နေ၀င်ခြင်း

လှေငယ်တစ်စင်း၊ မြစ်မင်းဧရာ
လှိုင်းဖွေးဖွေးကြား၊ ခြေရာများအား
ထားရစ်ခဲ့ငြား၊ သွားနှင့်လေသူ
ငွေသောင်ယံက သိပါသည်။ ။
မြလေးသျှင်
နေ၀င်ခြင်း

လှေငယ်တစ်စင်း၊ မြစ်မင်းဧရာ
လှိုင်းဖွေးဖွေးကြား၊ ခြေရာများအား
ထားရစ်ခဲ့ငြား၊ သွားနှင့်လေသူ
ငွေသောင်ယံက သိပါသည်။ ။
မြလေးသျှင်
ဘာလိုလိုနဲ့  2012 နှစ်သစ်ဆီသို့ ရောက်လင့်တော့သည်…
ကျွန်မတို့ တွေသည် ဘ၀ခရီးသွားများဖြစ်ကြသည်။ ခရီးတွေကို ဖြတ်သန်းရင်း ကျွန်မတို့ အသက်တွေလည်းကြီးလာကြပြီ..
နှစ်တွေသာ ကြီးလာပေမယ့် အရွယ်မဖွံ့ ဖြိုးသေးသော ဘွန်ဆိုင်းအပင်ပုလေးများကိုမြင်တိုင်း
ကိုယ်တို့ တွေများလို များဖြစ်နေမလားဟု အခါခါ သုံးသပ်ရသည်။
၂၀၁၁ ခုနှစ်မှာ အရေးကြီးသော အကြောင်းအရာအဖြစ်အပျက်များကတော့ ရေးလို့ မကုန်နိုင်အောင်ပင်၊
ပြီးခဲ့သည့် နိုဝင်ဘာ ၂၀၁၁ လောက်က ဘွန်ဆိုင်းပန်းပင်ပုလေးများအနုပညာပြပွဲကို သွားကြည့်ဖြစ်ခဲ့သည်။

ဘွန်ဆိုင်းအပင်တွေသည် ငယ်သည်၊ သေးသည် ၊ သို့ သော် အပင်များကို ဒီလိုဖြစ်အောင် ဂရုတစိုက်နှစ်ရှည်လများစွာ ပြုစုပျိုးထောင်ခဲ့သော အနုပညာစွမ်းအားကတော့ မသေးပါလား ဟု သုံးသပ်မိပါသည်။
နှစ်သစ်ကို ကြိုဆိုသော ပုံလေးတွေ၊ စာလေးတွေကို သူငယ်ချင်းများက ရေးကြ၊ ပေးပို့ ကြသည်။
ကျွန်မအနေနဲ့ တော့ ဒီဇင်ဘာလကုန်ခါနီးသွားမိသော ပုသိမ်ငွေဆောင်ဘက်သွားတဲ့ ခရီးသွားခဲ့ရာ တွေးမိသောအတွေးများဖြင့် ကြိုဆိုကြည့်ဖို့ စိတ်ကူးမိသည်။

