည် အင်ဒိုနီးရှားသမ္မတကြီးဖြစ်လာသည်။
ဤဖြစ်ရပ်လေးအပေါ် အဗ္ဗဒူကလမ်က ဤသို့ မှတ်ချက်ချလိုက်သည်။
”ကြီးမြတ်သော ပုဂ္ဂိုလ်တို့ သည် ဘာသာရေးကို မိတ်ဆွေပြုရာ၌ အသုံးချ၏။
သေးသိမ်သောသူတို့ မူကား ဘာသာရေးကို ခိုက်ရန်ပွားစရာအဖြစ် ခံယူကြပေ၏ ”
ကျွန်မတို့ တတွေ ရော၊ ကိုယ့်သမိုင်း ကိုယ်ရေးကြမည်ဆိုလျှင် အယူအဆတွေမတူသည့်ကြား ကွဲလွဲချက်တွေအကြား ဘယ်ဟာယူမလဲဆိုလျှင်…………???
(ယောနိသော မနာသီကာရ)
လေးစားလျှက်
မြလေးသျှင်
ဘာလင်တံတိုင်းပြိုတဲ့ နှစ်နှစ်ဆယ်မြောက်နေ့ 
         ဒီနေ့ Google ၀င်ကြည့်တဲ့အချိန်မှာ Google searchအောက်မှာ
20th Anniversary of the Fall of the Berlin Wall ဆိုတဲ့ စာသားပေါ်နေတာ မြင်လို့ ဘာလင်တံတိုင်းပြိုတဲ့နေ့  နှစ်နှစ်ဆယ်မြောက်တဲ့အထိမ်းအမှတ်နေ့ အနေနဲ့ စာတွေရော၊ ဓာတ်ပုံတွေတင်ထားတာတွေ့ ရပါတယ်။
20th Anniversary of the Fall of the Berlin Wall
Search LIFE images
On November 9, 1989 the Berlin Wall – a physical and symbolic boundary between communist East Germany and democratic West Germany – began to come down, ending decades of separation and marking a turning point of the Cold War. Widely regarded as one of the most influential events of the 20th century, we felt it important to recognize this historic moment.
Below are some pictures of the Berlin Wall from the LIFE Photo Archive and Time LIFE Pictures.
          စာတွေကို စိတ်ဝင်စားလို့  ဖတ်ကြည့်တဲ့အခါမှာ –
၁၉၈၉ ခုနှစ်၊ နိုဝင်ဘာ ၉ ရက်နေ့ မှာ ကွန်မြူနစ်ဖြစ်တဲ့ အရှေ့ ဂျာမနီနဲ့  ဒီမိုကရက်တစ်ဖြစ်တဲ့ အနောက် ဂျာမနီ တို့ ကြားထဲမှာ ရှိတဲ့ ဘာလင်တံတိုင်းဆိုတဲ့ ရုပ်ပိုင်းနဲ့ သင်္ကေတ ဆိုင်ရာ အတားအဆီးတစ်ခု ပြိုကျသွားပါတော့တယ်။ ဆယ်စုနှစ်တွေကြာလာခဲ့တဲ့ (Cold War) စစ်အေးတိုက်ပွဲကိုပါ အပြီးသတ်စေခဲ့ပါတယ်။ နှစ်ဆယ်ရာစုအတွက် အလွှမ်းမိုးဆုံး ဖြစ်ရပ်တွေထဲက တစ်ခုဖြစ်တဲ့ ဘာလင်တံတိုင်းပြိုကျမှု ဖြစ်စဉ်တစ်ရပ်ဖြစ်တဲ့ သမိုင်းကိုတော့   သတိချပ်သင့်ပါတယ်။
          ကျွန်မ ဘာလင်တံတိုင်းအကြောင်း ဆက်သိချင်လို့ ဆရာကျော်ဝင်းရဲ့ အမျိုးသားစာပေဆုရ ကမ္ဘာပြားပြီ စာအုပ်ကို ပြန်ရှာဖွေကြည့်ပါတယ်။ အဲဒီစာအုပ် အခန်း(၂) က ကမ္ဘာကိုပြားစေတဲ့ ရိုက်ချက်တစ်ဆယ်ထဲမှာ – ပထမရိုက်ချက်ဖြစ်တဲ့ ၁၁/၉/၁၉၈၉ မှာ တံတိုင်းတွေ ပြို၊ ၀င်းဒိုးတွေ ပွင့် ခေါင်းစဉ်နဲ့ ရေးထားတာ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ သမိုင်းဖြစ်ရပ်တွေရေးထားတာ အများအပြားပါ။
