“ကွမ်းစကား”
ငါ့အဖြစ်က
အသဲပုံနဲ့တူတဲ့ ကွမ်းရွက်လို
ဒါ့အပြင် ထုံးဖြူဖြူလေး သုတ်ပြီးတော့
ခွဲခံထိထားရတဲ့ ကွမ်းသီးစိတ်တွေနဲ့အတူ
မင်း စိတ်တိုင်းကျ ဝါးစားနိုင်တယ်
နောက်ဆုံး မင်းထွေးထုတ်လိုက်တဲ့အခါ
ငါ့ရဲ့ အနီရောင်သွေးတွေကို မြင်ရလိမ့်မယ် ။ ။
မြလေးသျှင်
၃၁.၈.၂၀၁၃
(“ဘလော့ဂ်ဒေး” Blog Dayအတွက် အမှတ်တရ အနေနဲ့ ရေးမိလိုက်ပါတယ်
မျက်လုံးပူစပ်လာလို့ ကွမ်းရွက်အုပ်ဖို့  ကွမ်းရွက်တွေကို ကြည့်မိရာမှ ရေးမိပါတယ် -:
ဆရာသုမောင်ရဲ့ ကွမ်းစကားနဲ့ သိပ်မဆိုင်ပေမယ့် ဒီနာမည်လေးပဲ ယူသုံးလိုက်မိပါတယ်…း)
“သံသရာ ခရီးသွား “
“သံသရာ ခရီးသွား ”
လူက အရင်လူပဲ…
စိတ်တွေက ပိုပြီး တည်ငြိမ်လာသလိုလို…
အသက်တွေလည်း တစ်နှစ်ပြီးတစ်နှစ်ကြီးလာပြီမို့ 
ခရီးတွေထွက်ဖြစ်ခဲ့ပြီး
ဘလော့တွေဘက်လည်း မလှည့်ဖြစ်
စာရေးစာဖတ်သိပ်နည်းခဲ့ပြီး
လက်တွေ့ ဘ၀ထဲ ကွင်းဆင်းသလိုလိုနဲ့ 
အားနာပါတယ်..
ကျေးဇူးတင်ပါတယ်..
အပြုံးအစစ်အမှန်နဲ့ သာ ပြုံးပြချင်ပါတယ်..
ဓာတ်ပုံရိုက်တိုင်းပြုံးပြနေရလို့ 
ကိုယ့်ဘာသာကိုယ် အတုအစစ် ခွဲခြားမရတဲ့ အဖြစ်
လူကြည့်တိုင်း လှနေဖို့ 
ပြုံးပြနေရတာကိုက
အတုအယောင်များလားလို့ 
ကိုယ့်ကိုကိုယ် တွေးမိရင်း
သံသရာတကွေ့ အမှားမတွေ့ ဖို့ ကို
ဘာပဲဖြစ်ဖြစ် ကြည့်ရှောင်နေရင်း
သံသရာခရီးသွားဆိုတာ
နားလိုက် သွားလိုက်
တစ်နေရာရာမှာတော့
မှတ်တိုင်တစ်ခုခုတော့ သတ်မှတ်ရအုံးမယ် မဟုတ်လား…
ကိုယ်တို့ ဘ၀တွေ ဆိုတာက
မရပ်မနား ခရီးသွားတွေမို့ 
လမ်းမှာဆုံတုန်း အစစ်အမှန်အပြုံးနဲ့  နှုတ်ဆက်ချင်ပါတယ်..