ပုသိမ် ညောင်တုန်းဘက်အသွားမှာ တွေ့ ခဲ့ရတဲ့ ဆိုင်းဘုတ်လေးကတော့ ကျွန်မနှလုံးသားကို ပိုပြီး ဆူညံစေပါတယ်။ နှလုံးသားဆိုသည်မှာ ရင်ခုန်စရာကောင်းသည့်အကြောင်းအရာမှ မဟုတ်ပါဘူး၊ ကိုယ့်တိုင်းပြည်၊ ကိုယ့်ရာသီဥတု၊ ကိုယ့်ပတ်ဝန်းကျင်နှင့် သက်ဆိုင်လာသောအခါ ရင်ထဲ နှလုံးသားထဲ ဦးနှောက်ထဲ ဒိုင်းကနဲ အသံကြားလာလျှင် ဒါဟာ ကျွန်မတိုက်ရိုက်ခံစားမိတဲ့ မြည်ဟိန်းသံများဖြစ်လာပါတော့တယ်။
အဲသည့်ဆိုင်းဘုတ်မှာ အရင်ဆုံးဖတ်မိရသည်မှာ ဆင်းရဲ၍ ဟူသော စာသားပင်ဖြစ်သည်။
စာသားမှာ ဖတ်ကြည့်လျှင် စိတ်ဝင်စားဖို့ ကောင်းသည့်အပြင် ဆက်တွေးစရာတွေလည်းအများကြီးဖြစ်သည်။ ဆင်းရဲတာကို ဘယ်လိုလူသားမှ မကြိုက်၊ အနေဆင်းရဲ ၊ အသွားဆင်းရဲ ၊ ရောဂါမျိုးစုံချမ်းသာသော လူ့ ငရဲဟု ခေါ်လောက်သည့် ဆင်းရဲမှုသံသရာကို ဆင်းရဲသားများက ခံစားနေရသည်မဟုတ်ပါလား။
ကျွန်မ ပုသိမ်ဘက်အသွားတွင် လမ်းဘေး ကျောက်ခဲထုနေသည့် ငယ်ရွယ်သည့်အလုပ်သမားမိန်းကလေးများ၊ယောင်္ကျားလေးများကို ကားပေါ်မှ မြင်တွေ့ ခဲ့ရသည်။ ဒီလောက်ကြမ်းတမ်းသည့် ကျောက်ခဲများကို ထောင်မကျပါဘဲနှင့် ဘယ်သူက ထုချင်ပါ့မလဲ…ဆင်းရဲလို့ သာ ထုနေရသည်မဟုတ်လား..
အနင်းခံဘဝ
လမ်းဖြစ်သွားသည် မဟုတ်လား
ကျောက်တုံး ကျောက်ခဲများ။ ။
ဟု ဟိုက်ကူကဗျာတိုတိုလေးတစ်ပုဒ် စိတ်ထဲက ရေးခဲ့မိသည်။
ဆိုင်းဘုတ်ထဲမှာစာသားကို ပြန်ပြီးကောက်လျှင် အလှူဒါန ဟူသော စာသားလေးကို ထင်ထင်ရှားရှားတွေ့ မိသည်။ ကျွန်မအနေနှင့် အလှူဒါနတွေကို စိတ်ဝင်စားမိသော်လည်း ကိုယ်စိတ်မ၀င်စားသော အလှူဒါနမျိုးကိုမူ လက်တွန့် တာမျိုးတွေရှိသည်။ ကျွန်မတို့ 
မြန်မာလူမျိုးများ အလှူဒါနပြုရာ တစ်ချို့ နေရာတွေတွင် လိုအပ်ချက်များ၊ အားနည်းချက်များရှိသည်ကို
အမျိုးသားပညာဝန်ဦးဖိုးကျားက ဝတ္ထုတိုတစ်ပုဒ်ဖြင့် ထောက်ပြဖူးပါသည်။
ထိုဝတ္ထုတိုထဲမှာ ကျိုက်ထီးရိုးသွားရာတွင် မလိုအပ်သော အလှူများနှင့် လိုအပ်ပြီး ဆင်းရဲသော မိသားစုလိုအပ်ချက်ကို ထောက်ပံ့ပေးခဲ့သော လူတစ်ယောက်နှင့် အလှူဒါနလှူဒါန်းပုံခြင်းမတူသော သူငယ်ချင်းနှစ်ယောက်အကြောင်းကိုနှိုင်းယှဉ် ရေးသားခဲ့လို့ ကျွန်မသတိရနေမိခြင်းဖြစ်သည်။
လူတွေပြောနေကြသည်မှာလည်း “မရှိလို့ မလှူ၊ မလှူလို့ မရှိ” ဆိုတဲ့ စာသားလေးလိုပင်။ ဆင်းရဲမှုသံသရာက ရုန်းမထွက်နိုင်သူတွေက ဒုနဲ့ ဒေးပင်။
မည်သို့ ပင်ဖြစ်စေ ” ရေဘူးမပါရင် နွေအခါမှသိ ၊ ဒါန သီလ မပါလျှင် သေအခါမှသိ ” ဟူသော စာသားလေးကို ကျွန်မမှတ်မိနေတော့သည်။
ဆိုင်းဘုတ်ပါ “သစ်ပင်စိုက်ခြင်း” ဟူသော စာသားသည် လုံးဝကန့် ကွက်စရာမရှိသော အကြောင်းအရာဖြစ်သည်။
” တစ်ရက်ပျော်ချင် အရက်သောက်၊
တစ်နှစ်ပျော်ချင် မိန်းမယူ၊
တစ်သက်လုံး ပျော်ချင်ရင် သစ်ပင်စိုက်ပါ။” ပါ ဟူသော စာသားလေးကလည်း သစ်ပင်စိုက်ဖို့ တွန်းအားပေးနေပြန်သည်။
ကျွန်မတို့ နေထိုင်ရာ ရန်ကုန်မှာတော့ တိုက်ခန်းတွေချည်းမို့ သစ်ပင်တွေကို ပန်းအိုးလေးနဲ့ သာစိုက်လို့ ရသည်။
သစ်တောနဲ့ သစ်ပင်၊ ချစ်ခင်တဲ့ လူမျိုး၊
“သစ်ပင်ကို နှစ်စဉ်စိုက်၊ ရွှေတိုက်ကို စိုး။
သစ်ပင်စိုက်ပါ တို့ကမ္ဘာ၊ သာယာလှပ စိမ်းမြမြ။
ဥတုရာသီ တောကိုမှီ၏ ။
သက်ရှိလောက တည်မြဲဖို့၊ သဘာဝတွေ ထိမ်းကြစို့။” အစရှိသော သစ်ပင်တွေကာကွယ်စောင့်ရှောက်ဖို့ သစ်ပင်တွေကိုချစ်မြတ်နိုးဖို့ စာသားတွေကလည်း နှိုးဆော်နေကြပြန်သည်။
သဘာဝပတ်ဝန်းကျင်ကို ထိမ်းသိမ်းဖို့ သစ်ပင်ပန်းမန်တွေကလည်း အရေးပါသည် မဟုတ်ပါလား။။
နောက်ဆုံး “ကုသိုလ်ယူပါ” စာသားလေးကို ကျွန်မဆက်တွေးမိသည်ကများပါသည်။
ပုသိမ်ဘက်သွားတဲ့ ပန်းတနော်မြို့ နယ်အ၀င်ဘက်မှာလည်း ဦးသန့် စာကြည့်တိုက်ကြီးတစ်ခုကို ခမ်းနားထည်ဝါစွာ တွေ့ လိုက်ရသည်။ ဦးသန့် ရုပ်ပုံကားချပ်ကြီးကို ကားပေါ်ကနေ ဖြတ်သွားနေတုန်းမို့ မမှီလိုက်လို့ ဓာတ်ပုံမရိုက်ဖြစ်ခဲ့ပါ။ စာကြည့်တိုက်တွေကို လှလှပပ ဂုဏ်ယူစွာတည်ဆောက်ထားတဲ့ ပန်းတနော်မြို့ ကိုလည်း အားကျမိသည်။ ရန်ကုန်မှာ ဘယ်စာကြည့်တိုက်ဝင်လို့ ဝင်ရမှန်းမသိဘဲ စာအုပ်ဆိုင်တွေသာများနေလို့ ဖြစ်သည်။
သစ်ပင်စိုက်ပြီး ကုသိုလ်ယူနိုင်သည်၊ စာကြည့်တိုက်များဆောက်၍လည်း ကုသိုလ်ယူနိုင်သည်၊ တံတားများဆောက်လုပ်၍လည်း ကုသိုလ်ယူနိုင်သည်။ စီးပွားရှာရာတွင်လည်းကုသိုလ်တွေကို မှန်ကန်သောနည်းလမ်းမျိုးစုံဖြင့် ယူလို့ ရသည်။ Corporate Social Responsibility (CSR) လို့ လည်းပြောကြဆိုကြသည်။
သစ်တောဦးစီးက ပြောချင်သော ဆိုင်းဘုတ်ကို အတွေးပွားလို့ ပြီးသော်လည်း ကျွန်မ ဆက်ပြောချင်သော အကြောင်းအရာများက ရှိနေသေးသည်။
ဒီနေ့ Voice ဂျာနယ်မှ ဖတ်ရသော သတင်းတစ်ပုဒ်တွင် CNN က ထုတ်ပြန်တဲ့သတင်းမှာ သွားလာလည်ပတ်ရန်အကောင်းဆုံး ကမ္ဘာ့ နံပါတ် (၃) နေရာအဖြစ် မြန်မာနိုင်ငံကို CNN ဖော်ပြကြောင်း ဖတ်လိုက်ရသည်။ အခုတလော ရန်ကုန်မြို့ ထဲတွင်လည်း ကမ္ဘာလှည့်ခရီးသွားများကို အတော်များများတွေ့ နေရသည်။
ငွေဆောင်ဘက်အသွားတွင်လည်း အပန်းဖြေခရီးထွက်လာသော ကမ္ဘာလှည့်ခရီးသည်များစွာကို တွေ့ ရပါသည်။
ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းကလည်း Lonely Planet ခရီးသွားလမ်းညွှန်ကမ္ဘာကျော်စာအုပ်ကြီးကလည်း ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များရှိပြီး အဖော်ရွေဆုံး၊ သဘောအကောင်းဆုံး လူမျိုးများနေထိုင်ရာ မြန်မာနိုင်ငံသည် ၂၀၁၂ ခုနှစ်အတွင်း ကမ္ဘာပေါ်တွင် ခရီးသွားလာရန်အကောင်းဆုံးဒေသများအနက် နံပါတ် ၂ နေရာတွင် ရှိသည် ဟု ထည့်သွင်းဖော်ပြခဲ့လေသည်။
စီးပွားရေးလုပ်ငန်းရှင်များ၊ နီးစပ်ရာမိတ်ဆွေများက ပြောကြသည်မှာ မြန်မာပြည်ရှိ ဟိုတယ်များ နှစ်နှစ်စာလောက်ထိ Booking များပြည့်နေပြီဟု ကြားသိရသည်။ ခရီးသွားလာရေးလုပ်ငန်းသည် မီးခိုးတိတ်စက်ရုံလိုပင် တိုင်းပြည်ဝင်ငွေတိုးစေသော လုပ်ငန်းဖြစ်သည်။
၂၀၁၁ မှာ ပြောင်းလဲလာတဲ့ နိုင်ငံရေးများ၊ တိုင်းပြည်အတွက် အလားအလာကောင်းသောသတင်းများက ကြားရသူအတွက် အားတက်စရာပင်၊ သို့ သော် ပုသိမ် ငွေဆောင်ဘက်အသွားတွင် ကမ္ဘာလှည့်ခရီးသွားများအဆင်မပြေဖြစ်နိုင်သော လမ်းခုလတ်မှ အကြောင်းအရာတစ်ခုကို တွေ့ လိုက်ရသည်။ ကျွန်မတို့ တွေသည် အ၀င်တွေကိုပဲ ကြိုဆိုနေကြသည်။ အထွက်တွေကိုလည်း ဂရုစိုက်ဖို့ လိုသေးသည်။
ဖြစ်ပုံမှာ -
ရန်ကုန်မှ ပုသိမ်သို့ ကားလမ်းခရီး လေးငါးခြောက်နာရီ ဆက်တိုက် လူတိုင်း မစီးကြပါ။ ကားသမားတိုင်း လမ်းခုလတ်ရှိ စားသောက်ဆိုင်တစ်နေရာရာတွင် ရပ်ပေးတက်ကြသည်။ အဲသည်လိုရပ်ပေးတက်ကြသည်မှာ ကားသမားနှင့် စားသောက်ဆိုင်ပိုင်ရှင်တို့ အပေးအယူရှိတက်ကြပါသည်။
ဤသည်မှာ အရေးမကြီးသေးပါ။ အရေးကြီးသည်မှာ ထိုစားသောက်ဆိုင်သို့ လာရောက်နားခိုသော ခရီးသည်များအတွက် အပေါ့အလေးသွားရန်ဆောက်ထားသော အိမ်သာများသန့် ရှင်းမှုမရှိ
သည့်အတွက် နိုင်ငံခြားသားများအတွက် အခက်တွေ့ စေပါသည်။ အိမ်သာတွေက ဘိုထိုင်တွေမရှိသည့်အပြင် အနံ့ တွေကဆိုးသည်။ ယင်ကောင်များပင်တွေ့ နေရသောကြောင့် သန့် ရှင်းမှုအတွက် စားသောက်ဆိုင်နေရာများ ဆင်ခြင်သင့်တော့သည်။ ကျွန်မတို့ မြန်မာပြည်ကလူတွေအတွက် အရမ်းအရေးကြီးသည့်အကြောင်းအရာမဟုတ်သော်လည်း အမေရိကန်လိုနေရာမျိုးမှလာသည့် လူတွေအတွက် နှာခေါင်းရှုံစရာဖြစ်လာသည်။
သူတို့ တွေသည် ဘိုထိုင်လို့ ခေါ်သည့် အိမ်သာမျိုးတွေမှာ သန့် သန့် ရှင်းရှင်းသွားသူတွေဖြစ်သည်။ ကျွန်မတို့ ဆီမှာ အိမ်သာ ဟုသာခေါ်နေပေမယ့် ကိုးရီးယားကားတွေကြည့်သောအခါ မင်းသားမင်းသမီးများ ဘိုထိုင်အိမ်သာပေါ် ခေါင်းထိုးပြီး အန်နေတာကိုကြည့်ရင် အတော်ကြီးစိတ်ညစ်တာထက် စိုးမည်ထင်သည်။ ခက်တာက သူတို့ တွေက အတော်သန့် သည်ကိုး။
နိုင်ငံခြားသားများတည်းခိုနားနေသော ဟိုတယ်များကတော့ ဈေးကြီးပြီး အဆင့်မှီပါသည်။
ခက်တာ လမ်းခုလတ်ပတ်ဝန်းကျင်က မမှီသော Standards များကြောင့် ခရီးသွားလာရေးအတွက် အခက်အခဲများဟုပဲ ဆင်ခြင်သုံးသပ်မိပါသည်။
ကျွန်မတို့ တိုင်းပြည်နှစ်သစ်အတွက် စနစ်အသစ်တွေသည်လည်း လိုလာတော့သည်၊
မလိုအပ်တဲ့ တံတိုင်းတွေကိုဖြိုပြီး လိုအပ်တဲ့ တံတားတွေဆောက်ကြရပေအုံးမည်၊
ပြင်စရာရှိတာပြင်၊ ရှေ့ ဆက်စရာရှိတာ သွားရမည့် ဘ၀ခရီးသွားများအတွက်
အသက်တစ်နှစ်ကြီးခြင်းအတွက် ဆင်ခြင်သုံးသပ်မှုများကတော့ အလျှံပယ်ပင်……..
၂၀၁၁ ဒီဇင်ဘာမှာ ကျွန်မရိုက်ခဲ့သော ပန်းပွင့်ပုံလေးများဖြင့် ၂၀၁၁ကို နှုတ်ဆက်လိုက်ပါတယ်..

ပန်းလေးတစ်ပွင့်ဟာ ဒီလိုအတောင်စုံစုံနဲ့ ပြုံးတက်ပါတယ်..