ဒီထဲကမှ အိန္ဒိယလူမျိုး နိုဘယ်ဆုရဘောဂဗေဒပညာရှင် အမတရာဆင်းက
” ဘာလင်တံတိုင်းကြီးက၊
 လူတွေကို အရှေ့ ဘာလင်ထဲမှာ
ပိတ်ထားရုံသက်သက်၊ မဟုတ်ဘူးဗျ။
ကမ္ဘာကြည့် ကြည့်လို့ မရအောင်
တားဆီးထားသလိုလည်း ရှိတယ်။
တံတိုင်းကြီးက ကွယ်နေတော့
ကမ္ဘာကြည့် ကြည့်လို့ မရတော့ဘူးလေဗျာ။
ကမ္ဘာနဲ့ ချီ စဉ်းစားလို့ မရတော့ဘူးပေါ့”   ဟု ပြောခဲ့ပါတယ်။
           ဘာလင်တံတိုင်းနဲ့ ပတ်သက်သည့် သမိုင်း အဖြစ်အပျက်များသည် စာအုပ်များစွာထဲတွင် ချရေးသည်ထက် ပိုမိုများပြားပါသည်။ ဒါကြောင့် ကျွန်မကိုယ်တိုင် ထပ်သိချင်လို့ မောင်စူးစမ်းရေးတဲ့ လက်ဇပ်ကားနှင့် သံလွင်ပင် စာအုပ်မှ ထပ်မံရှာဖွေပြီး ကူးယူတင်ပြလိုက်ပါတယ်။
            ဘာလင်တံတိုင်းကြီး သို့ မဟုတ် သံကွန်ခြာ၊ သို့ မဟုတ် ………အရင်းအနှီး ကွပ်ကဲ ထိမ်းချုပ်မှု စသည့် တစ်ခုခုတို့ နှင့် ၀င်မဆောင့်မိဘဲ ခရီးရှည်ရှည်ဝေးဝေး နှင့် မြန်မြန် သွားလို့ မရပေ။ ဤခြံစည်းရိုး၊ ဤတံတိုင်းတို့ ၏ နောက်ကွယ်တွင် နိုင်ငံတို့ သည် မိမိတို့ ၏ သီးခြား ထူးခြားသော ဘ၀ပုံစံ၊ နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု တို့ ကို ကာကွယ်ထားရန် နှင့် သို ၀ှက်ထားရန် နေရာပေါင်း မြောက်မြားစွာ ရှိနေသည်။……………….။ အဖြူနဲ့ အမည်းကဲ့သို့ ပင် ပြတ်သားစွာ ခြားခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့ ကို ကာကွယ်ရန် တံတိုင်းနံရံတို့ အများကြီး ရှိနေသောကြောင့် ဖြစ်သည်။ ထိုးဖောက်ဖို့ ရာ မလွယ်ကူခဲ့ပေ။
             ဤမျှ အခြေအနေရှိသော တံတိုင်းနံရံတို့ ကို လေထဲလွင့်စဉ်သွားအောင် မှုတ်ထုတ်ပစ်လိုက်သော အကြောင်းတရားတို့ မှာ အခြေခံကျသော အပြောင်းအလဲကြီး သုံးရပ်ကြောင့်ဖြစ်သည်။ ယင်းမှာ-
(၁) ကျွန်တော်တို့ ချင်း ဘယ်လို ဆက်သွယ်ကြသလဲ
(၂) ဘယ်လို ရင်းနှီးမြှုပ်နှံကြသလဲ ဆိုသော အချက်တွင် အပြောင်းအလဲကြီး ဖြစ်သွားခြင်းနှင့်
(၃) ကမ္ဘာကြီးကို ဘယ်လိုနားလည်သလဲ ဆိုသော အချက်တွင် အပြောင်းအလဲ ဖြစ်သွားခြင်း တို့  ဖြစ်ကြသည်။
            နံရံတံတိုင်းတို့  ပြိုလေရာ ကမ္ဘာကြီးအား တစ်ခုတည်းသော၊ စုစည်းထားသော၊ ပွင့်ဟနေသော မြေပြန့် လွင်ပြင်ကြီး တစ်ခု အဖြစ်သို့  ဖြစ်လာစေတော့သည်။………..