အားလုံးကို “မင်္ဂလာပါ”လို့  ။ ။
မြလေးသျှင်
3.2.2013
“အပ်ချည်ဘူး” သံပေါက်
ကျွန်မအင်္ကျီတစ်ထည်တွင် ကြယ်သီးပြုတ်နေ၍ အပ်ချည်ဘူးကို အမြန်ရှာလိုက်သောအခါ အပ်ချည်ဘူးမှာပလပ်စတစ်အပျော့စားဖြစ်လို့ ပေါက်ပြဲနေလေသည်။ အပ်ချည်ဘူးထဲတွင် ကြယ်သီးအပိုလေးများ၊ အပ်ချည်ကြိုးများ၊ အပ်အရွယ်အစားအတိုအရှည်များ၊ ချိတ်အပိုများ၊ ပေကြိုးနှင့် တစ်ခြားသော တိုလီမိုလီ ပစ္စည်းအသေးလေးများ တွေ့ ကရာစွတ်ထည့်ထားပါသည်။
စ္စည်း တွေ အဲသည့်လောက်ထည့်မှတော့ ဘူးကပေါက်ပြီပေါ့ တွေးမိပြီး အပ်ချည်ဘူးအသစ်ထည့်ရန်အတွက် နယ်မြေသစ်ရှာရပါသည်။ အိမ်ရှိဘူးအလွတ်လေးများကို လိုက်လို့ ရှာသောအခါ  …..တွေ့ ပါပြီ…အပ်ချည်ဘူးနယ်မြေသစ်
ဒီတစ်ခါဘူးခွံကတော့ ပလပ်စတစ်ဘူးတော့မဟုတ်ပေ၊ လက်ဖက်ခြောက်ထည့်ထားသော အဖုံးပါသော စက္ကူဘူးခွံထူထူတစ်ခုပင်။
ဘာပဲဖြစ်ဖြစ် အနီးစပ်ဆုံးလည်းဖြစ်၊ အမြန်ရှာလို့ လည်းတွေ့ ပြီးအဆင်ပြေသော သူ့ ကိုပင် အပ်ချည်ဘူးနယ်မြေသစ်အဖြစ် ခန့် အပ်လိုက်ရသည်။
အပ်ချည်ဘူးလေး နယ်စားရသောအခါ ကျွန်မတာဝန် မပြီးသေးပါ။ အပ်ချည်ဘူးတည်တံ့ခိုင်မြဲရေးအတွက် ကျွန်မတာဝန်ပြီးဆုံးသွားသည်မှာ မှန်သော်လည်း အိမ်ရှိအသုံးပြုမည့်သူများ အပ်ချည်ဘူးကို မသိမှာ စိုးပါသည်။ အပ်ချည်ဘူး “ကြော်ငြာစာတမ်း” ဖွင့်ရပေအုံးမည်။ လူနည်းသော ကျွန်မတို့ အိမ်လေးမှာ လိုက်လံပြီး သတိပေးရန် စကားပြောလိုက်ရင်ကို  ပြီးပါသည်။ သို့ သော် စာနှင့်ကဗျာပိုးက အငြိမ်မနေနိုင်သော ကျွန်မစိတ်က အပ်ချည်ဘူးပေါ်မှာ စာကပ်ပြီး ရေးဖို့ ဟန်ပြင်လိုက်ပါသည်။
အဲသည့်မှာတင် ဒီဇာတ်လမ်းစတင်ပါသည်။ စက္ကူရှာလိုက်သောအခါ ဘယ်လိုကပ်ရင်ကောင်းမလဲ ဆိုပြီး စဉ်းစားကြည့်လိုက်သောအခါ  မှတ်စုတိုများနှင့် ဘာညာသာတကာများ မှတ်ရန်ဝယ်ထားသော  ရှပ်အင်္ကျီပုံ အ၀ါရောင် (Sticky note)  လေးကို စာအုပ်ပုံကြားမှာတွေ့ လိုက်ရပါပြီ။
အပ်ချည်ဘူးနဲ့ အင်္ကျီပုံစံလေးက အလွန်လိုက်ဖတ်တာပဲ ဆိုပြီး စိတ်ကူးယဉ်မိလိုက်ပါသည်။
“မင်း..ဘယ်ပြေးမလဲ..မင်းတော့ ရာထူးတပ်ခံရတော့မယ်” ဆိုပြီး ပြေးယူလိုက်ပါသည်။
အဲသည့် ရှပ်အင်္ကျီပုံစက္ကူတစ်ခုကိုခွာပြီး  ကော်ဘူးယူကာ အပ်ချည်ဘူးအပေါ်မှာ ကပ်လိုက်ပါတော့တယ်။
နောက်ဆုံးအနေဖြင့် စာရေးရန်သာကျန်သောအခါ “အပ်ချည်ဘူး” ဟု ခပ်တည်တည် ရေးမည်ဟု စဉ်းစားကြည့်သောအခါ ကျွန်မနှမျောသလိုဖြစ်သွားသည်။ “အပ်ချည်ဘူး” ဟုခေါ်သော ဒီလိုစာသုံးလုံးထဲရေးဖို့ မထိုက်တန်သေးဘူး တွေးမိပြီး စိတ်ထဲမှပင် စီကျလာသော သံပေါက်ကဗျာလေးက အလိုလိုထွက်ကျသွားတာ့သည်။ စိတ်ထဲရှိရာ “အပ်ချည်ဘူး” သံပေါက်အဖြစ် ဆော့ပင်နှင့် လက်ရေးမလှမပ ရေးချလိုက်ပါတော့သည်။
“အပ်ချည်ဘူး”
အပ်နှင့်အပ်ချည်
ကြိုးနှင့်သီ
ခိုင်ပီ တစ်သက်လုံး ။     ။
မမြဲခြင်းတရားကို လက်ခံမိသော်လည်း နောက်ဆုံးကဗျာအဆုံးမှာ တစ်သက်လုံး ဆိုတဲ့ စကားလုံးဖြင့် အဆုံးသတ်ထားပါသည်။ တစ်စုံတစ်ခုကို မြဲမြံစေရန်
အပ်နှင့်အပ်ချည်အတွက် ချည်ပြီးမှတော့ ခိုင်ခိုင်မာမာဖြစ်စေချင်လိုသည့်စိတ်ဖြင့် တစ်သက်လုံး ဆိုသည့် စကားလုံးကိုပင် ယူသုံးထားလိုက်မိတော့သည်။
ယောနိသောမနာသီကာရဖြင့်
လေးစားလျှက်
မြလေးသျှင်
ပျော်ဝင်သီချင်း
ဟော…ဟိုမှာ တိမ်တွေပြုံးနေတာ မြင်လား မြင်လား..