အပွင့်ရဲရဲ နှင်းဆီမှ မဟုတ်ပါဘူး..ပန်းနုရောင်နှင်းဆီပွင့်လေးလည်း ဒီလိုမသိမသာ ပြုံးတက်ပါတယ်..

ဒီပန်းပွင့်ရဲ့ နာမည်ကိုတော့ “ရက်စက်ခြင်းများ” လို့ နာမည်ပေးထားပါတယ်..
ပန်းရောင်တောက်တောက် အရောင်ဖြစ်တဲ့ ပွင့်ချပ်လေးတစ်ဖတ်က
တစ်စုံတစ်ရာ နာကျင်ခြင်းအတွက် နှုတ်ခမ်းကိုက်နေသလိုလိုနဲ့ နှစ်ဟောင်းမှာ အကျဉ်းတန်ရက်စက်ခြင်းတွေကို ထားခဲ့ကြပါလို့ …

ပန်းတွေလှရင် လိပ်ပြာလေးနားတက်တယ်…
ကျွန်မတို့ မြန်မာပြည်လိုပေါ့..ခရီးသွားတွေဝင်ဝင်လာနားလှည့်သလို..
ဒီထက်လှပသော ပန်းဥယျာဉ်ကြီးဖြစ်ဖို့ ဆုမွန်ကောင်းတောင်းမိပါသည်။
အားလုံး တိုးတက်ပျော်ရွှင်ငြိမ်းချမ်းသော နှစ်သစ်ဖြစ်ပါစေ……
၂၀၁၀ ခုနှစ်တုန်းက ထွန်းဖောင်ဒေးရှင်းက ပြုလုပ်ကျင်းပခဲ့တဲ့ ပန်းချီပြပွဲကို ကျွန်မသွားရောက်လေ့လာခဲ့ဖူးပါတယ်..တကယ့်ကို အနုပညာမြောက်တဲ့ပွဲဖြစ်တဲ့အပြင် ပန်းချီကားများပေါ်က အကြောင်းအရာများဟာ အလွန်လေးနက်တာကိုလည်း ခံစားမိခဲ့ပါတယ်။
ဒီနှစ်လည်း ထွန်းဖောင်ဒေးရှင်းဘဏ်ရဲ့ ဆုရပန်းချီများပြပွဲ ၂၀၁၁ ခုနှစ်အတွက် ပြပွဲလေးလုပ်မယ်ဆိုတဲ့ ကြော်ငြာတွေ့ လိုက်တော့ မသွားမဖြစ် သွားကြည့်ဖို့ အားခဲမိပါတယ်။ ပြီးခဲ့တဲ့ ပွဲတုန်းက ပြပွဲကို နှစ်ခေါက်တောင်မှ ရောက်ခဲ့သည်ကိုး ။
















ပြပွဲမှာ လက်ရာကောင်းတွေကို သေချာကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ ရမှာမို့  Gallery 65 မှာ တင်ပေးတဲ့ ပန်းချီကားများနဲ့  ပြန်လည် မျှဝေလိုက်ပါတယ်…
From : Gallery 65

ကြိုးမပါဘဲချည်
တင်းကျပ် နှောင်ဖွဲ့ သီထားပြီ
တို့ နှလုံးသားဆီ။ ။
မြလေးသျှင်
ဒီနေ့ မနက်သတင်းတွေဖွင့်ကြည့်လိုက်တော့ ရေသန့် ဘူးပေါ်တွေမှာ စွယ်တော်မြတ် ပေါ်နေပုံသတင်းတွေ အများကြီး တွေ့ ရပါတယ်။
ရေသန့် ဘူးနာမည်တွေက တော့ Bio Plus , Alpine အစရှိတဲ့ ရေသန့် ဘူးတွေမှာ တွေ့ မြင်ရပါတယ်။ Facebook မှ ရရှိသော ပုံများကိုတဆင့်မျှဝေလိုက်ပါတယ်။



ဒီပုံလေးကို တော့ မမြသွေးနီမှ ယူထားတာပါ..
လွန်ခဲ့တဲ့ တစ်နှစ်လောက်က မြကျောက်ဆရာတော်ဘုရားကို ကျွန်မသွားဖူးခဲ့တုန်းက ဆရာတော်ဘုရားစွန့် လိုက်တဲ့ ရေသန့် ဘူးတွေမှာလည်း နေရောင်ထဲထောင်ကြည့်ရင် စေတီပုံပေါ်ပါတယ်…ဒါကြောင့် ဘုရားစင်ပေါ်မှာ တင်ထားတဲ့ မြကျောက်သောက်ရေသန့် ပုလင်းကိုယူပြီး ဒီနေ့ ဓာတ်ပုံရိုက်ပြီး ပြန်လည်မျှဝေလိုက်ပါတယ်။
ရေသန့် ဘူးခွံကို နေရောင်ထဲ ထောင်ကြည့်လိုက်ရင် စေတီပုံပေါ်နေပါတယ်


ထူးထူးဆန်းဆန်းသတင်းတွေဆိုရင်လူတွေက စိတ်ဝင်စားတက်လို့ ရေသန့် ဘူးတွေမှာလည်း ရောင်းကောင်းအောင်အဲသည်လို နည်းပညာတွေထည့်သွင်းလာတာလား..ဘာသာရေးနှင့် ပက်သက်လို့ အရင်ကတည်း ဒီလို စေတီပုံပေါ်တဲ့ အကြောင်းအရာကို ကြိုတင်သိနှင့်ပေမယ့် လူတိုင်းအားမပြောဖြစ်ပါ။
ဓာတုဗေဒနည်းပညာများကို ကျွန်မလည်း နားမလည်လို့ မပြောတက်တော့ပါ…
မည်သို့ ပင်ဖြစ်စေ အခုတလော လူတွေ စိတ်ဝင်စားနေတဲ့ အထူးအဆန်းသတင်းတစ်ပုဒ်ဖြစ်နေတာတော့ အမှန်ပါ……..
မြလေးသျှင်
တန်ဆောင်တိုင် ဦးဘဂျမ်းလမ်း ကာတွန်းပြပွဲမှာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ခေါင်းစဉ်ကြီးတွေနဲ့ မလွတ်တမ်းပါတဲ့ ဟာသကွက်များပါသလို စတုထ္တမဏ္ဍိုင်ဖြစ်တဲ့ စာနယ်ဇင်းဟာသများလည်းပါဝင်လာတာတွေ့ ရပါတယ်။

ဦးဘဂျမ်းနေထိုင်ခဲ့သော အိမ်မှ ချိန်ဆွဲထားသော ဦးဘဂျမ်းပုံ
ဒါ့အပြင် ကမ္ဘာကြီးပူနွေးလာပုံနဲ့ လူသားတွေကို ခြိမ်းခြောက်လာတဲ့ သဘာဝဘေးအန္တာရယ် ဆိုးတွေကို သရုပ်ဖော်ပြတဲ့ ကာတွန်းတွေလည်း ပါဝင်လာတာတွေ့ ရပါတယ်။

ဝုန်းကနဲ ဆို..လန့် လိုက်တာရှင်..

ကမ္ဘာကြီးပူနွေးလာတာကို သတိပေးထားတဲ့ ကာတွန်း..။

ကလေးအငိုတိတ်အောင် ဖိုးလမင်းလည်း မကယ်နိုင်..အင်တာနက်ခေတ်ကြီးကိုး…ဒီကာတွန်းလေး ဖတ်ပြီး ပြုံးမိပါတယ်။

အထူးကုဆေးရုံပေါ်တက်သွားတဲ့ အခါ ဖိနပ်က သားသားနားနား နိုင်ငံခြားဖိနပ်နှင့် ပြန်ထွက်လာတော့ ခြေလှမ်းတွေက ဖိနပ်တောင် မပါတော့…။ ဟုတ်လိမ့်မည်..ဆေးရုံစရိတ်တွေက နည်းမှ မနည်းပေကိုး..။

ဒါကြောင့် စိုးရိမ်ရတာလေ..။

ဒီကာတွန်းကလည်း အထူးကုဆေးရုံတွေမှာ ဖြစ်လေ့ဖြစ်ထရှိနေတာမို့  ဆရာဝန်တွေ ရင် တထိတ်ထိတ်နဲ့ ပေါ့…အနောက်နိုင်ငံမှာလည်း လူနာရှင်တွေက ဆရာဝန်တွေကို တရားစွဲခွင့် အပြည့်ရှိနေတာမို့  မိုက်ကယ်ဂျက်ဆင်သေဆုံးတဲ့အမှုမှာ သူ့ ကိုကုပေးတဲ့ဆရာဝန်လည်း တရားစွဲလို့ မပြီးသေးဘူး…ကျွန်မတို့ မြန်မာနိုင်ငံမှာလည်း ဒီလို အလေ့အထတွေ တွေ့ လာရတာကို မီးမောင်းထိုးပြထားတာပါ။ ဆရာဝန်တွေတော့ သတိချပ်စရာဖြစ်လာပြီပေါ့…။

အလုပ်ရုံဆွေးနွေးပွဲကလည်းနော် ကြိုးနီစနစ်မပျောက်သေးတာကို ဖော်ပြလိုက်တာပါ။

သစ်ပင်တစ်ပင် မဖြောင့်မတ်ရင် ခံပေအုံးတော့ ဆိုတဲ့အတွေးလေးကို စာသားလေးတွေနဲ့ ဆွဲထားတာကို တွေ့ ရပါတယ်။

ကာတွန်းထဲ ရှေ့ ဆက်ရမည့် ခရီးကို ကြည့်လိုက်တော့ အောက်မှာ ချောက်ကမ်းပါးကြီးပါလား….ဒါတောင်ဖြောင့်ဖြူးနေတာပဲလို့ မြင်နေပုံကို မိမိရရ ရေးဆွဲထားသည်။

ကြံရည်ဖန်ရည်ဆိုတာကလည်း နော်…

တိုင်စာပုံးက အမြင့်ကြီးပဲနော်…

BRAIN DRAIN လို့ အများခေါ်နေကြတဲ့ ဦးနှောက်တွေ ယိုစီးသွားတာကို BRAIN GAIN ဖြစ်အောင် စာတမ်းကြီးနဲ့ ပဲ ကြိုဆိုနေမှာလားဟင်..