             လမ်းဘေးရောက်သွားသော၊ တမင်တကာပင် မြေပြန့် လွင်ပြင်မှ ဝေးရာသို့ ရှောင်ပြီး သဘာဝမကျ လူလုပ်နံရံဖြင့် ကာရံထားသော၊ တောင်ကြားထဲ နေလိုသော အမြန် ကမ္ဘာကြီးသည် မြန်လွန်းသည်၊ ထိတ်လန့် စရာများသည်။ တစ်ပုံစံတည်းဖြစ်လွန်းသည်၊ တောင်းဆိုလွန်းသည် ဟု ယူဆပြီး ဝေးရာမှ နေလိုသော တိုင်းပြည်တို့ သည် အနှေးကမ္ဘာထဲ အကြုံးဝင်တော့မည်။
             စစ်စစ် သမိုင်းရေစီးသည် ရပ်တန့် နေသည်မဟုတ်ပါ။ အကယ်၍ ” ဘာမှမထူး” ဟု ယူဆလျှင် ရပ်တန့် နေသည်မှာ သမိုင်းမဖြစ်နိုင်။ မိမိကိုယ်တိုင်သာ ဖြစ်ပါလိမ့်မည်။
             ခေတ်ပြိုင် ဂလိုဘယ်လိုက်ဇေးရှင်းမှာ ပထမကမ္ဘာစစ်မတိုင်မီကာလ မဆိုနှင့် ဒုတိယကမ္ဘာစစ်အပြီး စစ်အေးခေတ်နှင့်ပင် မတူတော့ပါ။ စစ်အေးခေတ် ၏ သင်္ကေတ မှာ နံရံတံတိုင်း (Wall) ဖြစ်ခဲ့ပြီး ဂလိုဘယ်လိုက်ဇေးရှင်းခေတ်သင်္ကေတ မှာ ကမ္ဘာ့ ပင့်ကူအိမ် ဟု တင်စားတဲ့ (World Wide Web ) တွေ ဖြစ်လာပါတော့တယ်။
                ဘာပဲဖြစ်ဖြစ် နံရံတွေနဲ့ ကာဆီးထားတဲ့ တံတိုင်းတွေ ပြိုပြီးသည့်နောက်ပိုင်းမှာ ကျွန်မတို့ တွေ သတိထားရမယ့် သမိုင်းအဖြစ်အပျက်တွေက အတုယူစရာကောင်းပါ တယ်။
                ဒီနေ့ လို ဘာလင်တံတိုင်းပြိုတဲ့နေ့ နှစ်နှစ်ဆယ်ပတ်လည် အချိန်မျိုးမှာ ကျွန်မ စဉ်းစားမိတာ တစ်ခုဟာ- ကျွန်မတို့ တွေ ကမ္ဘာ့ ပင့်ကူအိမ် ဟု တင်စားတဲ့ (World Wide Web ) အင်တာနက်သုံးနေတဲ့ခေတ်မှာ ကာဆီးထားတဲ့ တံတိုင်းတွေ ခြားမိခဲ့သည်ရှိသော်၊ တံတိုင်းတွေလည်း ပြိုကျခဲ့ပြီး ဖြစ်လေတော့သည်။ အကြောင်းအရာပေါင်းများတိုက်ဆိုင်၍ တံတိုင်းတွေ ပြိုကျသွားခဲ့သော်လည်း ဆက်သွယ်လို့ ရအောင် ပေါင်းကူးပေးနိုင်မည့် တံတားတွေသည်သာ လောကကို အလှဆင်နေတော့မည် ဟု ယူဆပါသည်။
              Wall( တံတိုင်း) တွေအတွက် နံရံတွေ ပြိုကျအပြီးမှာတော့ PC (Window)  ပြတင်းပေါက်ကနေ ကမ္ဘာ့ ပင့်ကူအိမ် ဟု တင်စားတဲ့ (World Wide Web ) ပေါ် ငေးမောကြည့်နေမိပါတော့သည်။
(ယောနိသော မနာသီကာရ)
လေးစားလျှက်
မြလေးသျှင်
စာညွှန်း။      ။ ကျော်ဝင်း – ကမ္ဘာပြားပြီ (ပထမတွဲ)
                      ကျော်ဝင်း- စာအုပ်များနှင့် နှစ်ပေါင်းများစွာ
                      မောင်စူးစမ်း- လက်ဇပ်ကားနှင့် သံလွင်ပင်