ဟာ ..ဟိုမှာ တိမ်တွေမဲ့နေတာ မြင်လား မြင်လား…..
အစပြီးတဲ့ အဆုံးမှာ
တို့ တွေက လှပယို့ ယွင်းတိမ်တိုက်တစ်စင်းလို …..
မုန်တိုင်းထဲက လမင်းငယ်က
သူမရင့်ကျက်ပါလို့ အခါခါ ဆိုတဲ့တေး
ဘာပဲဖြစ်ဖြစ် ရာသီဥတုက ကိုယ့်ဘက်မှာ
ဒါတွေကို သီချင်းလုပ်လို့ ဆိုဦးမှာ…
စကားတွေက မပြေရင် စကားပြေ မဖြစ်နိုင်ဘူး….
ဒါကြောင့်  ကဗျာကနေ သီချင်း
သီချင်းထဲကပြောချင်တဲ့ တေးသွား
ဒီကီးတွေမှ မကိုက်ရင်တော့ မင်းတို့ သွားပါတော့
ကမ္ဘာကြီးဟာ လုံးတဲ့နေရာက လုံးပြီး
ပြားတဲ့နေရာက ပြားတာ
ကစားကွင်းမညီပါဘူးလို့ ပြောနေတဲ့ကြားက
မင်းဝင်ပြိုင်မှာ
ထောင့်ကန်ဘောမရရင်ရော
တရားတယ် မတရားပါတယ်လို့ ထပ်ငြင်းအုံးမလို့ လား
မရွာဘဲ ခြိမ်းတဲ့မိုးကို မုန်းရန်မလို
မပြောဘဲရှိတဲ့ အမှတ်တရတွေသာ သိမ်းထား ရန်လို
ဒီဝင်္ကပါတောမှာ ငါနေသရွေ့ 
မပီသတဲ့ မြစ်တစ်စင်း
ရာဝတီ
ချစ်ခြင်းတွေနဲ့ တို့ နေထိုင်ဖို့ 
မင်းဆိုပေးရန်
သီချင်းတစ်ပုဒ်လိုတယ်။      ။
မြလေးသျှင်
၂၈/ ၈ /၂၀၁၁
ဒီနယ်မှာ ရေကြီးတဲ့အခါ
တစ်ခါတစ်ရံ ရေကြီးတက်ပါတယ်
စိုးရိမ်ချိန်မှတ် မရောက်သေးခင်
“ရေကြီးတဲ့အခါ  လှေစီးသင့်ပါသလား’
ဆိုင်ဆိုင် မဆိုင်ဆိုင် မေးခွန်းတွေနဲ့ 
ကိုယ်က ဒီမြို့ လေးမှာ နေထိုင်တဲ့သူ မဟုတ်လား
အေးစက်နေတဲ့ ခြေထောက်တွေမှာ ရေတွေရွှဲရွှဲစိုလို့ 
လက်ဖ၀ါးက ဖြန့် ထားဖို့ ပင်္စည်းတွေနဲ့ မအား
ဝန်ပါတဲ့ ကျောပိုးအိတ်ကို  တိတ်တဆိတ်လွယ်ရင်း
ခြေလှမ်းတွေ မြဲမြန်အောင် ကြိုးစားနေတဲ့သူပါ..