မော်တော်ပီကယ်နဲ့ ဘောလုံးသမား အလုပ်အနေအထားချင်း တူသတဲ့…။

ဒါကတော့ ကပြားလေးဆိုတော့ ဒီလောက်တော့ရှိမှာပေါ့…

ကဗျာဆရာတွေ ကာရန်မညီပုံများ..ဟဲဟဲ..။

တရားအားထုတ်၊ တရုတ်အားထား ဆိုတာ ဒီလိုတဲ့။

ငရဲရောက်တာတောင် လူပြည်က အရက်ကြော်ငြာတွရဲ့ ပရိုမိုးရှင်းကောင်းပုံများနော်…။

ကဲ..သောက်ချင်အုံး..မိုးခါးရေ…ရေတောင် မရှိတော့ဘူး..ဒါလည်း အတော်ပြောင်မြောက်တဲ့ကာတွန်းပါပဲ..။

စီးပွားဖြစ် သိပ်မတွက်ကြပါနဲ့ နော်..။

ဒီကာတွန်းလေးကလည်း လမ်းဘေးဈေးသည်တို့ ရဲ့ ဘ၀ကို ဖော်ညွှန်းနေတာပါ။ စည်ပင်သာယာတွေကလည်း စည်းကမ်းနဲ့ ဖမ်းပါတယ်…ပိုက်ဆံယူပြီးလည်း ဖမ်းပါတယ်..အမှန်တကယ်တော့ ပျံကျဈေးသည်တွေဘ၀က ၀မ်းစာအတွက် ရှာဖွေဈေးရောင်းရတာ သနားစရာကောင်းပါတယ်…ဘ၀သမားတွေပေမယ့် သီချင်းလေး ဆိုရင်း……။

ဒီသိကြားမင်းကာတွန်းကိုကြည့်ပြီး ဆရာအော်ပီကျယ်ရဲ့ ကာတွန်းလေးကို သတိရမိပါတယ်။ဆရာကဟောပြောပွဲတွေမှာလည်း အဲဒီ့အကြောင်းထည့်ပြောပါတယ်..သိကြားမင်းကြီးကို မိုးကြိုးပစ်မယ်လည်းလုပ်ရော..သူ့ မိန်းမက “လက်လည်း မတည့်ပဲ” ဆိုတဲ့ ကာတွန်းပုံလေးကို မြင်ယောင်မိပါတယ်။ ဒီကာတွန်းမှာတော့ သိကြားမင်းက ပစ်တော့ ပစ်ရှာပါတယ်။မိုးကြိုးလွှဲတွေအများကြီးပဲဆိုတာကလည်း နောက်ထပ် စဉ်းစားစရာတွေ ထပ်ပေးပါတယ်။

ငေးမောကြည့်နေကြသည့် ကာတွန်းကြည့်ပရိသတ်များ
ဟိုဘက်အိမ်က ထိန်ထိန် တို့ တွေဘက်က မှိန်မှိန်….ဘယ်လိုလုပ်မှာလဲ…တိန်…

ဦးဦး ရှီးဖော် ၀က်ရယ်၊ ဦးဦး အိမ်ဆိတ်ရယ်၊ ဦးယိုးဆင် တို့ ရေ…တို့ တွေရဲ့ ရင်ဘတ်ထဲကို ပလပ်ပေါက် ထိုးမလို့ လား…ဒီကာတွန်းလေးက ကျွန်မရင်ဘတ်ထဲကို နင့်ကနဲ ခံစားသွားတဲ့ စာမဲ့ကာတွန်းလေးပါ..

ရုံးထဲမှာ ဒီစာတမ်းကပ်လည်း မှားမယ်မထင်ပါဘူး ဆရာတို့ ရယ်…

ရုံးမှာ လက်ဖက်ရည်ဖိုးမပေးနဲ့ ..ဆိုင်မှာပဲပေး……..။

ရင်ထဲက ဗိုလ်ချုပ်အတွက်…။

ကလေးအူဝဲကို နို့ ဘူးတိုက်တော့လည်း ငိုတာပဲ ..ငိုတာပဲ..ကာတွန်းထဲက ကလေးပိစိလေးကိုကြည့်လိုက်တော့ ပလာစတာလေးတော့ CROSSING ကပ်ထားသေးတယ်..အောက်တိုဘာအောင်ကြီးရဲ့ ကာတွန်းတွေက အတော်လေး လက်ရာမြောက်ပြီး စဉ်းစားစရာတွေပေးပါတယ်.. ဆရာ့ ကာတွန်းတွေက မြန်မာနိုင်ငံရဲ့ ခေတ်အခြေအနေတွေကို အမှန်အတိုင်းကြီး ဖွင့်ဟပြနေပါတယ်။

သစ်တစ်ပင်ကောင်း ငှက်တစ်သောင်းနားမယ်ဆိုတဲ့ စကားပုံကို ကာတွန်းလေးနဲ့ အမိအရ ဆွဲပြနိုင်လိုက်တာပါပဲ..။ ငှက်တွေကလည်း များလိုက်တာနော်…သစ်ပင်လေးက အခုမှ ပေါက်ခါစ ပင်နုလေး…ဒီကာတွန်းဆွဲတဲ့ ဆရာကျော်သူရိန်ကိုလည်း ချီးကျူးမိပါတယ်။ ဟုတ်တယ်..ဆရာရေ…ကျွန်မတို့ နိုင်ငံကလည်း ဆရာဆွဲထားတဲ့ ကာတွန်းအတိုင်းပဲနော် ဆိုပြီး ပွင့်ပွင့်လင်းလင်း ပြောလိုက်ချင်ပါတယ်။
ကာတွန်းတွေကို တက်နိုင်သလောက်ကြိုးစားပြီး ဓာတ်ခဲကုန်ခါနီးအထိ ဓာတ်ပုံတွေ သိပ်မကြည်တော့လို့ တက်နိုင်သလောက် ဓာတ်ပုံရိုက်ယူရင်း မျှဝေပေးလိုက်ပါတယ်နော်။

ကာတွန်းတွေထဲမှ ဘ၀အမောများကို ဝေမျှယူရင်း…
ဒီနှစ် တန်ဆောင်တိုင်ပွဲတော်မှာ လမ်းမတော်မြို့နယ်၊ ၁၃ လမ်း (အောက်လမ်း)ထဲ ဦးဘဂျမ်း လမ်းကာတွန်းပြပွဲ (၆၈)ကြိမ် မြောက်အဖြစ် စည်ကားသိုက်မြိုက်စွာ ပြန်လည် ပေါ်ထွက်လာပါတယ်။

ရန်ကုန်မြို့ ၊ လမ်းမတော်မြို့ နယ်၊ ၁၃ လမ်းအောက်လမ်းတွင် ပြသနေသော
ဦးဘဂျမ်း ဂုဏ်ပြုထားသော ကာတွန်းဆရာများရဲ့ ကာတွန်းပြပွဲ
ဒီနေ့ ကာတွန်းပြပွဲကို သွားကြည့်မိတဲ့အခါ ညနေထဲက ကြည့်ရှု့ နေတဲ့လူတွေအတော်များပါတယ်။
ကာတွန်းတွေစီတန်းပြထားတဲ့ ၁၃ လမ်းတစ်လျှောက် မှာ ကာတွန်းတွေဖတ်ပြီး တခိုးခိုးတခစ်ခစ်ရယ်မောသံများကိုကိုပါ ကြားရပါတယ်။ ကျွန်မကိုယ်တိုင် ကလေးတွေလို ကာတွန်းတွေဖတ်ပြီး ကိုယ်တိုင်ပြုံးမိပါတယ်။ ကလေးတွေတင် ရယ်မောကြသည်မဟုတ်ပါ.။ လူငယ်တွေလည်း ကာတွန်းပြပွဲမှာ အတ်ာများများတွေ့ ရပြီး သဘောကျနေကြသည်။
လူကြီးတွေလည်း ကာတွန်းတွေကိုဖတ်ပြီး နှစ်ခြိုက်ကြသည်။
ကာတွန်းပြပွဲမှာ လူတွေက ရယ်စရာတစ်ခုခုနဲ့ တွေ့ လျှင် တစ်ယောက်တည်းဘယ်တော့မှ မခံစားတက်၊ ဘေးက ပါလာသည့် အပေါင်းအဖော်ကိုပါ လက်တို့ ပြီး အပြုံးချင်း ဓာတ်ကူးယူတက်ကြသည်ကို ကျွန်မတွေ့ မြင်ခဲ့ရပါတယ်။
ကာတွန်းတွေက ခေတ်အခြေအနေကို လှောင်ပြောင်ပြသည်၊ လှစ်ဟပြသည်။ စာတွေပါတဲ့ ကာတွန်းတွေက များသလို စာမဲ့ကာတွန်းတွေလည်းပါသည်။
တစ်ချို့ ကာတွန်းတွေက ပေါ့ပေါ့လေး ဖတ်လိုက်ရုံနှင့် ပြီးသည်၊ တစ်ချို့ ကာတွန်းတွေကျတော့ ကာတွန်းတစ်ကွက်ထဲနဲ့ တင် ဟုတ်လိုက်လေ..ဆိုပြီး ရင်မောပြီူ ကျန်ခဲ့ရတာမျိုးတွေရှိသည်။
လမ်းတစ်လျှောက် ပြသထားသော ကာတွန်းတွေအတော်များပါသည်။ နှစ်သက်မိခဲ့သော ကာတွန်းများကို ပြန်လည်မျှဝေလိုက်ပါတယ်။


ဟုတ်ပါတယ်..စာရေးဆရာတွေဝင်ငွေအတွက် အများကြီးလိုအပ်ချက်တွေ ရှိနေပါသေးတယ်။လူတွေစာဖတ်ဖို့ စာအုပ်တွေ ၀ယ်ဖို့ ဆိုတာကလည်း ဈေးကွက်အရကြည့်ရင် အတော့်ကိုလိုအပ်နေပါတယ်။

ပဲပြုတ်သည်လည်း ဒီခေတ်ရောက်အောင် မနှေးဆောင်ပါမည်…..