မိုးတွေက တဖြိုင်ဖြိုင် ဟောသည့် စိတ်ကယိုင်
အကြောင်းမဲ့ကွာ မရွာပါနဲ့ 
မတားရက်ပါ ထားသက်လျာကို
မိုး …အငြိုးမကြီးပါနဲ့ လားကွယ်
ကိုယ့်မှာ မ၀ံ့မရဲ ရင်ထဲမချိ
စိတ်မှာမြင်တိုင်း စိတ်ထဲထင့်ကာ
လွမ်းကမ္တာ ခြားအောင်
ဘယ် မိုးတွေက စွေနေလဲ ။   ။
မြလေးသျှင်
ပဲ့ထင်သံ မေးခွန်းများ
နောင်နှစ်မှာ ဘောင်မဖြစ်အောင် မေး…မေး…မေး
တွေးစရာရှိတာ တွေး…တွေး…တွေး
ရေးစရာရှိတာ ရေး…ရေး…ရေး
အိမ်နီးချင်းတွေကို ငေး…ငေး…ငေး
ကျွန်တော်တို့ လူသားက သေး…သေး…သေး
လကမ္ဘာသို့ ကို အံတုမယ်လို့ ပြေး…ပြေး…ပြေး
ဆိုက်ကားယာဉ် ဘိုးတော်ယာဉ်က နှေး…နှေး…နှေး
စိတ်ကူးယဉ် ကျွန်တော့်ရင်ဘတ်တွေ လေး…လေး…လေး
အကြံလေးတွေ ပေး…ပေး…ပေး။ ။
မြလေးသျှင်
ငြိမ်းချမ်းသော စွမ်းအင်ကမ္ဘာသို့ 
စာသားတစ်ခုနဲ့ တစ်ခု အကွာအဝေးဟာ
လကမ္ဘာ လိုလည်း မဝေးကွာ
သတိထားကြည့်စမ်းပါ။
ထင်ရှားတဲ့ အလေးချိန်တစ်ခုတော့ တင်ကြည့်စမ်းပါ
ဗဟိုဟန်ချက် ကင်းမဲ့စွာ ကမ္ဘာ ကြီးတစ်ခုလုံး
တိမ်းစောင်းသွားနိုင်တယ်။
တံတိုင်းတွေကိုကာရံပြီး တံတားတွေဖောက်ခဲ့ကြ
လမ်းခင်းကျောက်ဟာ မြေမှာမှောက်ပြီး ရောက်နေတာတောင်
သူ့ လက်အောက်ဆိုပြီး သိမ်ငယ်ဖူးသလား။
ဒါဟာ အမှန်တရားတွေပဲပေါ့လို့ ဆိုသူကဆို
နာမည်ကြီး အီကွေးရှင်း
အီး အီးကွဲတူ အမ်စီဆကွဲ
မလုပ်ပါနဲ့ မလုပ်ပါနဲ့ …
မကောင်းတဲ့ဗုံးတွေနေရာတကာ မကွဲပါစေနဲ့ 
အယူဝါဒ တိမ်းစောင်းမှုတွေကြားမှာ
ကိုယ်တို့ ကမ္ဘာမြေပျက်မှာစိုးတယ်။
အိုင်းစတိုင်းရယ်…ကိုယ်တို့ ကမ္ဘာမြေအတွက်
သန့် စင်မြင့်မြတ်တဲ့ အီကွေးရှင်းလေး ချီးမြှင့်တော်မူပါ။
စွမ်းအင်ညီမျှခြင်း ဒြပ်ထုနဲ့ ကိန်းသေတန်ဖိုးနှစ်ထပ်ကွမ်းတွေကလည်း အများကြီး အများကြီးပဲလေ..