ကြက်ဥကြော်ဖြစ်ကုန်ပြီ,,,

လူကြီး ဆိုသည်မှာလည်း…..

မမြဲခြင်းတရားကိုလည်း လက်စွဲထား လူရော အိတ်ရောဖောင်းကား….

ရာသီဥတုဆိုတာ ဒီလိုပါ……(သဘာဝဘေးအတွက် ရိုးရိုးရှင်းရှင်းကာတွန်းလေးပါပဲ)

အိမ်ဦးနတ်လည်း အိမ်ရှင်မစည်းကမ်းကို ကြည့်နေရပြီ….

နတ်ပြည်နဲ့ ငရဲပြည်ကို အင်တာသွားဗျူးတော့ နတ်ပြည်မှာ အလုပ်ပါးပြီး..ငရဲပြည်မှာ အလုပ်ရှုပ်နေတယ်တဲ့… ငရဲသွားသူတွေအများသားနော်..

ခက်ပါလား အတုတွေရယ်…

အချစ်သစ်ပင်ဆိုတာ ရှင်သန်စေချင်ရုံနဲ့ ဘယ်ဖြစ်မလဲ..
ပြုစုပျိုးထောင်ပေးဖို့ လိုသည်ပဲလေ…
ဒါလည်း အပြောကလွယ်သည် တကယ့်လက်တွေ့ ခက်သည်ပဲလေ……

ရှင်းလိုက်တဲ့ကာတွန်းဆွဲထားတဲ့ ဆရာမြေဇာရယ်…

အော်…တရားမရသေးပါလား ကိုကြီးတို့ ရယ်..( ကာတွန်းထဲမှာ ကိုရီးဟုခေါ်သော ကိုရီးဟုပါသော်လည်း စာတွေရေးနေတဲ့ ကိုရီးဖြစ်ဟန်မတူပါ…သို့ သော် ကာတွန်းထဲမှာတော့ ပုံစံတူသည်. ဟီး)

ဒီအမှိုက်ပုံကြီးကိုကြည့်ပြီး နိုင်ငံခြားသားကြီးက အထင်ကြီးပြန်ပြီ …
&
အလုပ်ရှင်ဘက်ကလည်း ဒီလိုမြင်ရင် ပတ်ဝန်းကျင်ကလည်း ထောက်ပြစရာဖြစ်လာပြီပေါ့…

ဒီကာတွန်းလေးကတော့ အလုပ်တွေမှာ “တော်” တဲ့လူတွေကြီးပဲ ခန့် ထားသလိုမျိုးပေါ့..ဘာတော်လည်း ဆိုရင် “အမျိုး”တော်တဲ့သူတွေချည်းပဲကိုး…။

ဒီကာတွန်းလေးက ဗျူးလည်း ဗျူးတက်သူနဲ့  ဖြေလည်း ဖြေတက်တဲ့ လူမမာပေါ့..

မှတ်ပေတော့ …ရှေ့ နေကြီးတို့ ရေ…

အင်း..ကိုးရီးယားရောဂါ ကလည်း…ဘာပဲဖြစ်ဖြစ် မြန်မာဆန်တာကပဲ ကောင်းပါတယ်နော်…

CSR ဆိုတော့ အပီအာတာပေါ့ကွယ်

တို့ ကတော့ ယုန်နှစ်မှာ ယုံအောင်မပြောတက်ပါဘူးကွယ်

လုပ်ပြန်ပြီ…ငရဲပြည်ကြီးအထိ သွားဗျူးပြန်ပြီ…အင်တာဗျူးဒီလောက်ကောင်းတာ ယမမင်းကြီးက ဒယ်အိုးထဲကျော်စားမယ့်ပုံပဲ..ဟဲဟဲ

အင်း..ဘယ်သူလိမ်နေတယ်..ဘယ်သူညာနေတယ်..မပြောတော့ပါဘူး…

ကားအရောင်းဝယ်ကလည်း နာမည်ပေးပုံများနော်…

ဆင်းရဲ ချမ်းသာ ကွာဟနေတယ် ပြောချင်တာတွေလည်း ပြောကြပါစေကွယ်..ကံတွေများနော်…လိုတာမရ၊ ရတာမလို ဆိုသလိုပါပဲလားကွယ်။ ဒီကာတွန်းလေးကတော့
တိုက်နဲ့ တဲမှာ ဗိုက်နဲ့ မလဲနိုင်တာတွေကို အစာမသွပ်နိုင်လို့ …

သူတောင်းစားလေသံကလည်းနော်..ရာထူးကြီးကြီးယူထားရတဲ့ အရာရှိတွေလေသံနဲ့ တူလိုက်တာ..

ကျွန်မ ဒီကာတွန်းပြပွဲမှာ ကားလောကနဲ့ ပက်သက်တဲ့ အခေါ်အဝေါ်လေးတွေကို အတော်ရလိုက်ပါတယ်။

ဒီကာတွန်းလေးလည်း ပညာသားပါတာပဲ..ရေစင်ကြီးက ခိုင်ပြီး ကောင်းတာမှန်ပေမယ့် ပေါက်နေတာတော့ ဘယ်ကောင်းမလဲပေါ့..
ဒီကာတွန်းလည်း ငွေတွေနဲ့ ပက်သက်လို့ ဟုတ်တာပေါ့..။

ကဲ..သကြားမင်းကြီးလည်း မနေနိုင် ကာတွန်းပြပွဲသွားထိုင်မှာတဲ့..
အချိန်မရတော့လို့ နောက်နေ့ မှပဲ ကျန်နေတဲ့ ကာတွန်းတွေ ဆက်လက်ဖော်ပြပေးပါ့မယ်နော်……..ဒီနေ့ တန်ဆောင်မုန်းလပြည့်ညမှာ မယ်ဇလီဖူးသုတ်လေးလည်း စားရတော့မှာမို့ ..ဒီလောက်နဲ့ ပဲ..
ပန်းချီ ချမ်းငြိမ်းကျော် (CNK) ရဲ့ ခုနှစ်ကြိမ်မြောက် တစ်ကိုယ်တော် ပန်းချီပြပွဲ
at Gallery 65
Gallery 65 Presents a Solo Art Exhibition “Decade in Yangon” by Artist Chan Nyein Kyaw. The Exhibit will feature over 60 never before exhibited paintings. They are being shown for the first time in 10 years. Come view and enjoy the artworks and please bring your friends and family along. See you at the Gallery soon!
About the Artist:
The 1959 born artist is most famous for his landscapes. He studied art under U Khin Maung (Bank) and Ko Ko Lay (Mandalay). To date he has exhibited six solo shows from 2000 to 2005. He has also participated in over 60 group exhibitions not only in Myanmar but also abroad in Thailand, Singapore and Hong Kong from 1985 to 2008. He participated in pioneer new art movement such as Modern art Exhibition in 1985. His works were well recognized at Myanmar contemporary art awards Exhibition. He is also a performance artist and participated in the Nippon Myanmar Performance Art Exchange in 2009 and in Hong Kong-Myanmar Performance art exchange in 2010. His performance piece that is most prolific is “The sound”.
Time :Friday, November 4 to November 6 ( 9:00 am – to at 5:00 pm)













CNK ပန်းချီလက်ရာတွေဟာ ဆရာပေါ်ဦးသက်လက်ရာတွေနဲ့ လည်း ဆင်ပါတယ်
အရောင်တွေစုံပေမယ့် လက်ရာအင်မတန်သေသပ်လှပပါတယ်..
ဆရာ CNK ရဲ့ ပန်းချီကားများကို ၀ယ်ချင်လို့ ပြပွဲကိုသွားရင် ပိုက်ဆံအထုပ်ကြီးကြီး ယူမလာကြပါနဲ့ …ဆရာရဲ့ ကားတွေအားလုံး ပြပွဲအတွက်သာပဲ Not for Sale တဲ့  ……
အလည်သွားဖို့ ပန်းချီပြခန်းကို မိတ်ဆက်ပေးလိုက်ပါတယ်နော်
IMAGE From :
ခေတ်အခြေအနေတွေကို သရော်တဲ့အထဲမှာ ကာတွန်းတွေက မပါမဖြစ်တဲ့ အနုပညာတစ်ခုလို့ ယူဆမိပါတယ်။
စာတွေပါတဲ့ ကာတွန်းတွေရော၊ စာမဲ့ကာတွန်းတွေပါ အတွေးကောင်းရင် ကောင်းသလို နှစ်သက်မိပါတယ်။
အမှတ်မထင် MCN (Myanmar Cartoon Network) ကနေ Link လေးတစ်ခုတွေ့ လိုက်မိပါတယ်။
“The Book ကာတွန်း ပြိုင်ပွဲ ရဲ့ Finalist စာရင်းပါ.. မြန်မာပြည်က ဆုချိတ်တာတော့ မတွေ့ မိဘူးဗျ” ဆိုပြီးတော့ အောက်ပါလင့်လေးနဲ့ ပါ…
http://www.irancartoon.ir/gallery/album536?page=1
အီရန်ကာတွန်းဆိုပြီးတွေ့ ရပါတယ်။
The Book ကာတွန်း ပြိုင်ပွဲဟာ နိုင်ငံတကာအဆင့်မို့ အတော်လေး အဆင့်မြင့်လှပတဲ့အတွေးများနဲ့ 
ကာတွန်းလက်ရာများဟာ သားနားလှပါတယ်။
မြန်မာနိုင်ငံမှ ကာတွန်းဆရာများလည်း နောင်ကျင်းပတဲ့ ပြိုင်ပွဲတွေမှာ ဆုတွေဆွတ်ခူးနိုင်ဖို့  မျှော်လင့်ဆုတောင်းမိပါတယ်။

Alireza-Safaei-Iran
ဒီကာတွန်းမှာပါတဲ့ စာအုပ်တစ်အုပ်ကို ကြွက်ကိုက်နေတဲ့ပုံဟာ လက်ရာ အတော်ပြောင်မြောက်လှပါတယ်။ ကွန်ပျူတာတွေကို Mouse ကိုင်သုံးကာ စာအုပ်တွေနေရာမှာ အစားထိုးဝင်လာသော သဘော သဘာဝကို ထိထိမိမိရေးဆွဲထားလို့ ပါ။

Alireza-Pakdel-Iran
ဒီကာတွန်းပုံလေးကလည်း လူငယ်နဲ့ လူကြီး (မြေးအဘိုးလည်း ဖြစ်ချင်ဖြစ်မည်) စာအုပ်ဖတ်ပြတဲ့အနေအထားတွေ ပြောင်းသွားတာကို ခံစားမိပါသည်။

Yuriy-Kosobukin-Ukraine
စာအုပ်တွေကို ဆွဲနေတဲ့ အဘိုးအိုတစ်ယောက်ပုံပါ.
သေချာကြည့်လိုက်တော့ စာအုပ်ဗီဒိုပုံလုပ်ထားတဲ့ နံရံကပ်စက္ကူပုံစံပါ…
အမြင့်တက်ဖို့ လုပ်ထားတဲ့လှေကားပြုတ်ကျသွားတော့ အဘိုးအိုက အဲသည့်စာအုပ်နံရံကပ်စက္ကူကိုပဲ ဖမ်းဆွဲထားတဲ့ပုံဟာ အတော်စဉ်းစားစရာကောင်းပါတယ်…

Doru_Axinte_Romania
စာအုပ်နဲ့ ထောင်
ပြတင်းတံခါး
အလင်းမမှားစေဖို့ 
အမှောင်ထဲက လမ်းပြအောင်….
သူ့ အတွက် စာအုပ်တွေက ပြတင်းပေါက်ထဲကပေါ်လာတဲ့ အလင်းရောင်လိုပါပဲ..။

Farhad-Bahrami-Reykani-Iran
စာအုပ်နဲ့ ဆိုဖာ
စာအုပ်က ကြီး
လူက သေး
ထိုင်ခုံ တောင် မဆံ့ပါ…။

Florian_Doru_Crihana_Romania
စာအုပ်နဲ့ ဓာတ်ပုံဘောင်ကာတွန်းကတော့ သမိုင်းထဲကလူတွေလို ဖြစ်ချင်နေတဲ့ပုံပါပဲ..။

Florian-Doru-Crihana-Romania-(1)
စာအုပ်နဲ့ ကောင်းကင်ပေါ်မှာ အတော်ဇိမ်ကျမယ့်ပုံပါပဲ…….။

Gheorghe-Matei-Romania
လူကြီးဖတ်တာ စာအုပ်၊
ကလေးဖတ်တာ Notebook စာအုပ်နဲ့ …..

Guo-Zhong-China
ဒီကာတွန်းကတော့ အိမ်နီးချင်းတရုတ်နိုင်ငံက ၀င်ပြိုင်တဲ့ကာတွန်းပါ..
သူတို့ လျှာကို တံတွေးဆွတ်ပြီး ရေနေတဲ့ အရာတွေကတော့ မတူကြဘူးပေါ့…

Hicabi-Demirci-Turkey
စာအုပ်နဲ့ ယူနီဖောင်း။

Huseyin-Cakmak-Cyprus
ဒီကာတွန်းကိုကြည့်လိုက်တော့ စာအုပ်တစ်အုပ်မှလည်း မတွေ့ တော့ ဟုတ်မှဟုတ်ပါ့မလား စဉ်းစားနေတုန်းGoogle ဆိုတဲ့ အင်္ဂလိပ်စာလုံးကို ကွန်ပြူတာ လက်တော့ပေါ်မှ အထင်းသားတွေ့ လိုက်ရပါတယ်။ဟုတ်တော့ဟုတ်ပါတယ်…စာအုပ်တွေလို Google က အကုန်နီးပါး ရှာပေးနိုင်တဲ့ခေတ်ရောက်နေပြီကိုး။

Jugoslav-Vlahovic-Serbia
ဒီပုံမှာတော့ စာအုပ်ကြီးသမားတွေ ချီတက်လာပါပြီလား ဆိုတာ ဝေခွဲမရဖြစ်နေပါတယ်။
ရှေးဆန်တဲ့လူတွေကို စာအုပ်ကြီးသမားတွေလို့ ခေါ်တာကို ကြားဖူးနေလို့ ဖြစ်ပါတယ်။
နောက်တမျိုးစဉ်းစားမိတာကတော့ မိမိတို့ ကိုယ်ပိုင်စာမျက်နှာတွေဖြင့် ချီတက်လာသော လူအုပ်ကြီးဟုလည်း ယူဆမိပါသည်။

Marcin-Bondarowicz-Poland
ပိုလန်က ကာတွန်းဖန်တီးသူကတော့ ပဟေဠိ စာမျက်နှာများကို တင်ဆက်လိုက်တာပါပဲ။
ကောင်းကင်နဲ့ မြေကြီးအောက်မှာ ကျွန်မတို့ ဘ၀စာမျက်နှာတွေက တကယ့်ကို ၀င်္ဂဘာလမ်းတွေလိုပါပဲ…
ဒါဟာ အကွေ့ အကောက်များစွာနဲ့  ၀င်္ဂဘာစာအုပ်ကြီးတစ်အုပ်လည်း ဖြစ်သည်မို့ လေ…
သူတင်ပြပုံလေးက တကယ့်ကို လှပပြီး စိတ်ဝင်စားစရာပါပဲ…
ကျွန်မကတော့ ဒီကာတွန်းလေးတွေကြည့်ပြီး ကဗျာဆန်တဲ့စကားလုံးတွေ အလိုလိုဝင်လာတော့တာပါပဲ…

Mehdi-Mohammadi–Rouzbahani-Iran
စာအုပ်နဲ့ အကျဉ်းသား
ရဲသားကြီးက ထောင်ပေါက်ဝကနေ ချောင်းကြည့်လိုက်တဲ့အခါ
စာအုပ်ဖတ်နေတဲ့ အကျဉ်းသားခမျာ
ရာသီဥတုဟာ…ဒီလို..ဒီလိုပါတဲ့…။

Mello-Brazil
စာအုပ်ကို ၀ါးစားမယ့် လူကြီးက အတော်အစားပုတ်တာပဲ..။

Mohammad-Hossein-Akbari-Iran
ဒီကာတွန်းကလည်း ထူးဆန်းပါတယ်..
စာအုပ်ကြီးတစ်အုပ်ကို နွားမလို သဘောထားပြီး နို့ ရည်ညှစ်ယူနေတဲ့ပုံပါ။ ပုံမှန်အမြင်နဲ့ မတူတာကတော့ နို့ ခံယူနေတဲ့ နို့ ထည့်တဲ့ပုံးက လူ့ ခေါင်းဖြစ်နေတာပါပဲ..
ဒါမျိုး ဆင်တူအတွေးပါတဲ့ ခေါင်းက ဗလာနဲ့  မျက်နှာတွေက တစ်နေရာစီဖြစ်နေတဲ့ မျက်နှာပုံတွေ ပန်းချီမျိုးကို ကျွန်မတို့ မြန်မာပြည်က ပန်းချီဆရာတစ်ယောက်ဖြစ်တဲ့
ပန်းချီကျော်ထူး ဆွဲတာကို မြင်ဖူးပါတယ်..
တွေးစရာပန်းချီကားများ ဆိုပြီး ကျွန်မရေးဖူးပါတယ်။
စဉ်းစားရမယ့် အတွေးအခေါ်တွေတော့ အများကြီးပါပဲ…

Naser-Moghadam-Iran
စာအုပ်စင် နဲ့ ပန်းရံသမား
တိုက်တွေဆောက်တာကလည်း ဆောက်ပေါ့…၊
စာအုပ်ဗီဒီလေးလည်း ပါအောင်လုပ်နော်…..။

Natalia-Forcat-Brazil
ဒီပုံက စာအုပ်ရဲ့ ကျေးဇူးကြောင့် ကမ္ဘာကြီးကိုတောင် ထင်ဟပ်စေတဲ့ အဆင့်မြင့်မြင့်ကာတွန်းပါပဲ..
အိုင်ဒီယာအတွေးအခေါ်တော့ ကောင်းတာမှန်ပေမယ့်
ကျွန်မတို့ မြန်မာနိုင်ငံမှာတော့ စာအုပ်ကို ခြေထောက်နဲ့ မတော်လို့ တက်နင်းမိရင်တောင်
အရိုအသေပျက်မှာစိုးလို့ ထိုင်ကန်တော့မိတဲ့အတွက်
အဲသလို ကာတွန်း ရဲရဲတင်းတင်းဆွဲဖို့  မဖြစ်နိုင်ပါ။

Natalia-Vartchenko-Cyprus
စာအုပ်နဲ့ ကြိုးဆွဲချခြင်း
ကဲ… စာမဖတ်ချင်ရင်တော့ သေပြီဆရာ….