စွမ်းအင် ဆိုတာ သက်ရှိတွေရဲ့ ညဏ်အားလုပ်အားတွေပါ
ဒီကမ္ဘာမြေထဲမှာ အမ်လို့ ခေါ်တဲ့ ဒြပ်ထုတစ်ခုကြီးဟာ အသေအချာတည်ရှိနေတာပေါ့
ကိန်းသေတန်ဖိုးတွေကတော့ သူ့ နောက်မှာ ရောက်မယ်
ကိန်းရှင်တန်ဖိုးတွေကလည်း တို့ အရှေ့ မှာရှိမယ်ဆို…
ငြိမ်းချမ်းသော စွမ်းအင်ကမ္ဘာသို့ တို့ သွားနိုင်ပါရစေတော့။ ။
မြလေးသျှင်
ဒီလောကီ
ဘဝ
မသင်ရသေးတဲ့ စာတွေထဲမှာ
“ငါ”ဆိုတာ ပါတယ်။
အတ္တတံခါးဝ
တွန်းဖွင့်လိုက် သော့ခတ်လိုက်
လှုပ်ရှားလိုက်နဲ့ 
အပိတ်အဖွင့်
ဆန့် ကျင်ဘက်များကြားမှာ
အိမ်လေးတစ်လုံးတည်ဆောက်ပြီး
လျှောက်သွားနေချင်ပုံများ
ကိုယ့်ကိုကိုယ်ပဲ ဖမ်းဖို့ ခက်တယ်။    ။
မြလေးသျှင်
ပန်းသီးတစ်လုံးအတွက် ရင်ခုန်သံ
သူဟာ မှော်စွမ်းအင်တွေလို ဖန်တီးနိုင်စွမ်းရှိသူ
ကျွန်မအပေါ် လုံးဝ စိုးမိုးသွားတယ်။
သူဟာ ကျွန်မကို မြင်ကွင်းထဲကနေ မပျောက်စေချင်လို့ 
သူနဲ့ အတူ ပုံရိပ်တွေ မှတ်တမ်းတင်ထားချင်တယ်။
သူ့ ကို ကျွန်မလက်ချောင်းလေးတွေနဲ့ တို့ ထိလိုက်ရုံနဲ့ 
စိတ်ကူးထားတဲ့ ကမ္ဘာငယ်လေးဆီ
အရောက်သွားမိသလို
သူ့ ကို သွားလေရာ ခေါ်သွားချင်တယ်။
စာအုပ်တွေ အများကြီးဖတ်ချင်တယ်။
သူ့ ပုံရိပ်ဟာ စိတ်ထဲအမြဲဖြစ်နေလို့ 
တကယ်တမ်းတော့ ကျွန်မဟာ ဖြူစင်တဲ့ ပန်းသီးတစ်လုံးကိုမှ ရင်ခုန်မိသူ။
သူ့ ကို ပိုင်ဆိုင်ခွင့်က ကျွန်မအုပ်ထိမ်းသူလက်ထဲမှာဆိုရင်
ဖေဖေရေ…သဘောတူပေးပါ
သမီးချစ်သူနဲ့ တူတဲ့ ပန်းသီး iPad တစ်လုံးကို အမြန်ဝယ်ပေးပါနော် ။     ။
မြလေးသျှင်
မာယာမဲ့ ကောင်းကင်
မိုးပေါ် မော့ကြည့်တဲ့အခါ
တိမ်တိုက်ကောင်းကင်တွေသိပ်များပါတယ်..
လေတံခွန်လိုပျံဝဲဖို့ အမြင့်ပျံတက်နေတဲ့စွန်တွေ
မှန်စာတိုက်ထားတဲ့ ကြိုးတွေနဲ့ 
တအားပျံတက်ကြတယ်။
ရစ်ဘီးလုံးကို  အဝေးကနေ နိုင်နိုင်ကိုင်ထားရုံနဲ့ 
ဒီစွန်ဟာ အမြင့်ကြီးပျံဝဲနေတာ မဟုတ်ဘူးလေ
ဒီကြိုးတွေဟာ
ပျက်ချင်လည်း ပျက်
ဆက်ချင်လည်း ဆက်…. ။
ကိုယ်ကတော့
လွတ်လပ်တဲ့ငှက်ငယ်ကိုပဲ သဘောကျတယ်
လေကို၀၀ရှု
အသက်ဆိုတာ ကံကြမ္မာချည်းပဲ မဟုတ်ဘူးလေ
ညဏ်ဆိုတာ ကောင်းဖို့ ထက် ဆင်ခြင်သုံးသပ်ဖို့ က
ပိုလှတယ်မဟုတ်လား။
လုံ့ လဆိုတာ လလုံးမဟုတ်တာကြောင့်
မနက်လင်းကတည်းက ကြိုးစားပြီး
ညဥ့်မနက်ခင် အိမ်အရောက်ပြန်ကြတယ်လေ
ဒါကို ဒီကောင်းကင်ကြီးသာ အသိဆုံးမဟုတ်လား။       ။
၃၀/ ၁ /၂၀၁၁
မြလေးသျှင်