Paolo-Dalponte-Italy
စာအုပ်နဲ့ ဖလင်လိပ်…..
သူ့ ပုံက ရှင်းလွန်းတော့ ကျွန်မလည်း ဘာသာမပြန်တက်တော့။

eyman-Edalati-Iran
စာအုပ်ကို ထိုးဆိတ်နေတဲ့ Angry Birds များဒီ Angry Birds ဂိမ်းကလည်း နေရာတကာပါတယ်။ အခုတလော လူကြိုက်များတဲ့ ဂိမ်းမို့ ထင်ပါတယ်…Angry Birds နဲ့ ခဲတံချွန်စက်တွေတောင် အဲသည့်ငှက်ရုပ်တွေဖြစ်နေပြီကိုး…အဲသည့်ငှက်ရုပ်တွေကလည်း စိတ်ဆိုးနေတဲ့ နာမည်ပေးထားပေမယ့် ရုပ်လေးတွေက် ချစ်စရာတော့ကောင်းပါသည်။
ကျွန်မတောင်မှ Angry Bird တစ်ကောင်ရဲ့ ကီးချိန်းလေးတစ်ခု ချစ်စရာလေးမို့ ဝယ်ထားမိသည်။
ဂိမ်းတော့ မကစားဖြစ်ပါ။

Saeid-Farhangian-Iran
သူတို့ စာအုပ်တွေဖတ်ပြီးတော့ မီးလှုံနေတဲ့ပုံက ကျွန်မတို့ ဆီက ဖိုးတောင်သူကြီး တဲဖျက်တာနဲ့ တူနေသလိုပါပဲ…။

Saman-Ahmadi-Iran
စာဖတ်ပြီးတော့ စစ်တိုက်သော သူရဲကောင်းနှစ်ယောက်ဟာ ဆက်လက်ပြီးတော့ တိုက်ပွဲမ၀င်တော့ဘူးလား…
ပုံလေးကလည်း စဉ်းစားစရာပါပဲ။…။

Sevket-Yalaz-Turkey
ဒီကာတွန်းပုံကတော့ ခေတ်ကို အထင်ဟပ်ဆုံး ကာတွန်းပုံလေးပါပဲ..
စာအုပ်ဖတ်လို့ ရတဲ့ iPad, (Pdf) ebook readers တွေပေါ်လာတော့ စာဖတ်နေတဲ့လူကြီးများ ခေတ်နောက်ကျသွားပြီလား..
အခုခေတ်နည်းပညာကလည်း အရမ်းကိုမြင့်ပြီး မြန်လွန်းတော့ ပုံမှာ ကုလားထိုင်ခုံတောင် ခုပေးရတဲ့ အတော် ခေတ်ရှေ့ ပြေးတဲ့ ကာတွန်းလက်ရာ လို့ ဆိုနိုင်ပါတယ်။

Sevket-Yalaz-Turkey-(1)
စာဖတ်နေတဲ့ ရေတွင်းလိုနက်ရှိုင်းတဲ့ဂုရုကြီးပုံက ခရစ်စမတ်စ် ဘိုးဘိုးကြီးပုံနဲ့ လည်းတူပါတယ်။

Seyran-Caferli-Azerbaijan
ခါးပတ်ကွင်း နှင့် စာဖတ်ခြင်း
ဒီကာတွန်းလေးကိုကြည့်လိုက်တော့ သူစာဖတ်နေတဲ့ ထိုင်ခုံအောက်မှာ ခါးပတ်ကွင်းက စည်းတားနေသလိုလို၊ ကျွန်းလေးပေါ်မှာတစ်ယောက်တည်းပုံစံလို ခံစားမိပါတယ်။
စာဖတ်နေပြီးတော့ ကိုယ့်ဘာသာကိုယ် စည်းဘောင်မကျော်နိုင်တဲ့ မြင်ကွင်းလို့ လည်း ယူဆမိပါတယ်။

Shahram-Rezaei-Iran
ထိုင်ခုံနဲ့ လွတ်ထွက်သွားသော စာဖတ်သူကြီးပေါ့…
သူလွတ်တာကလည်း တည့်တည့်လွတ်တာတောင်မဟုတ်…
ထိုင်ခုံပေါ်တောင် ခြေထောက်တင်လိုက်သေးတယ်။
( စာဖတ်တာ အောက်ခြေမလွတ်ဖို့ တော့ လိုတယ်နော်…ဆိုတဲ့အတွေးမျိုးလေး ဒီကာတွန်းကတဆင့် ရမိပါတယ်..)

Sidnei-Marques-Brazil ဒီကာတွန်းကလည်း Angry Birds လိုပါပဲ..စာအုပ်ပုံပေါ်တက်ထိုင်ပြီး ဂိမ်းဆော့နေတဲ့ ကလေးလေးပါ.
ခေတ်ရဲ့ လတ်တလောအခြေအနေတွေကို ပြနေပါတယ်။
ဂိမ်းတအားဆော့တဲ့ကလေးတွေ စာအုပ်တွေကို မျက်ကွယ်ပြု ဖင်ခုထိုင်ပြီး ဂိမ်းစက်နဲ့ ဂိမ်းပဲဆော့နေကြတာကို အထင်းသားတွေ့ ရပါတယ်။

Toso-Borkovic-Serbia
ဆေးသုတ်သမားနဲ့ စာအုပ်
စာမျက်နှာတွေကို ဆေးသုတ်၊
မခြောက်သေးခင်လည်း အလုပ် လုပ်
ဘ၀ဟာ စာအုပ် တစ်အုပ်။

Touraj-Saberivand-Iran
ဒီကာတွန်းပုံလေးက ဒီဇိုင်းပညာဘက်က အသက်ဝင်တဲ့ ကာတွန်းလေးပါ။
Media Player တွေမှာ ရှိတဲ့ Play နဲ့  Pause ကို စာအုပ်အသွင် ဖန်တီးယူထားတဲ့ ပုံလေးပါ။
အတော် နှစ်သက်မိပါတယ်။

Valentin-Druzhinin-Russia
စာအုပ်ကိုလှမ်းယူဖို့ တားနေသည့် ကွန်ပျူတာကြိုးများ လို့  နာမည်ပေးချင်ပါတယ်။
လက်တွေ့ မှာလည်း ကွန်ပျူတာက ကြိုးတွေနဲ့  လူတွေကို အတော်လေး နှောင်ဖွဲ့ နေမိအောင် ဆွဲငင်စိုးမိုးနေရာယူလာတာလို့ ခံစားမိပါတယ်။

Valentin-Druzhinin-Russia-(1)
ကျိုးပဲ့သွားသော Tablet စာအုပ်လေး ကလည်း နည်းပညာခေတ်ထဲက eBooks တွေကို ဆိုလိုခြင်းဖြစ်ဟန်တူပါတယ်။
ကျွန်မအတွက် တချို့ ကာတွန်းအတွေးတွေမှာ နားလည်ရခက်ပါတယ်။ တချို့ ကာတွန်းတွေကတော့ ကိုယ်တွေးလိုက်တာနဲ့ ဆိုလိုချင်တာ ဟုတ်ချင်မှ ဟုတ်မည်။ ဒါကြောင့်ထပ်တွေးမိတဲ့အတွေးအမြင်တွေရှိရင် ပြန်လည် မျှဝေပေးကြပါအုံးနော်..
စာအုပ်တွေကို စိတ်ဝင်စားတဲ့ စာအုပ်သရဲ တစ်ယောက်မို့ 
ဒီကာတွန်းတွေထဲက အတွေးအမြင်တွေ အများကြီးပါတာမို့ စိတ်ဝင်စားပြီး ကျွန်မခံစားနားလည်မိတဲ့အတွေးများနဲ့ တဆင့် ပြန်လည် မျှဝေလိုက်ခြင်းဖြစ်ပါတယ်။
ဒီနေ့ (၂၃/ ၁၀/ ၂၀၁၁) ညနေတုန်းက ဂျာနယ်ဝယ်ပြီး လမ်းမှာ မထင်မှတ်တဲ့ အဖြစ်အပျက် စကားသံတချို့ ကို အိမ်အပြန်လမ်းတစ်လျှောက် ကြားယောင်မိခဲ့ပါတယ်။
အဲသည့်စကားသံများကို မျှဝေချင်လို့  ဒီစာမျက်နှာလေးက တဆင့်ရေးမိတာပါ။
အိမ်အပြန်လမ်းမှာ မုန့် ဝယ်ဖို့ စဉ်းစားမိပြီး လမ်းဘေးမုန့် ဆိုင်မှာ မုန့် တွေရှာနေတုန်း ပူအိုက်လို့ ဝယ်လာတဲ့ဂျာနယ်နဲ့ ယပ်တောင်သဘောထားကာ ယပ်ခပ်နေမိခဲ့ပါတယ်။
ဆိုင်က မုန့် ထုပ်တွေများလို့ ဘာယူရမလဲ စဉ်းစားနေရင်း ဂျာနယ်နဲ့ ယပ်ခပ်မိနေခြင်းရယ်ပါ။
ပြီးတော့ ပါလာတဲ့ပိုက်ဆံနဲ့ ဘယ်လောက်ဝယ်ရမလဲ ချိန်နေတုန်း အမှန်တော့ ကိုယ်တိုင် ယပ်ခပ်မိနေတာကိုတောင် ကိုယ့်အာရုံနဲ့ ကိုယ် လုံးဝသတိမထားမိပါ။
ကိုယ့်ဘာသာကိုယ် မုန့် တွေရွေးနေတုန်း အနားက ဘယ်သူ ဖြတ်သွားမှန်းလည်း သတိမထားမိပါ။
ကျွန်မ မုန့် တွေ ဘာယူရမလဲ ရွေးနေတုန်း ကျွန်မဘေးမှာ လာပြောသည့် တစ်စိမ်းတစ်ယောက် အသံကို မထင်မှတ်ဘဲ ကြားလိုက်ရပါသည်။
သူပြောလိုက်သည့်အသံမှာ
“ဟဲ့…နင်တစ်ယောက်တည်း ဒီလောက်ချမ်းတဲ့အချိန်မှာ ပူနေရတယ် “ ဟူသော အပြစ်တင်လေသံ ဖြစ်ပါသည်။
အစက ကျွန်မကို ပြောမှန်း မသိသေးပါ..သူပြောတာလည်း သိပ်နားမလည်ပါ…
ကျွန်မကို အဲသည်လိုပြောနေသူကို ကြည့်လိုက်တော့ အသားဖြူဖြူအဘိုးကြီးတစ်ယောက် တုတ်ကောက်တစ်ချောင်းကိုင်လျက် အနွေးထည်အနက်ကြီးဝတ်ထားသည်။
အဘိုးကိုလည်း ကျွန်မမသိပါ၊
သူပြောတာကို သဘောပေါက်ဖို့ မုန့် ရွေးနေတဲ့အချိန်အတောအတွင်းမှာ မနည်းစဉ်းစားလိုက်ရသည်။
“အသက်အရွယ်ကြီးသူများမှာ အသက်ကြီးလာရင် အအေးဒဏ်ကို လူငယ်တွေလောက် မခံစားနိုင် ” ဟူသော ကျန်းမာရေးဗဟုသုတကို အဲသည့်အချိန်တိုလေး အတွင်းမှာ ကျွန်မဦးနှောက်ထဲ အပြေးဝင်လာမိသည်။
ဟုတ်ပေမည်…ကျွန်မက ဂျာနယ်တစ်စောင်ကိုကိုင်လျက် မုန့် ရွေးရင်း ယပ်တောင်ခပ်နေသည်ကိုး…..
သူပြောမှ ကိုယ့်ကိုကိုယ် ခံစားမိတာပြန်ကြည့်လိုက်တော့ အတော်ပူလို့  ကျွန်မအင်္ကျီမှာစိုရွှဲမတက်ဖြစ်နေသည့် ခန္ဓာကိုယ်မှာ ချွေးတွေရှိနေပါသည်။
အဘိုးစကားကြောင့် ကိုယ်တိုင် ကြောင်တောင်တောင်ဖြစ်သွားမိပါတယ်။ ကိုယ်က တကယ်ပူအိုက်နေတာကိုး..။
ကျွန်မကိုလာပြောတဲ့ အဘိုးကို ပြန်ကြည့်လိုက်တော့ အသက်ခုနှစ်ဆယ်ကျော် ရှစ်ဆယ်အရွယ်လောက်ရှိမည် ထင်ပါသည်။ သွားမရှိတော့လို့ ချိုင့်နေသော သူ့ ရဲ့ ပါးပြင်ကို မှောင်စပြုနေတဲ့အချိန်မှာတောင် မြင်လိုက်ရသည်။
သူဝတ်လာသည့် အနွေးအင်္ကျီက သူဘယ်လောက်ချမ်းကြောင်း သက်သေပြနေသည်။
တုတ်ကောက်တစ်ချောင်းကို အားပြုပြီး ကျွန်မဘေးကဖြတ်သွားရင်းနဲ့ တောင် ကျွန်မကိုကြားစေချင်လို့ ကို ထပ်ခါတလဲလဲ ကြည့်ပြီး ပြောသွားသည်မှာ
“နင်တစ်ယောက်တည်း ဒီလောက်ချမ်းတဲ့အချိန်မှာ ပူအိုက်နေတယ် ဒီမှာဖြင့် ချမ်းလိုက်တာတုန်လို့ ” ဟူသော အပြစ်တင်လေသံပါသော အသံကို နားထဲစွဲစွဲမြဲမြဲကြားလိုက်ရပါသည်။
ကျွန်မလည်း ဘာပြောရမှန်းမသိတော့ဘဲ
“ဟို…လမ်းလျှောက်လာရလို့ ” ဟုသာ တိုတိုလေးပြန်ဖြေမိသည်။
ဆက်လည်း မငြင်းချင်တော့ပါ။
ဘေးဘီကလူတွေအားလုံးကို ကြည့်လိုက်တော့ အင်္ကျီအတိုလေးတွေနှင့်သာဖြစ်သည်။
ချမ်းအေးပြီး အနွေးထည် ၀တ်ထားသောသူမှာ အဘိုးအိုတစ်ယောက်တည်းသာရှိသည်။
ကျွန်မကိုပြောသော အဘိုးအိုမှာ နေမကောင်းနေလို့ လည်းဖြစ်ချင်ဖြစ်နေနိုင်ပါသည်။ အနီးအနားမှာ ဆေးခန်းနှင့် ဆေးဆိုင်က အသင့်ရှိနေသည်။
သို့ သော် ၀တ်ထားသည်မှာလည်း အတော်ကောင်းကောင်းမွန်မွန်ဝတ်ထားသောကြောင့် တောင်းဖို့ ပြောနေခြင်း မဖြစ်နိုင်တာတော့ သေချာပါသည်။
ဒါပေမယ့် သူဘာကြောင့် ဒီလိုပြောလဲဆိုတာ ကျွန်မသိချင်နေပါသည်။
ငွေကြေးကြောင့် မဟုတ်ရင် သူပြောသည်မှာ ခံစားချက်ကြောင့်သာ ဖြစ်နိုင်ပါသည်။
သူချမ်းနေသည် …
ပတ်ဝန်းကျင်ကလူများကလည်း သူ့ လို အရမ်းချမ်းလိမ့်မည် ဟု တွက်ဆနေပေလိမ့်မည်။
ဒီကြားထဲမှာမှ လမ်းဘေးသူဖြတ်သွားတုန်း ကောင်မလေးတစ်ယောက် မုန့် ဆိုင်မှာ ယပ်ခပ်နေသည့်ပုံကို
အမြင်မတော်တော့လို့  အခုလို ထပ်ခါတလဲလဲ ပြောနေမိခြင်း ဖြစ်တော့မည်။
ကျွန်မအဘိုးအရွယ်လူကြီးတစ်ယောက်ခံစားချက်ကို ကျွန်မ၀င်ပြီး ခံစားကြည့်မိပါသည်။
အဘိုးကို ဦးနှောက်မမှန်လို့ အဲသည်လို လာပြောခြင်းလို့ ကျွန်မ မပြောရက်ပါ။
အဘိုးရဲ့ ခံစားချက်ကို ကျွန်မ နားလည်ခံစားနိုင်ပါသည်။
သို့ ပေမယ့် အဘိုးရယ်…ဘက်စ်စကား နှစ်မှတ်တိုင်လောက် ဝေးတဲ့ ခရီးကို ကိုယ်ပိုင် ကိုယ့်ခြေထောက်နဲ့ ကိုယ် လမ်းလျှောက်နေတဲ့ ကျွန်မမှာ အင်္ကျီနောက်ကျောမှာ ချွေးတွေစိုလို့ ….. ကိုယ်တိုင်ဝယ်လာတဲ့ ယပ်ခပ်စရာ ဂျာနယ်ကိုပဲ တကယ် ပူအိုက်လို့ ယပ်ခပ်မိတာ အဘိုးအမြင်မှာတော့ ၀င်မခံစားနိုင်တာ အပြစ်မတင်ရက်တော့ပါ။
အဘိုးကိုလည်း ချမ်းအေးတာကို တစ်ယောက်တည်းခံစားနေလို့ သနားမိပါတယ် …..
လူတိုင်းရင်ထဲ ရင်ဘတ်ထဲမှာ ရာသီတွေ မတူညီတာကို ကျွန်မနားလည်မိပါသည်။
ကျွန်မ ပူအိုက်နေတာမျိုး အဘိုးကိုလည်း မခံစားစေချင်ပါ…
အပြင်မှာ ရာသီဥတုက ဘယ်လိုလဲ ကျွန်မ စဉ်းစားကြည့်နေမိပါသည်။
လူတွေများစွာမှာ ကိုယ်ပိုင်ခန္ဓာတွေရဲ့ အပူအအေးသဘောတွေ မတူညီတာကိုလည်း လက်ခံမိပါသည်။
ထိုအထဲမှာမှ အသက်အရွယ်မတူတဲ့အမြင်တွေ ကျွန်မ ခံစားနားလည်လိုက်ပါသည်။
ကံ၊ စိတ်၊ ဥတု၊ အာဟာရ ဟူသော ကျန်းမာရေးအမြင်တွေကိုလည်း ကျွန်မလေ့လာဖို့ ကြိုးစားရအုံးမည်။
နောက်ဆုံးတော့ လူတိုင်းလူတိုင်း အားလုံးအဆင်ပြေပါစေ လို့ ပဲ ဆုတောင်းနေမိတော့သည်။